အင်္ဂုတ္တရနိကာယ်

(၁၇) ၂-ဇာဏေုဿာဏိဝဂ်

၁၁-ဇာဏေုဿာဏိသုတ်

၁၇၇။ ထိုအခါ ဇာဏေုဿာဏိပုဏ္ဏားသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် တစ်ခုသောနေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား အသျှင်ဂေါတမ အကျွန်ုပ်တို့ ပုဏ္ဏားတို့မည်သည်ကား “ဤအလှူသည် ကွယ်လွန်သော ဆွေမျိုးသားချင်းတို့သို့ ရောက်ပါစေ၊ ဤအလှူကို ကွယ်လွန်ကုန်သော ဆွေမျိုးသားချင်းတို့သည် သုံးဆောင်ကြပါစေ”ဟု အလှူတို့ကို လှူကြပါကုန်၏။ သေသူကို ရည်၍ ပြုအပ်သော ကုဗ္ဘီးထမင်းတို့ကို ပြုကြပါကုန်၏။ အသျှင်ဂေါတမ အသို့နည်း ထိုအလှူသည် ကွယ်လွန်သော ဆွေမျိုး သားချင်းတို့ထံသို့ ရောက်ပါသလော၊ အသို့နည်း ထိုကွယ်လွန်သော ဆွေမျိုးသားချင်းတို့သည် ထိုအလှူကို သုံးဆောင်ကြရပါသလောဟု လျှောက်၏။ ပုဏ္ဏား ရောက်သင့်သော အရပ်၌ ရောက်၏၊ မရောက်သင့်သော အရပ်၌ မရောက်ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ ရောက်သင့်သောအရပ်ဟူသည် အဘယ်ပါနည်း မရောက်သင့်သောအရပ်ဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။

ပုဏ္ဏား ဤလောက၌ အချို့သော သူသည် အသက်ကို သတ်လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်လေ့ရှိ၏၊ မဟုတ်မမှန် ပြောလေ့ရှိ၏၊ ကုန်းစကား ရှိ၏၊ ရုန့်ရင်းကြမ်းတမ်းသော စကားရှိ၏၊ ပြိန်ဖျင်းသော စကားရှိ၏၊ အဘိဇ္ဈာများ၏၊ ဖျက်ဆီးလိုသော စိတ်ရှိ၏၊ မှားယွင်းသော အယူရှိ၏၊ ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှနောက်၌ ငရဲသို့ ရောက်ရ၏၊ ထိုသူသည် ငရဲသားသတ္တဝါ၏ အစာအာဟာရဖြင့် ငရဲ၌ မျှတရ၏၊ ထိုအစာအာဟာရဖြင့် ထိုသူသည် ထိုငရဲ၌ တည်ရ၏။ ပုဏ္ဏား ဤသည်လည်း ရောက်သင့်သည့်အရပ် မဟုတ်သေး၊ ယင်းငရဲ၌ တည်သူအား ထိုဒါနသည် မရောက်။

ပုဏ္ဏား ဤလောက၌ အချို့သော သူသည် အသက်ကို သတ်လေ့ရှိ၏။ပ။ မှားယွင်းသော အမြင် ရှိ၏။ ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှနောက်၌ တိရ စ္ဆာန်မျိုးသို့ ရောက်ရ၏၊ ထိုသူသည် တိရ စ္ဆာန်မျိုးဖြစ်သည့် သတ္တဝါတို့၏ အစာဖြင့် ထိုတိရ စ္ဆာန်မျိုး၌ မျှတရ၏၊ ထိုအစာဖြင့် ထိုသတ္တဝါသည် ထိုတိရ စ္ဆာန်မျိုး၌ တည်ရ၏။ ပုဏ္ဏား ဤသည်လည်း ရောက်သင့်သောအရပ် မဟုတ်သေး၊ ယင်း တိရ စ္ဆာန်မျိုး၌ တည်သူအား ထိုဒါနသည် မရောက်။

