အင်္ဂုတ္တရနိကာယ်

(၁၁) ၁-သမဏသညာဝဂ်

၇-ဓောဝနသုတ်

၁ဝ၇။ ရဟန်းတို့ ဒက္ခိဏတိုင်း ဇနပုဒ်တို့၌ (အရိုး) ဆေးပွဲမည်သည် ရှိ၏၊ ထို (အရိုး) ဆေးပွဲ၌ ထမင်းသည်လည်းကောင်း၊ အဖျော်သည်လည်းကောင်း၊ ခဲဖွယ်သည်လည်းကောင်း၊ စားဖွယ်သည်လည်းကောင်း၊ လျက်ဖွယ်သည်လည်းကောင်း၊ သောက်ဖွယ်သည်လည်းကောင်း၊ ကခြင်းသည်လည်းကောင်း၊ သီဆိုခြင်းသည်လည်းကောင်း၊ တီးမှုတ်ခြင်းသည်လည်းကောင်း ဖြစ်၏။ ရဟန်းတို့ ထို (အရိုး) ဆေးပွဲသည် ရှိ၏၊ ထို (အရိုး) ဆေးပွဲ မရှိဟု ငါ မဆို။ ရဟန်းတို့ ထို (အရိုး) ဆေးပွဲသည်ကား ယုတ်နိမ့်၏၊ ရွာ အလေ့ဖြစ်၏၊ ပုထုဇဉ်တို့ အလုပ်ဖြစ်၏၊ အရိယာတို့ အလုပ်မဟုတ်၊ စီးပွါးမဲ့နှင့် စပ်၏၊ ငြီးငွေ့ရန် တပ်ခြင်းကင်းရန် ချုပ်ရန် ငြိမ်းရန် အထူးသိရန် အမှန်သိရန် (တဏှာမှ) ထွက်မြောက်ရန် နိဗ္ဗာန်အလို့ငှါ မဖြစ်။

ရဟန်းတို့ ငါသည်ကား အရိယာတို့၏ ဆေးကြောပွဲကို ဟောပေအံ့၊ ယင်းဆေးကြောပွဲသည် စင်စစ် ငြီးငွေ့ရန် ရာဂကင်းရန် ချုပ်ရန် ငြိမ်းရန် အထူးသိရန် အမှန်သိရန် (တဏှာမှ) ထွက်မြောက်ရန် နိဗ္ဗာန်အလို့ငှါ ဖြစ်၏၊ ယင်းဆေးကြောပွဲကို စွဲ၍ ပဋိသန္ဓေနေခြင်းသဘောရှိသော သတ္တဝါတို့သည် ပဋိသန္ဓေနေခြင်းမှ လွတ်မြောက်ကုန်၏၊ အိုခြင်းသဘောရှိသော သတ္တဝါတို့သည် အိုခြင်းမှ လွတ်မြောက်ကုန်၏၊ သေခြင်းသဘောရှိသော သတ္တဝါတို့သည် သေခြင်းမှ လွတ်မြောက်ကုန်၏၊ စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်း ပြင်းစွာပင်ပန်းခြင်းသဘောရှိသော သတ္တဝါတို့သည် စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်း ပြင်းစွာပင်ပန်းခြင်းမှ လွတ်မြောက်ကုန်၏၊ ထိုတရားကို နာကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောပေအံ့ဟု (မိန့်တော်မူ၏)။

“အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကုန်၏။ မြတ်စွာဘုရား သည် ဤစကားကို မိန့်တော်မူ၏—

ရဟန်းတို့ အရိယာတို့၏ ဆေးကြောပွဲဟူသည် အဘယ်နည်း၊ ယင်းဆေးကြောပွဲသည် စင်စစ် ငြီးငွေ့ရန် ရာဂကင်းရန် ချုပ်ရန် ငြိမ်းရန် အထူးသိရန် အမှန်သိရန် (တဏှာမှ) ထွက်မြောက်ရန် နိဗ္ဗာန် အလို့ငှါ ဖြစ်၏၊ ယင်းဆေးကြောပွဲကို စွဲ၍ ပဋိသန္ဓေနေခြင်းသဘောရှိသော သတ္တဝါတို့သည် ပဋိသန္ဓေ နေခြင်းမှ လွတ်မြောက်ကုန်၏၊ အိုခြင်းသဘောရှိသော သတ္တဝါတို့သည် အိုခြင်းမှ လွတ်မြောက်ကုန်၏၊ သေခြင်းသဘောရှိသော သတ္တဝါတို့သည် သေခြင်းမှ လွတ်မြောက်ကုန်၏၊ စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်း ပြင်းစွာပင်ပန်းခြင်း သဘောရှိသော သတ္တဝါတို့သည် စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်း ပြင်းစွာပင်ပန်းခြင်းမှ လွတ်မြောက်ကုန်၏။ ရဟန်းတို့ မှန်ကန်သော အမြင်ရှိသူအား မှားယွင်းသော အမြင်သည် ဆေးကြောပြီး ဖြစ်၏။ မှားယွင်းသော အမြင်ဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် များစွာကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ထိုသူအား ဆေးကြောပြီး ဖြစ်ကုန်၏။ မှန်ကန်သော အမြင်ဟူသော အကြောင်း ကြောင့်လည်း များစွာသော ကုသိုလ်တရားတို့သည် ပွါးများပြည့်စုံခြင်းသို့ ရောက်ကုန်၏။

