အင်္ဂုတ္တရနိကာယ်

၁-အာနိသံသဝဂ်

၁ဝ-ဝိဇ္ဇာသုတ်

၁ဝ။ ရဟန်းတို့ ရဟန်းသည် သဒ္ဓါတရား ရှိ၏၊ သီလကား မရှိ။ ဤသို့ဖြစ်သော် ထိုရဟန်းသည် ထိုအင်္ဂါနှင့် မပြည့်စုံ။ ထိုရဟန်းသည် “ငါသည် အဘယ်သို့လျှင် သဒ္ဓါတရားရှိသူသည်လည်းကောင်း၊ သီလရှိသူသည်လည်းကောင်း ဖြစ်ရပါအံ့နည်း”ဟု ထိုအင်္ဂါကို ပြည့်စုံစေအပ်၏။ ရဟန်းတို့ အကြင်အခါ ၌ကား ရဟန်းသည် သဒ္ဓါတရားလည်း ရှိ၏၊ သီလလည်း ရှိ၏။ ဤသို့ဖြစ်သော် ထိုရဟန်းသည် ထိုအင်္ဂါနှင့် ပြည့်စုံ၏။

ရဟန်းတို့ ရဟန်းသည် သဒ္ဓါတရားလည်း ရှိ၏၊ သီလလည်း ရှိ၏၊ အကြားအမြင်ကား မရှိ၊ အကြားအမြင်လည်း ရှိ၏။ ဓမ္မကထိကကား မဟုတ်။ပ။ ဓမ္မကထိကလည်းဟုတ်၏၊ ပရိသတ်၌ ကျက်စားသူကား မဟုတ်။ ပရိသတ်၌ ကျက်စားသူလည်းဟုတ်၏၊ ရဲရဲရင့်ရင့်ကား ပရိသတ်၌ တရား မဟောနိုင်။ ရဲရဲရင့်ရင့်လည်း ပရိသတ်၌ တရားဟောနိုင်၏၊ ဝိနည်းဓိုရ်ကား မဟုတ်။ ဝိနည်းဓိုရ်လည်းဟုတ်၏၊ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း။ပ။ ဤသို့ အခြင်းအရာနှင့်တကွ ညွှန်ပြ ဖွယ် (အမည်အနွယ်)နှင့်တကွ များစွာသော ရှေး၌ နေဖူးသည့် ခန္ဓာအစဉ်ကို မအောက်မေ့နိုင်။ များစွာသော။ပ။ ရှေး၌ နေဖူးသည့် ခန္ဓာအစဉ်ကိုလည်း အောက်မေ့နိုင်၏၊ လူတို့၏ မျက်စိအမြင်ထက်သာ လွန်သော စင်ကြယ်သော နတ်မျက်စိနှင့်တူသော မျက်စိဖြင့်။ပ။ ကံအားလျော်စွာဖြစ်သော သတ္တဝါတို့ကိုကား ခွဲခြား၍ မသိ။ လူတို့၏ မျက်စိအမြင်ထက် သာလွန်သော အထူးသဖြင့် စင်ကြယ်သော နတ် မျက်စိနှင့်တူသော မျက်စိဖြင့်။ပ။ ကံအားလျော်စွာဖြစ်သော သတ္တဝါတို့ကိုကား ခွဲခြား၍ သိ၏၊ အာသဝေါ တရားတို့၏ ကုန်ခြင်းကြောင့်။ပ။ မျက်မှောက်ပြုကာ ရောက်၍ မနေ။ ဤသို့ဖြစ်သော် ထိုရဟန်းသည် ထိုအင်္ဂါနှင့် မပြည့်စုံ။

ထို့ကြောင့်”ငါသည် အဘယ်သို့လျှင် သဒ္ဓါတရားရှိသူသည်လည်းကောင်း၊ သီလရှိသူသည်လည်းကောင်း၊ အကြားအမြင်များသူသည်လည်းကောင်း၊ ဓမ္မကထိကသည်လည်းကောင်း၊ ပရိသတ်၌ ကျက်စားသူ သည်လည်းကောင်း၊ ပရိသတ်၌ ရဲရဲရင့်ရင့် တရားဟောသူသည်လည်းကောင်း၊ ဝိနည်းဓိုရ်သည်လည်းကောင်း ဖြစ်ရပါအံ့နည်း၊ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း။ပ။ ဤသို့ အခြင်း အရာနှင့် တကွ ညွှန်ပြဖွယ် (အမည်အနွယ်)နှင့် တကွ တစ်ပါးမက (များစွာ) သော ရှေး၌နေဖူးသည့် ခန္ဓာ အစဉ်ကို အောက်မေ့နိုင်သူသည်လည်းကောင်း လူတို့၏ မျက်စိအမြင်ထက်သာ လွန်သော အထူးသဖြင့် စင်ကြယ်သော နတ်မျက်စိနှင့် တူသော မျက်စိဖြင့်။ပ။ ကံအားလျော်စွာဖြစ်သော သတ္တဝါတို့ကို ခွဲခြား၍ သိသူသည်လည်းကောင်း ဖြစ်ရပါအံ့နည်း၊ အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့်။ပ။ မျက်မှောက်ပြုကာ ရောက်၍ နေသူသည်လည်းကောင်း ဖြစ်ရပါအံ့နည်း”ဟု ထိုအင်္ဂါကို ပြည့်စုံစေအပ်၏။ ရဟန်းတို့ အကြင်အခါ၌ ရဟန်းသည် သဒ္ဓါတရားလည်း ရှိ၏၊ သီလလည်း ရှိ၏၊ အကြားအမြင် လည်း များ၏။ ဓမ္မကထိကလည်းဟုတ်၏၊ ပရိသတ်၌လည်း ကျက်စား၏၊ ပရိသတ်၌ ရဲရဲရင့်ရင့်လည်း တရားဟော၏၊ ဝိနည်းဓိုရ်လည်းဟုတ်၏၊ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း။ပ။ ဤသို့ အခြင်းအရာနှင့် တကွ ညွှန်ပြဖွယ် (အမည်အနွယ်)နှင့်တကွ များစွာသော ရှေး၌ နေဖူးသည့် ခန္ဓာ အစဉ်ကိုလည်း အောက်မေ့နိုင်၏၊ လူတို့၏ မျက်စိအမြင်ထက် သာလွန်သော အထူးသဖြင့် စင်ကြယ်သော နတ်မျက်စိနှင့်တူသော မျက်စိဖြင့်။ပ။ ကံအားလျော်စွာဖြစ်သော သတ္တဝါတို့ကိုလည်း ခွဲခြား၍ သိ၏၊ အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါမရှိသော လွတ်မြောက်သော ‘အရဟတ္တဖိုလ်’စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကိုလည်း ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ရောက်၍ နေ၏။ ဤသို့ဖြစ်သော် ထိုရဟန်းသည် ထိုအင်္ဂါနှင့် ပြည့်စုံ၏။ ရဟန်းတို့ ဤတရားဆယ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ထက်ဝန်းကျင် ကြည်ညိုဖွယ်ရှိသူ သည်လည်းကောင်း၊ အခြင်းအရာအားလုံးနှင့် ပြည့်စုံသူသည်လည်းကောင်း ဖြစ်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ရှေးဦးစွာသော အာနိသံသဝဂ် ပြီး၏။