အင်္ဂုတ္တရနိကာယ်
၃-အကမ္မနိယဝဂ်
၂၁။ ရဟန်းတို့ မပွါးများအပ်သေးသော၁ ဤစိတ်၂သည် ပြုခြင်းငှါ မသင့််လျော် မလွယ်ကူ၃ သကဲ့သို့၊ ဤအတူ ပြုခြင်းငှါ မသင့်လျော် မလွယ်ကူသော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မပွါးများအပ်သေးသော စိတ်သည် ပြုခြင်းငှါ မသင့်လျော် မလွယ်ကူဟု (မိန့်တော်မူ၏)။
ပဌမသုတ်။
၂၂။ ရဟန်းတို့ ပွါးများအပ်ပြီးသော၄ ဤစိတ်၅သည် ပြုခြင်းငှါ သင့််လျော် လွယ်ကူသကဲ့သို့၊ ဤအတူ ပြုခြင်းငှါ သင့်လျော်လွယ်ကူသော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ပွါးများအပ်ပြီးသော စိတ်သည် ပြုခြင်းငှါ သင့်လျော် လွယ်ကူ၏ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။
၂၃။ ရဟန်းတို့ မပွါးများအပ်သေးသော ဤစိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မပွါးများအပ်သေးသော စိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
တတိယသုတ်။
၂၄။ ရဟန်းတို့ ပွါးများအပ်ပြီးသော ဤစိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ပွါးများအပ်ပြီးသော စိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။
၂၅။ ရဟန်းတို့ မပွါးများအပ်သေးသော ထင်ရှားမဖြစ်ပေါ်သေးသော ဤစိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မပွါးများအပ်သေးသော ထင်ရှားမဖြစ်ပေါ်သေးသော စိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။
၂၆။ ရဟန်းတို့ ပွါးများအပ်ပြီးသော ထင်ရှားဖြစ်ပေါ်ပြီးသော ဤစိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ပွါးများအပ်ပြီးသော ထင်ရှားဖြစ်ပေါ်ပြီးသော စိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။
၂၇။ ရဟန်းတို့ မပွါးများအပ်သေးသော အဖန်ဖန် အလေ့အလာ မပြုအပ်သေးသော ဤစိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါ မမြင်။ ရဟန်းတို့ မပွါးများအပ်သေးသော အဖန်ဖန် အလေ့အလာ မပြုအပ် သေးသော စိတ်သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။
၂၈။ ရဟန်းတို့ ပွါးများအပ်ပြီးသော အဖန်ဖန် အလေ့အလာ ပြုအပ်ပြီးသော ဤစိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ပွါးများအပ်ပြီးသော အဖန်ဖန် အလေ့အလာ ပြုအပ်ပြီးသော စိတ်သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။
၂၉။ ရဟန်းတို့ မပွါးများအပ်သေးသော အဖန်ဖန် အလေ့အလာ မပြုအပ်သေးသော ဤစိတ်သည် ဆင်းရဲဒုက္ခကို ဆောင်သကဲ့သို့၊ ဤအတူ ဆင်းရဲဒုက္ခကို ဆောင်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါ မမြင်။ ရဟန်းတို့ မပွါးများအပ်သေးသော အဖန်ဖန် အလေ့အလာ မပြုအပ်သေးသော စိတ်သည် ဆင်းရဲဒုက္ခကို ဆောင်၏ဟု (မိန့်တော်မူ၏)။
နဝမသုတ်။
၃ဝ။ ရဟန်းတို့ ပွါးများအပ်ပြီးသော အဖန်ဖန် အလေ့အလာ ပြုအပ်ပြီးသော ဤစိတ်သည် ချမ်းသာသုခကို ဆောင်သကဲ့သို့၊ ဤအတူ ချမ်းသာသုခကို ဆောင်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါ မမြင်။ ရဟန်းတို့ ပွါးများအပ်ပြီးသော အဖန်ဖန် အလေ့အလာ ပြုအပ်ပြီးသော စိတ်သည် ချမ်းသာသုခကို ဆောင်၏ဟု (မိန့်တော်မူ၏)။
ဒသမသုတ်။
သုံးခုမြောက် အကမ္မနိယဝဂ် ပြီး၏။
၁။ ဘာဝနာ၏ အစွမ်းဖြင့် မပွါးများအပ်သေး မဖြစ်စေအပ်သေးသော။
၂။ ဝဋ်ဆင်းရဲ၌ အကျုံးဝင်သော လောကီစိတ်။
၃။ ပါဒကဈာန် ဝိပဿနာ မဂ် ဖိုလ် နိဗ္ဗာန်တို့သို့ ရောက်အောင် ပြုခြင်းငှါ မသင့်လျော် မလွယ်ကူ။
၄။ ဘာဝနာအစွမ်းဖြင့် ပွါးများအပ်ပြီး ဖြစ်စေအပ်ပြီးသော။
၅။ ဝဋ်ဆင်းရဲမှ ကင်းလွတ်သော လောကုတ္တရာစိတ်။