အင်္ဂုတ္တရနိကာယ်

၆-အစ္ဆရာသင်္ဃာတဝဂ်

၅၁။ ရဟန်းတို့ ဤ(ဘဝင်) စိတ်သည် ပြိုးပြိုးပြက် တောက်ပ၏၊ ထို စိတ်သည်ပင် (အကုသိုလ်ဇော ခဏ၌) ဧည့်သည်သဖွယ်ဖြစ်ကုန်သော ညစ်ညူးကြောင်း ကိလေသာတို့ကြောင့် ညစ်ညူးရ၏၊ ထို (အခြင်းအရာ) ကို အကြားအမြင်မရှိသော ပုထုဇဉ်ပုဂ္ဂိုလ်သည် ဟုတ်တိုင်းမှန်စွာ မသိ၊ ထို့ကြောင့် “အကြားအမြင်မရှိသော ပုထုဇဉ်ပုဂ္ဂိုလ်၁အား စိတ်ကို ပွါးများခြင်း မရှိ”ဟု ငါဆို၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

၅၂။ ရဟန်းတို့ ဤ(ဘဝင်) စိတ်သည် ပြိုးပြိုးပြက် တောက်ပ၏၊ ထို စိတ်သည်ပင် (ကုသိုလ် ဇောခဏ၌) ဧည့်သည်သဖွယ်ဖြစ်ကုန်သော ညစ်ညူးကြောင်း ကိလေသာတို့မှ ကင်းလွတ်၏၊ ထို (အခြင်းအရာ) ကို အကြားအမြင်ရှိသော အရိယာသာဝက၂သည် ဟုတ်တိုင်းမှန်စွာ သိ၏၊ ထို့ကြောင့် “အကြား အမြင်ရှိသော အရိယာသာဝကအား စိတ်ကို ပွါးများခြင်း ရှိ၏”ဟု ငါဆို၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

၅၃။ ရဟန်းတို့ ရဟန်းသည် လက်ဖျစ်တစ်တွက်ခန့်မျှလည်း မေတ္တာနှင့်ယှဉ်သော စိတ်ကို အကယ်၍ မှီဝဲအံ့။ ရဟန်းတို့ ဤရဟန်းသည် ဈာန်မှ ဆိတ်သုဉ်းခြင်းမရှိမူ၍ နေသူ၊ မြတ်စွာဘုရား၏ သွန်သင်မှုကို လိုက်နာ၍ နေသူ၊ အဆုံးအမကို လိုက်နာ၍ နေသူ၊ တိုင်းသူပြည်သားတို့ ပေးလှူသော ဆွမ်းကို အချည်းနှီး မဖြစ်စေမူ၍ သုံးဆောင်သူဟု ဆိုထိုက်၏။ ထို မေတ္တာနှင့်ယှဉ်သော စိတ်ကို အဖန်ဖန် အလေ့အလာပြုကုန်သော ရဟန်းတို့ကိုမူကား အဘယ်ဆိုဖွယ်ရာ ရှိပါအံ့နည်းဟု (မိန့်တော်မူ၏)။

တတိယသုတ်။

၅၄။ ရဟန်းတို့ ရဟန်းသည် လက်ဖျစ်တစ်တွက်ခန့်မျှလည်း မေတ္တာနှင့်ယှဉ်သော စိတ်ကို အကယ်၍ ပွါးများအံ့။ ရဟန်းတို့ ဤရဟန်းသည် ဈာန်မှ ဆိတ်သုဉ်းခြင်းမရှိမူ၍ နေသူ၊ မြတ်စွာဘုရား၏ သွန်သင်မှုကို လိုက်နာ၍ နေသူ၊ အဆုံးအမကို လိုက်နာ၍ နေသူ၊ တိုင်းသူပြည်သားတို့ ပေးလှူသော ဆွမ်းကို အချည်းနှီး မဖြစ်စေမူ၍ သုံးဆောင်သူဟု ဆိုထိုက်၏။ ထို မေတ္တာနှင့်ယှဉ်သော စိတ်ကို အဖန်ဖန် အလေ့အလာပြုကုန်သော ရဟန်းတို့ကိုမူကား အဘယ်ဆိုဖွယ်ရာ ရှိပါအံ့နည်းဟု (မိန့်တော်မူ၏)။