ရဟန်းတို့ မှန်ကန်သော အကြံအစည်ရှိသူအား မှားယွင်းသော အကြံအစည်သည် ဆေးကြောပြီး ဖြစ်၏။ပ။

ရဟန်းတို့ မှန်ကန်သော စကားရှိသူအား မှားယွင်းသော စကားသည် ဆေးကြောပြီး ဖြစ်၏။ ရဟန်းတို့ မှန်ကန်သော အလုပ်ရှိသူအား မှားယွင်းသော အလုပ်သည် ဆေးကြောပြီး ဖြစ်၏။ ရဟန်းတို့ မှန်ကန်သော အသက်မွေးမှုရှိသူအား မှားယွင်းသော အသက်မွေးမှုသည် ဆေးကြောပြီး ဖြစ်၏။ ရဟန်းတို့ မှန်ကန်သော လုံ့လရှိသူအား မှားယွင်းသော လုံ့လသည် ဆေးကြောပြီး ဖြစ်၏။ ရဟန်းတို့ မှန်ကန်သော သတိရှိသူအား မှားယွင်းသော သတိသည် ဆေးကြောပြီး ဖြစ်၏။ ရဟန်းတို့ မှန်ကန်သော သမာဓိရှိသူအား မှားယွင်းသော သမာဓိသည် ဆေးကြောပြီး ဖြစ်၏။ ရဟန်းတို့ မှန်ကန်သော ဉာဏ်ရှိသူအား မှားယွင်းသော ဉာဏ်သည် ဆေးကြောပြီး ဖြစ်၏။ပ။

ရဟန်းတို့ မှန်ကန်သော လွတ်မြောက်မှုရှိသူအား မှားယွင်းသော လွတ်မြောက်မှုသည် ဆေးကြော ပြီးဖြစ်၏။ မှားယွင်းသော လွတ်မြောက်မှုဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် များစွာကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ထိုသူအား ဆေးကြောပြီး ဖြစ်ကုန်၏။ မှန်ကန်သော လွတ်မြောက်မှုဟူသော အကြောင်းကြောင့်လည်း များစွာကုန်သော ကုသိုလ်တရားတို့သည် ပွါးများ ပြည့်စုံခြင်းသို့ ရောက်ကုန်၏။ ရဟန်းတို့ ဤအရိယာတို့၏ ဆေးကြောပွဲသည်ကား စင်စစ် ငြီးငွေ့ရန် ရာဂကင်းရန် ချုပ်ရန် ငြိမ်းရန် အထူးသိရန် အမှန်သိရန် (တဏှာမှ) ထွက်မြောက်ရန် နိဗ္ဗာန်အလို့ငှါ ဖြစ်၏၊ ယင်းဆေးကြော ပွဲကို စွဲ၍ ပဋိသန္ဓေ နေခြင်းသဘောရှိသော သတ္တဝါတို့သည် ပဋိသန္ဓေနေခြင်းမှ လွတ်မြောက်ကုန်၏၊ အိုခြင်းသဘောရှိသော သတ္တဝါတို့သည် အိုခြင်းမှ လွတ်မြောက်ကုန်၏၊ သေခြင်းသဘောရှိသော သတ္တဝါတို့သည် သေခြင်းမှ လွတ်မြောက်ကုန်၏၊ စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်း ပြင်းစွာပင်ပန်းခြင်းသဘောရှိသော သတ္တဝါတို့သည် စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်း ပြင်းစွာပင်ပန်းခြင်းတို့မှ လွတ်မြောက်ကုန်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။