အင်္ဂုတ္တရနိကာယ်

(၁၁) ၁-သမဏသညာဝဂ်

၉-ဝမနသုတ်

၁ဝ၉။ ရဟန်းတို့ ဆေးသမားတို့သည် သည်းခြေကြောင့်ဖြစ်သော အနာတို့ကို ပျောက်စေခြင်း ငှါလည်းကောင်း၊ သလိပ်ကြောင့်ဖြစ်သော အနာတို့ကို ပျောက်စေခြင်းငှါလည်းကောင်း၊ လေကြောင့်ဖြစ်သော အနာတို့ကို ပျောက်စေခြင်းငှါလည်းကောင်း အန်ဆေးကို ပေးကုန်၏။ ရဟန်းတို့ ထိုအန်ဆေးဟူသည် ရှိသည်သာတည်း၊ ထိုဆေး မရှိဟု (ငါ) မဆို။ ရဟန်းတို့ ထိုအန်ဆေးသည်ကား(ကိစ္စ) ပြီးသည်လည်း ရှိ၏၊ မပြီးသည်လည်း ရှိ၏။ ရဟန်းတို့ ငါသည်ကား အပြစ်ကို အန်စေတတ်သော မြတ်သော (တရားဟူသော) အန်ဆေးကို ဟောပေအံ့၊ ယင်းအန်ဆေးသည် (ကိစ္စ) ပြီးသည်သာတည်း၊ မပြီးသည် မဟုတ်။ ယင်းအန်ဆေးကို စွဲ၍ ပဋိသန္ဓေနေခြင်း သဘောရှိသော သတ္တဝါတို့သည် ပဋိသန္ဓေနေခြင်းမှ လွတ်မြောက်ကုန်၏၊ အိုခြင်း သဘောရှိသော သတ္တဝါတို့သည် အိုခြင်းမှ လွတ်မြောက်ကုန်၏၊ သေခြင်းသဘောရှိသော သတ္တဝါတို့သည် သေခြင်းမှ လွတ်မြောက်ကုန်၏၊ စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်း ပြင်းစွာ ပင်ပန်းခြင်းသဘောရှိသော သတ္တဝါတို့သည် စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်း ပြင်းစွာပင်ပန်းခြင်းတို့မှ လွတ်မြောက်ကုန်၏။ ထိုတရားကို နာကုန်လော့။ပ။

ရဟန်းတို့ မြတ်သော အန်ဆေးဟူသည် အဘယ်နည်း၊ ယင်းအန်ဆေးသည် (ကိစ္စ) ပြီးသည် သာတည်း၊ မပြီးသည် မဟုတ်။ ယင်းအန်ဆေးကို စွဲ၍ ပဋိသန္ဓေနေခြင်းသဘောရှိသော သတ္တဝါတို့သည် ပဋိသန္ဓေနေခြင်းမှ လွတ်မြောက်ကုန်၏။ပ။ စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်း ပြင်းစွာပင်ပန်းခြင်းသဘောရှိသော သတ္တဝါတို့သည် စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်း ပြင်းစွာပင်ပန်းခြင်းတို့မှ လွတ်မြောက်ကုန်၏။ ရဟန်းတို့ မှန်ကန်သော အမြင်ရှိသောသတ္တဝါအား မှားယွင်းသော အမြင်သည် အန်ပြီး ဖြစ်၏။ မှားယွင်းသော အမြင်ဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် များစွာကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ထိုသူအား အန်ပြီး ဖြစ်ကုန်၏။ မှန်ကန်သော အမြင်ဟူသော အကြောင်း ကြောင့်လည်း များစွာကုန်သော ကုသိုလ်တရားတို့သည် ပွါးများပြည့်စုံခြင်းသို့ ရောက်ကုန်၏။ ရဟန်းတို့ မှန်ကန်သော အကြံအစည်ရှိသူအား မှားယွင်းသော အကြံအစည်သည် အန်ပြီး ဖြစ်၏။ပ။

ရဟန်းတို့ မှန်ကန်သော စကားရှိသူအား မှားယွင်းသော စကားသည် အန်ပြီး ဖြစ်၏။ ရဟန်းတို့ မှန်ကန်သော အလုပ်ရှိသူအား မှားယွင်းသော အလုပ်သည် အန်ပြီး ဖြစ်၏။ ရဟန်းတို့ မှန်ကန်သော အသက်မွေးမှုရှိသူအား မှားယွင်းသော အသက်မွေးမှုသည် အန်ပြီး ဖြစ်၏။

ရဟန်းတို့ မှန်ကန်သော လုံ့လရှိသူအား မှားယွင်းသော လုံ့လသည် အန်ပြီး ဖြစ်၏။ ရဟန်းတို့ မှန်ကန်သော သတိရှိသူအား မှားယွင်းသော သတိသည် အန်ပြီး ဖြစ်၏။ ရဟန်းတို့ မှန်ကန်သော သမာဓိရှိသူအား မှားယွင်းသော သမာဓိသည် အန်ပြီး ဖြစ်၏။ ရဟန်းတို့ မှန်ကန်သော ဉာဏ်ရှိသူအား မှားယွင်းသော ဉာဏ်သည် အန်ပြီး ဖြစ်၏။ပ။

ရဟန်းတို့ မှန်ကန်သော လွတ်မြောက်မှုရှိ သူအား မှားယွင်းသော လွတ်မြောက်မှုသည် အန်ပြီး ဖြစ်၏။ မှားယွင်းသော လွတ်မြောက်မှုဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် များစွာကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ထိုသူအား အန်ပြီး ဖြစ်ကုန်၏။ မှန်ကန်သော လွတ်မြောက်မှုဟူသော အကြောင်းကြောင့်လည်း များစွာကုန်သော ကုသိုလ်တရားတို့သည် ပွါးများပြည့်စုံခြင်းသို့ ရောက်ကုန်၏။ ရဟန်းတို့ ဤကား မြတ်သော အန်ဆေးတည်း။ ယင်းမြတ်သော အန်ဆေးသည် (ကိစ္စ) ပြီးသည် သာတည်း၊ မပြီးသည် မဟုတ်။ ယင်းအန်ဆေးကို စွဲ၍ ပဋိသန္ဓေနေခြင်းသဘောရှိသော သတ္တဝါတို့သည် ပဋိသန္ဓေနေခြင်းမှ လွတ်မြောက်ကုန်၏။ပ။ စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်း ပြင်းစွာပင်ပန်းခြင်းတို့မှ လွတ်မြောက်ကုန်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။