အင်္ဂုတ္တရနိကာယ်

၂-နာထဝဂ်

၆-အာဟုနေယျသုတ်

၁၆။ ရဟန်းတို့ ဤပုဂ္ဂိုလ်ဆယ်မျိုးတို့သည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူသော အလှူကို ခံထိုက်ကုန်၏၊ ဧည့်သည်တို့အလို့ငှါ စီမံထားသော အလှူကို ခံထိုက်ကုန်၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံထိုက်ကုန်၏၊ လက်အုပ်ချီရန် ထိုက်ကုန်၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်ကုန်၏။ ပုဂ္ဂိုလ်ဆယ်မျိုးတို့ဟူသည် အဘယ်တို့နည်း— ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရား၊ ပစ္စေကဗုဒ္ဓါ၊ နှစ်ဖက်လွတ်မြောက်သူ ‘ဥဘတောဘာဂဝိမုတ္တပုဂ္ဂိုလ်’၊ ပညာဖြင့် လွတ်မြောက်သူ ‘ပညာဝိမုတ္တပုဂ္ဂိုလ်’၊ ကိုယ်ဖြင့် မျက်မှောက်ပြုသူ ‘ကာယသက္ခိပုဂ္ဂိုလ်’၊ ဉာဏ်ဖြင့် အထက်မဂ်ဖိုလ်သို့ ရောက်သူ ‘ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ်’၊ သဒ္ဓါဖြင့် လွတ်မြောက်သူ ‘သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်’၊ သဒ္ဓါသို့ အစဉ်လိုက်သူ ‘သဒ္ဓါနုသာရီပုဂ္ဂိုလ်’၊ ပညာတရားသို့ အစဉ်လိုက်သူ ‘ဓမ္မာနုသာရီပုဂ္ဂိုလ်’၊ ဂေါတြဘူဉာဏ်နှင့် ပြည့်စုံသူ ‘ဂေါတြဘူပုဂ္ဂိုလ်’တို့တည်း။

ရဟန်းတို့ ဤပုဂ္ဂိုလ်ဆယ်မျိုးတို့သည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူသော အလှူကို ခံထိုက်ကုန်၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။