အင်္ဂုတ္တရနိကာယ်
၅-ပဏိဟိတအစ္ဆဝဂ်
၄၁။ ရဟန်းတို့ ဥပမာသော်ကား မကောင်းသဖြင့် ထားအပ်သော၁ သလေးစပါးဆူးကို ဖြစ်စေ မုယော စပါးဆူးကိုဖြစ်စေ လက်ဖြင့် နှိပ်သော်လည်းကောင်း၊ ခြေဖြင့် နင်းသော် လည်းကောင်း၊ လက်ကိုသော်လည်းကောင်း၊ ခြေကိုသော်လည်းကောင်း စူးမူလည်း စူးလတ္တံ့၊ သွေးကို ဖြစ်စေမူလည်း ဖြစ်စေလတ္တံ့ဟူသော ဤအကြောင်းသည် မရှိ။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ဆူးကို မကောင်းသဖြင့် ထားအပ်သောကြောင့်ပေတည်း။ ရဟန်းတို့ ဤအတူပင် ထိုရဟန်းသည် မကောင်းသဖြင့် ထားအပ်သော စိတ်ဖြင့် အဝိဇ္ဇာ၂ကို စင်စစ် ခွဲဖျက်လတ္တံ့၊ ဝိဇ္ဇာ၃ကို ဖြစ်စေလတ္တံ့၊ နိဗ္ဗာန်ကို မျက် မှောက်ပြုလတ္တံ့ဟူသော ဤအကြောင်းသည် မရှိ။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ စိတ်ကို မကောင်းသဖြင့် ထားအပ်သောကြောင့်ပေတည်းဟု (မိန့်တော်မူ၏)။
ပဌမသုတ်။
၄၂။ ရဟန်းတို့ ဥပမာသော်ကား ကောင်းစွာ ထားအပ်သော သလေးစပါးဆူးကို ဖြစ်စေ မုယော စပါးဆူးကို ဖြစ်စေ လက်ဖြင့် နှိပ်သော်လည်းကောင်း၊ ခြေဖြင့် နင်းသော်လည်းကောင်း၊ လက်ကိုသော်လည်းကောင်း၊ ခြေကိုသော်လည်းကောင်း စူးမူလည်း စူးလတ္တံ ့၊ သွေးကို ဖြစ်စေမူလည်း ဖြစ်စေလတ္တံ့ဟူသော ဤအကြောင်းသည် ရှိ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ ဆူးကို ကောင်းစွာ ထားအပ်သောကြောင့်ပေတည်း။ ရဟန်းတို့ ဤအတူပင် ထိုရဟန်းသည် ကောင်းစွာ ထားအပ်သော စိတ်ဖြင့် အဝိဇ္ဇာ ကို စင်စစ် ခွဲဖျက်လတ္တံ့၊ ဝိဇ္ဇာ ကို ဖြစ်စေလတ္တံ့၊ နိဗ္ဗာန်ကို မျက်မှောက်ပြုလတ္တံ့ဟူသော ဤအကြောင်းသည် ရှိ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ စိတ်ကို ကောင်းစွာ ထားအပ်သောကြောင့်ပေတည်းဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။
၄၃။ ရဟန်းတို့ ဤလောက၌ (ဒေါသကြောင့်) ပျက်စီးသော စိတ်ရှိနေသော အချို့ပုဂ္ဂိုလ်ကို (ငါ၏) စိတ်ဖြင့် (ထိုသူ၏) စိတ်ကို ဤသို့ ပိုင်းခြား၍ သိ၏၊ ဤပုဂ္ဂိုလ်သည် ဤအခါ၌ အကယ်၍ သေငြားအံ့၊ ဆောင်ယူ၍ ချထားအပ်သကဲ့သို့၊ ဤအတူ ငရဲသို့ ရောက်ရမည်သာလျှင် ဖြစ်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ— ရဟန်းတို့ ထိုပုဂ္ဂိုလ်၏ စိတ်သည် ပျက်စီးသောကြောင့်တည်း။ ရဟန်းတို့ ဤသို့ စိတ်၏ ပျက်စီးခြင်းဟူသော အကြောင်းကြောင့် ဤလောက၌ အချို့သတ္တဝါတို့သည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာ ဖြစ်သော ငရဲ၌ ဖြစ်ရကုန်၏ဟု (မိန့်တော်မူ၏)။