စတုတ္တသုတ်။

၅၅။ ရဟန်းတို့ ရဟန်းသည် လက်ဖျစ်တစ်တွက်ခန့်မျှလည်း မေတ္တာနှင့်ယှဉ်သော စိတ်ကို အကယ်၍ နှလုံးသွင်းအံ့။ ရဟန်းတို့ ဤရဟန်းသည် ဈာန်မှ ဆိတ်သုဉ်းခြင်းမရှိမူ၍ နေသူ၊ မြတ်စွာဘုရား၏ သွန်သင်မှုကို လိုက်နာ၍ နေသူ၊ အဆုံးအမကို လိုက်နာ၍ နေသူ၊ တိုင်းသူပြည်သားတို့ ပေးလှူသော ဆွမ်းကို အချည်းနှီး မဖြစ်စေမူ၍ သုံးဆောင်သူဟု ဆိုထိုက်၏။ ထို မေတ္တာနှင့်ယှဉ်သော စိတ်ကို အဖန်ဖန် အလေ့အလာပြုကုန်သော ရဟန်းတို့ကိုမူကား အဘယ်ဆိုဖွယ်ရာ ရှိပါအံ့နည်းဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

၅၆။ ရဟန်းတို့ အကုသိုလ်ကို မှီ၍ ဖြစ်ကုန်သော အကုသိုလ်အသင်းဝင်ဖြစ်ကုန်သော အကုသိုလ်ဟူ သမျှ အားလုံးတို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏၊ ထိုတရားတို့တွင် စိတ်သည် ရှေးဦးစွာ ဖြစ်၏၊ အကုသိုလ်တရားတို့သည် အတူတကွ လိုက်၍သာလျှင် ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

၅၇။ ရဟန်းတို့ ကုသိုလ်ကို မှီ၍ ဖြစ်ကုန်သော ကုသိုလ်အသင်းဝင်ဖြစ်ကုန်သော ကုသိုလ်ဟူသမျှ အားလုံးတို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏၊ ထိုတရားတို့တွင် စိတ်သည် ရှေးဦးစွာ ဖြစ်၏၊ ကုသိုလ်တရားတို့သည် အတူတကွ လိုက်၍သာလျှင် ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

၅၈။ ရဟန်းတို့ ဤမေ့လျော့ခြင်း ‘ပမာဒ’၃တရားသည် မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်းဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မေ့လျော့သောသူအား မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

၅၉။ ရဟန်းတို့ ဤမမေ့မလျော့ခြင်း ‘အပ္ပမာဒ’တရားသည် မဖြစ်ပေါ်သေးသော ကုသိုလ်တရား တို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်းဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မမေ့မလျော့သောသူအား မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။

၆ဝ။ ရဟန်းတို့ ဤပျင်းရိခြင်း ‘ကောသဇ္ဇ’တရားသည် မဖြစ်ပေါ်သေးသော အကုသိုလ်တရား တို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သ ကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့၏လည်း ဆုတ်ယုတ်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ပျင်းရိသောသူအား မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ခြောက်ခုမြောက် အစ္ဆရာသင်္ဃာတဝဂ် ပြီး၏။

၁။ ဒိဋ္ဌိ ဝိစိကိစ္ဆာ စသော ကိလေသာတို့ဖြင့် ရစ်ပတ် ဖုံးလွှမ်းနေသော ပုဂ္ဂိုလ်။

၂။ ရဟန်းဖြစ်စေ လူဖြစ်စေ မဂ် ဖိုလ် ဆိုက်ရောက်ပြီးသော မြတ်စွာဘုရား၏ တပည့်သားအပေါင်း။

၃။ ဒုစရိုက်တရားတို့၌လည်းကောင်း ကာမဂုဏ်ငါးပါးတို့၌လည်းကောင်း စိတ်ကို စွန့်လွှတ်၍ထားခြင်း၊ ကုသိုလ်တို့၏ ဖြစ်ပေါ်ခြင်းငှါ ဆန္ဒမရှိခြင်း ဆုတ်နစ်ခြင်း မေ့လျော့ခြင်း။