အင်္ဂုတ္တရနိကာယ်

၁၆-ဧကဓမ္မပါဠိ ၃-တတိယဝဂ်

၃ဝ၈။ ရဟန်းတို့ တစ်ယောက်သော ပုဂ္ဂိုလ်သည် လောက၌ ဖြစ်ပေါ်လာသော် လူအများ၏ အစီး အပွါးမဲ့ခြင်းငှါ လူအများ၏ ချမ်းသာမဲ့ခြင်းငှါ လူအများ၏ အကျိုးမဲ့ခြင်းငှါ နတ်လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ပေါ်လာ၏။ ထို တစ်ယောက်သောပုဂ္ဂိုလ်ဟူသည် အဘယ်နည်းဟူမူ— ဖောက်ပြန်သော အားဖြင့် မြင်တတ်သော မိစ္ဆာဒိဋ္ဌိအယူရှိသော ပုဂ္ဂိုလ်တည်း၊ ထို ပုဂ္ဂိုလ်သည် လူအများကို သူတော်ကောင်းတရားမှ ကင်းကွာစေ၍ မသူတော်တရား၌ တည်စေ၏။

ရဟန်းတို့ မိစ္ဆာဒိဋ္ဌိအယူရှိသော ဤပုဂ္ဂိုလ် တစ်ယောက် လောက၌ ဖြစ်ပေါ်လာသော် လူအများ၏ အစီးအပွါးမဲ့ခြင်းငှါ လူအများ၏ ချမ်းသာမဲ့ခြင်းငှါ လူအများ၏ အကျိုးမဲ့ခြင်းငှါ နတ်လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ (၁)

၃ဝ၉။ ရဟန်းတို့ တစ်ယောက်သော ပုဂ္ဂိုလ်သည် လောက၌ ဖြစ်ပေါ်လာသော် လူအများ၏ အစီး အပွါးရှိခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ လူအများ၏ အကျိုးရှိခြင်းငှါ နတ်လူတို့၏ အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ပေါ်လာ၏။ ထို တစ်ယောက်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်းဟူမူ— မဖောက်ပြန်သော အားဖြင့် မြင်တတ်သော သမ္မာဒိဋ္ဌိအယူရှိသော ပုဂ္ဂိုလ်တည်း၊ ထို ပုဂ္ဂိုလ်သည် လူအများကို မသူတော်တရားမှ ကင်းကွာစေ၍ သူတော်ကောင်းတရား၌ တည်စေ၏။ ရဟန်းတို့ သမ္မာဒိဋ္ဌိအယူရှိသော ဤပုဂ္ဂိုလ် တစ်ယောက် လောက၌ ဖြစ်ပေါ်လာသော် လူအများ၏ အစီးအပွါးရှိခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ လူအများ၏ အကျိုးရှိခြင်းငှါ နတ်လူတို့၏ အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ (၂)

၃၁ဝ။ ရဟန်းတို့ ဤမှားသောမြင်ခြင်း ‘မိစ္ဆာဒိဋ္ဌိ’သည် ကြီးလေးသော အပြစ်ရှိသကဲ့သို့၊ ဤအတူ ကြီးလေးသော အပြစ်ရှိသော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ကြီးလေးသော အပြစ်ရှိသော အကုသိုလ်ကံတို့သည် မိစ္ဆာဒိဋ္ဌိသာလျှင် လွန်ကဲခြင်းရှိကုန်၏ဟု (မိန့်တော်မူ၏)။ (၃)

၃၁၁။ ရဟန်းတို့ ဤ(မဂ်ဖိုလ်မှ) အချည်းနှီးသော ယောကျာ်းဖြစ်သော မက္ခလိဂေါသာလသည် လူအများ၏ အစီးအပွါးမဲ့ခြင်းငှါ လူအများ၏ ချမ်းသာမဲ့ခြင်းငှါ လူအများ၏ အကျိုးမဲ့ခြင်းငှါ နတ်လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ကျင့်သကဲ့သို့၊ ဤအတူ ကျင့်သော အခြား တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်ကိုမျှလည်း ငါ မမြင်။ ရဟန်းတို့ များစွာသော ငါးတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ အကျိုးမဲ့ခြင်းငှါ ပျက်စီးခြင်းငှါ မြစ်ဆုံမြစ်ဝ၌ မြှုံးကို ဖွဲ့နှောင်၍ ထားသကဲ့သို့၊ ဤအတူသာလျှင် များစွာ သော သတ္တဝါတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ အကျိုးမဲ့ခြင်းငှါ ပျက်စီးခြင်းငှါ (မဂ်ဖိုလ်မှ) အချည်းနှီးသော မက္ခလိဂေါသာလသည် လောက၌ ဖြစ်ပေါ်လာ၏ဟု (မိန့်တော်မူ၏)။ (၄)

၃၁၂။ ရဟန်းတို့ မကောင်းသဖြင့် ဟောအပ်သော သာသနာ၌ အကြင် ဆရာဖြစ်သူသည်လည်း ဆောက်တည်စေ၏၊ အကြင် တပည့်ဖြစ်သူကိုလည်း ဆောက်တည်စေ၏၊ ဆောက်တည်စေအပ်သော အကြင် တပည့်သည်လည်း ထို အဆုံးအမအတိုင်း ဖြစ်ခြင်းငှါ ကျင့်၏၊ ထို အလုံးစုံသော ဆရာ တပည့်တို့သည် များစွာသော မကောင်းမှုကို ဖြစ်ပွါးစေကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ— ရဟန်းတို့ တရားကို မကောင်းသဖြင့် ဟောအပ်သည်၏ အဖြစ်ကြောင့်တည်းဟု (မိန့်တော်မူ၏)။ (၅)