တတိယသုတ်။
၄၄။ ရဟန်းတို့ ဤလောက၌ (သဒ္ဓါတရားကြောင့်) ကြည်လင်သော စိတ်ရှိနေသော အချို့ပုဂ္ဂိုလ်ကို (ငါ၏) စိတ်ဖြင့် (ထိုသူ၏) စိတ်ကို ဤသို့ ပိုင်းခြား၍ သိ၏၊ ဤပုဂ္ဂိုလ်သည် ဤအခါ၌ အကယ်၍ သေငြားအံ့၊ ဆောင်ယူ၍ ချထားအပ်သကဲ့သို့၊ ဤအတူ နတ်ပြည်သို့ ရောက်ရမည်သာလျှင် ဖြစ်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ— ရဟန်းတို့ ထိုပုဂ္ဂိုလ်၏ စိတ်သည် ကြည်လင်သောကြောင့်တည်း။ ရဟန်းတို့ ဤသို့ စိတ်၏ ကြည်လင်ခြင်းဟူသော အကြောင်းကြောင့် ဤလောက၌ အချို့သတ္တဝါ တို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်၌ ဖြစ်ရ ကုန်၏ဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။
၄၅။ ရဟန်းတို့ ဥပမာသော်ကား ရေအိုင်သည် နောက်ကျု၏၊ ဘောက်ဘက်ခတ်၏၊ ညွန်အနည် ထ၏၊ မျက်စိအမြင်ရှိသော ယောကျာ်းသည် ကမ်းနား၌ ရပ်၍ ထို ရေအိုင်၌ သွားနေသည်လည်းဖြစ်သော ရပ်တည်နေသည်လည်းဖြစ်သော ယောက်သွား ခရုကိုလည်းကောင်း၊ ကျောက်စရစ် အိုးခြမ်းကွဲကိုလည်းကောင်း၊ ငါးအပေါင်းကိုလည်းကောင်း မမြင်နိုင်ရာ။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ— ရဟန်းတို့ ရေ၏ နောက်ကျုနေခြင်းကြောင့်တည်း။ ရဟန်းတို့ ဤအတူပင် ထိုရဟန်းသည် နောက်ကျု သော စိတ်ဖြင့် စင်စစ် မိမိအကျိုးကိုလည်း သိလတ္တံ့၊ သူတစ်ပါးအကျိုးကိုလည်း သိလတ္တံ့၊ နှစ်ပါးစုံ အကျိုးကိုလည်း သိလတ္တံ့၊ အရိယာတို့အား လျောက်ပတ်သော ဉာဏ်အမြင် အထူးဖြစ်သော လူတို့၏ ကုသိုလ်ကမ္မပထတရားဆယ်ပါးထက် လွန်မြတ်သော (ဈာန် မဂ် ဖိုလ်)တရားကိုလည်း မျက်မှောက်ပြု လတ္တံ့ဟူသော ဤအကြောင်းသည် မရှိ။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ— ရဟန်းတို့ စိတ်၏ နောက်ကျုနေခြင်းကြောင့်တည်းဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။
၄၆။ ရဟန်းတို့ ဥပမာသော်ကား ရေအိုင်သည် ကြည်လင်၏၊ သန့်ရှင်း၏၊ နောက်ကျုခြင်း ကင်း၏၊ မျက်စိအမြင်ရှိသော ယောကျာ်းသည် ကမ်းနား၌ ရပ်၍ ထို ရေအိုင်၌ သွားနေသည်လည်းဖြစ်သော ရပ်တည်နေသည်လည်းဖြစ်သော ယောက်သွား ခရုကိုလည်းကောင်း၊ ကျောက်စရစ် အိုးခြမ်းကွဲကိုလည်းကောင်း၊ ငါးအပေါင်းကိုလည်းကောင်း မြင်နိုင်ရာ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ— ရဟန်းတို့ ရေ၏ မနောက်ကျုခြင်းကြောင့်တည်း။ ရဟန်းတို့ ဤအတူပင် ထိုရဟန်းသည် မနောက်ကျု သော စိတ်ဖြင့် စင်စစ် မိမိအကျိုးကိုလည်း သိလတ္တံ့၊ သူတစ်ပါးအကျိုးကိုလည်း