အင်္ဂုတ္တရနိကာယ်

(၁၇) ၂-ဇာဏေုဿာဏိဝဂ်

၇-တတိယ အဓမ္မသုတ်

၁၇၃။ ရဟန်းတို့ တရားမဟုတ်သည်ကိုလည်းကောင်း၊ တရားကိုလည်းကောင်း သိအပ်၏၊ အကျိုးမဲ့ကိုလည်းကောင်း၊ အကျိုးကိုလည်းကောင်း သိအပ်၏၊ တရားမဟုတ်သည်ကိုလည်းကောင်း၊ တရားကိုလည်းကောင်း သိ၍ အကျိုးမဲ့ကိုလည်းကောင်း၊ အကျိုးကိုလည်းကောင်း သိ၍ တရားအား လျော်စွာ အကျိုးအားလျော်စွာ ကျင့်အပ်၏။ ရဟန်းတို့ တရားမဟုတ်ဟူသည် အဘယ်နည်း၊ တရားဟူသည် အဘယ်နည်း၊ အကျိုးမဲ့ဟူသည် အဘယ်နည်း၊ အကျိုးဟူသည် အဘယ်နည်း။ ရဟန်းတို့ သူ့အသက်သတ်ခြင်းသည် တရားမဟုတ်၊ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်းသည် တရားမည်၏။ သူ့အသက်သတ်ခြင်းဟူသော အကြောင်း ကြောင့်လည်း များစွာကုန်သော ယုတ်ညံ့သော အကုသိုလ်ရားတို့သည် ဖြစ်ကုန်၏၊ ဤသည်ကား အကျိုး မဲ့တည်း။ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်းဟူသော အကြောင်းကြောင့်လည်း များစွာကုန်သော ကုသိုလ်ရားတို့သည် ပွါးများပြည့်စုံခြင်းသို့ ရောက်ကုန်၏၊ ဤသည်ကား အကျိုးတည်း။

ရဟန်းတို့ မပေးသည်ကို ယူခြင်းသည် တရားမဟုတ်၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ခြင်းသည် တရားမည်၏။ ရဟန်းတို့ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းသည် တရားမဟုတ်၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်းသည် တရားမည်၏။ ရဟန်းတို့ မဟုတ်မမှန်ပြောခြင်းသည် တရားမဟုတ်၊ မဟုတ်မမှန်ပြောခြင်းမှ ရှောင်ကြဉ်ခြင်းသည် တရားမည်၏။ ရဟန်းတို့ ကုန်းစကားသည် တရားမဟုတ်၊ ကုန်းစကားမှ ရှောင်ကြဉ်ခြင်းသည် တရားမည်၏၊ ရဟန်းတို့ ရုန့်ရင်းကြမ်းတမ်းသော စကားသည် တရားမဟုတ်၊ ရုန့်ရင်းကြမ်းတမ်းသော စကားမှ ရှောင်ကြဉ်ခြင်းသည် တရားမည်၏။ ရဟန်းတို့ ပြိန်ဖျင်းသော စကားသည် တရားမဟုတ်၊ ပြိန်ဖျင်းသော စကားမှ ရှောင်ကြဉ်ခြင်းသည် တရားမည်၏။ ရဟန်းတို့ ရှေးရှုကြံစည်မှု ‘အဘိဇ္ဈာ’ သည် တရားမဟုတ်၊ ရှေးရှုမကြံစည်မှု ‘အနဘိဇ္ဈာ’ သည် တရား မည်၏။ ရဟန်းတို့ ပျက်စီးစေလိုမှု ‘ဗျာပါဒ’သည် တရားမဟုတ်၊ မပျက်စီးစေလိုမှု ‘အဗျာပါဒ’ သည် တရားမည်၏။ ရဟန်းတို့ မှားယွင်းသော အယူသည် တရားမဟုတ်၊ မှန်ကန်သော အယူသည် တရားမည်၏။ မှားယွင်းသော အယူဟူသော အကြောင်းကြောင့် များစွာကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့ ဖြစ်ကုန်၏၊ ဤသည်ကား အကျိုးမဲ့တည်း။ မှန်ကန်သော အယူဟူသော အကြောင်းကြောင့်လည်း များစွာကုန်သော ကုသိုလ်တရားတို့သည် ပွါးများ ပြည့်စုံခြင်းသို့ ရောက်ကုန်၏၊ ဤသည်ကာ အကျိုးတည်း။

“ရဟန်းတို့ တရားမဟုတ်သည်ကိုလည်းကောင်း၊ တရားကိုလည်းကောင်း သိအပ်၏၊ အကျိုးမဲ့ကို လည်းကောင်း၊ အကျိုးကိုလည်းကောင်း သိအပ်၏၊ တရားမဟုတ်သည်ကိုလည်းကောင်း၊ တရားကိုလည်းကောင်း သိ၍ အကျိုးမဲ့ကိုလည်းကောင်း၊ အကျိုးကိုလည်းကောင်း သိ၍ တရားအားလျော်စွာ အကျိုးအား လျော်စွာ ကျင့်အပ်၏”ဟု ဆိုခဲ့သော စကားကို ဤသည်ကို စွဲ၍ ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။