၃၁၃။ ရဟန်းတို့ ကောင်းစွာ ဟောအပ်သော သာသနာ၌ အကြင် ဆရာဖြစ်သူသည်လည်း ဆောက် တည်စေ၏၊ အကြင် တပည့်ဖြစ်သူကိုလည်း ဆောက်တည်စေ၏၊ ဆောက်တည်စေအပ်သော အကြင် တပည့်သည်လည်း ထို အဆုံးအမအတိုင်း ဖြစ်ခြင်းငှါ ကျင့်၏၊ ထို အလုံးစုံသော ဆရာ တပည့်တို့သည် များစွာ သော ကောင်းမှုကို ဖြစ်ပွါးစေကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ— ရဟန်းတို့ တရား ကို ကောင်းစွာ ဟောအပ်သည်၏ အဖြစ်ကြောင့်တည်းဟု (မိန့်တော်မူ၏)။ (၆)

၃၁၄။ ရဟန်းတို့ မကောင်းသဖြင့် ဟောအပ်သော သာသနာ၌ အလှူပေးပုဂ္ဂိုလ်သည် အတိုင်း အရှည်ကို သိရမည်၊ အလှူခံပုဂ္ဂိုလ်သည် အတိုင်းအရှည်ကို သိရန် မလိုပေ။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ— ရဟန်းတို့ တရားကို မကောင်းသဖြင့် ဟောအပ်သည်၏ အဖြစ်ကြောင့်တည်းဟု (မိန့်တော်မူ၏)။ (၇)

၃၁၅။ ရဟန်းတို့ ကောင်းစွာ ဟောအပ်သော သာသနာ၌ အလှူခံပုဂ္ဂိုလ်သည် အတိုင်းအရှည်ကို သိရမည်၊ အလှူပေးပုဂ္ဂိုလ်သည် အတိုင်းအရှည်ကို သိရန် မလိုပေ။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ— ရဟန်းတို့ တရားကို ကောင်းစွာ ဟောအပ်သည်၏ အဖြစ်ကြောင့်တည်းဟု (မိန့်တော်မူ၏)။ (၈)

၃၁၆။ ရဟန်းတို့ မကောင်းသဖြင့် ဟောအပ်သော သာသနာ၌ အကြင်သူသည် ထက်သန်သော လုံ့လရှိ၏၊ ထိုသူသည် ဆင်းရဲစွာ နေရ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ— ရဟန်းတို့ တရားကို မကောင်းသဖြင့် ဟောအပ်သည်၏ အဖြစ်ကြောင့်တည်းဟု (မိန့်တော်မူ၏)။ (၉)

၃၁၇။ ရဟန်းတို့ ကောင်းစွာ ဟောအပ်သော သာသနာ၌ အကြင်သူသည် ပျင်းရိ၏၊ ထိုသူသည် ဆင်းရဲစွာ နေရ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ— ရဟန်းတို့ တရားကို ကောင်းစွာ ဟောအပ်သည်၏ အဖြစ်ကြောင့်တည်းဟု (မိန့်တော်မူ၏)။ (၁ဝ)

၃၁၈။ ရဟန်းတို့ မကောင်းသဖြင့် ဟောအပ်သော သာသနာ၌ အကြင်သူသည် ပျင်းရိ၏၊ ထိုသူသည် ချမ်းသာစွာ နေရ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ— ရဟန်းတို့ တရားကို မကောင်းသဖြင့် ဟောအပ်သည်၏ အဖြစ်ကြောင့်တည်းဟု (မိန့်တော်မူ၏)။ (၁၁)

၃၁၉။ ရဟန်းတို့ ကောင်းစွာ ဟောအပ်သော သာသနာ၌ အကြင်သူသည် ထက်သန်သော လုံ့လ ရှိ၏၊ ထိုသူသည် ချမ်းသာစွာ နေရ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ— ရဟန်းတို့ တရားကို ကောင်းစွာ ဟောအပ်သည်၏ အဖြစ်ကြောင့်တည်းဟု (မိန့်တော်မူ၏)။ (၁၂)

၃၂ဝ။ ရဟန်းတို့ အနည်းငယ်မျှသော မစင်သည်လည်း မကောင်းသော အနံ့ရှိသကဲ့သို့၊ ရဟန်းတို့ ဤအတူပင် ငါသည် အနည်းငယ်မျှသော ဘဝကိုလည်း ချီးမွမ်းတော်မမူ၊ အယုတ်ဆုံးအားဖြင့် လက်ဖျစ်တစ်တီးကာလမျှသော ဘဝကိုလည်း ချီးမွမ်းတော်မမူဟု (မိန့်တော်မူ၏)။ (၁၃)

၃၂၁။ ရဟန်းတို့ အနည်းငယ်မျှသော ကျင်ငယ်သည်လည်း မကောင်းသော အနံ့ရှိသကဲ့သို့။ အနည်းငယ်မျှသော တံတွေးသည်လည်း မကောင်းသော အနံ့ရှိသကဲ့သို့။ အနည်းငယ်မျှသော ပြည်သည်လည်း မကောင်းသော အနံ့ရှိသကဲ့သို့။ အနည်းငယ်မျှသော သွေးသည်လည်း မကောင်းသော အနံ့ရှိ သကဲ့သို့၊ ရဟန်းတို့ ဤအတူပင်လျှင် ငါသည် အနည်းငယ်မျှသော ဘဝကိုလည်း ချီးမွမ်းတော်မမူ၊ အယုတ်ဆုံးအားဖြင့် လက်ဖျစ်တစ်တီး ကာလမျှသော ဘဝကိုလည်း ချီးမွမ်းတော်မမူဟု (မိန့်တော်မူ၏)။ (၁၄)

တတိယဝဂ် ပြီး၏။