သိလတ္တံ့၊ နှစ်ပါးစုံ အကျိုးကိုလည်း သိလတ္တံ့၊ အရိယာပုဂ္ဂိုလ်တို့အား လျောက်ပတ်သော ဉာဏ်အမြင်အထူးဖြစ်သော လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော (ဈာန် မဂ် ဖိုလ်)တရားကိုလည်း မျက်မှောက် ပြုလတ္တံ့ဟူသော ဤအကြောင်းသည် ရှိ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ— ရဟန်းတို့ စိတ်၏ မနောက်ကျုခြင်းကြောင့်တည်းဟု (မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။
၄၇။ ရဟန်းတို့ ဥပမာသော်ကား အမှတ်မရှိကုန်သော သစ်ပင်မျိုးတို့သည် ရှိကြကုန်၏၊ ထို သစ်ပင်မျိုးတို့တွင် ကြို့ပင်ကို နူးညံ့သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ ပြုခြင်းငှါ သင့်လျော် လွယ် ကူသည့်အဖြစ်ကြောင့်လည်းကောင်း အကောင်းဆုံးဟု ဆိုအပ်၏။ ရဟန်းတို့ ဤအတူပင် ပွါးများအပ်ပြီးသော အဖန်ဖန် အလေ့အလာပြုအပ်ပြီးသော ဤစိတ်သည် နူးညံ့သည်လည်း ဖြစ်သကဲ့သို့၊ ပြုခြင်းငှါ သင့်လျော်လွယ်ကူသည်လည်း ဖြစ်သကဲ့သို့ ဤအတူ နူးညံ့သည်လည်းဖြစ်သော ပြုခြင်းငှါ သင့်လျော် လွယ်ကူသည်လည်းဖြစ်သော အခြား တစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ပွါးများအပ်သော အဖန်ဖန် အလေ့အလာပြုအပ်သော စိတ်သည် နူးညံ့သည်လည်း ဖြစ်၏၊ ပြုခြင်းငှါ သင့်လျော် လွယ်ကူသည်လည်း ဖြစ်၏ဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။
၄၈။ ရဟန်းတို့ ဤစိတ်သည် လျင်မြန်စွာ ပြောင်းလဲသကဲ့သို့ ဤအတူ လျင်မြန်စွာ ပြောင်းလဲ တတ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ စိတ်သည် အလွန်လျင်မြန်စွာ ပြောင်းလဲတတ်၏၊ ဥပမာပြုရန် မလွယ်ဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။
၄၉။ ရဟန်းတို့ ဤ(ဘဝင်) စိတ်သည် ပြိုးပြိုးပြက် တောက်ပ၏၊ ထို စိတ်သည်ပင် (အကုသိုလ်ဇော ခဏ၌) ဧည့်သည်သဖွယ် ဖြစ်ကုန်သော ညစ်ညူးကြောင်း ကိလေသာတို့ကြောင့် ညစ်ညူးရ၏ဟု (မိန့်တော်မူ၏)။
နဝမသုတ်။
၅ဝ။ ရဟန်းတို့ ဤ(ဘဝင်) စိတ်သည် ပြိုးပြိုးပြက် တောက်ပ၏၊ ထို စိတ်သည်ပင် (ကုသိုလ် ဇောခဏ၌) ဧည့်သည်သဖွယ် ဖြစ်ကုန်သော ညစ်ညူးကြောင်း ကိလေသာတို့မှ ကင်းလွတ်၏ဟု (မိန့်တော်မူ၏)။
ဒသမသုတ်။
ငါးခုမြောက်ပဏိဟိတအစ္ဆဝဂ် ပြီး၏။
၁။ စူးလတ္တံ့သော အခြင်းအရာဖြင့် ဆူးအဖျားကို အထက်သို့ ထောင်မထားခြင်းကို ဆိုသည်။
၂။ သစ္စာလေးပါးကို မသိမြင်အောင် ဖုံးလွှမ်းသော မောဟမှောင်တိုက်။
၃။ မောဟမှောင်တိုက်ကို ဖောက်၍ သိမြင်သော အရဟတ္တဖိုလ်ဉာဏ်။