ပုဏ္ဏား ဤလောက၌ အချို့သော သူသည် အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဉ်၏၊ ကုန်းစကားမှ ရှောင်ကြဉ်၏၊ ရုန့်ရင်းကြမ်းတမ်းသော စကားမှ ရှောင်ကြဉ်၏၊ ပြိန်ဖျင်းသော စကားမှ ရှောင်ကြဉ်၏၊ အဘိဇ္ဈာမများ၊ မဖျက်ဆီးလိုသော စိတ်ရှိ၏၊ မှန်ကန်သော အယူရှိ၏၊ ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှနောက်၌ လူတို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ရ၏။ ထိုသူသည် လူတို့၏ အစာဖြင့် ထိုလူ့ဘုံ၌ မျှတရ၏၊ ထိုအစာဖြင့် ထိုသူသည် ထိုဘုံ၌ တည်ရ၏။ ပုဏ္ဏား ဤသည်လည်း ရောက်သင့်သော အရပ် မဟုတ်သေး၊ ယင်းလူ့ဘုံ၌ တည်သူအား ထိုဒါနသည် မရောက်။

ပုဏ္ဏား ဤလောက၌ အချို့သော သူသည် အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏။ပ။ မှန်ကန်သော အမြင်ရှိ၏။ ထိုသူသည် ကိုယ်ခန္ဓာပျက် စီး၍ သေသည်မှနောက်၌ နတ်တို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ရ၏။ ထိုသူသည် နတ်တို့၏ အစာဖြင့် ထိုနတ်ဘုံ၌ မျှတရ၏၊ ထိုအစာဖြင့် ထိုသူသည် ထိုနတ်ဘုံ၌ တည်ရ၏။ ပုဏ္ဏား ဤသည်လည်း ရောက်သင့်သောအရပ် မဟုတ်သေး၊ ယင်းနတ်ဘုံ၌ တည်သူအား ထိုဒါနသည် မရောက်။

ပုဏ္ဏား လောက၌ အချို့သော သူသည် အသက်ကို သတ်လေ့ရှိ၏။ပ။ မှားယွင်းသော အမြင်ရှိ၏။ ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှနောက်၌ ပြိတ္တာဘုံသို့ ရောက်ရ၏၊ ထိုသူသည် ပြိတ္တာဘုံသားဖြစ်သည့် သတ္တဝါတို့၏ အစာဖြင့် ထိုပြိတ္တာဘုံ၌ မျှတရ၏၊ ထိုအစာဖြင့် ထိုသူသည် ထိုပြိတ္တာဘုံ၌ တည်ရ၏။ သို့မဟုတ် ထိုသူအတွက် အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သူတို့ကသော်လည်းကောင်း၊ ဆွေမျိုး သားချင်းတို့ကသော်လည်းကောင်း ပေးလှူအပ်သော ဒါနဖြင့် ထိုပြိတ္တာသည် ထိုပြိတ္တာဘုံ၌ မျှတရ၏။ ထိုဒါနဖြင့် ထိုပြိတ္တာသည် ထိုပြိတ္တာဘုံ၌ တည်ရ၏။ ပုဏ္ဏား ဤသည်ကား ရောက်သင့်သော အရပ်တည်း၊ ယင်းပြိတ္တာဘုံ၌ တည်သူအား ထိုဒါနသည် ရောက်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ အကယ်၍ ထိုကွယ်လွန်သူ ဆွေမျိုးသားချင်းတို့သည် ထိုဘုံဌာနသို့ မရောက်ပါလျှင် အဘယ်သူသည် ထိုဒါနကို သုံးဆောင်ပါမည်နည်းဟု (လျှောက်၏)။ ပုဏ္ဏား ထိုဌာနသို့ ရောက်ကုန်သော အခြားသော ကွယ်လွန်သူ ဆွေမျိုးသားချင်းတို့သည် ထိုဒါနကို သုံးဆောင်ခံစားရ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ အကယ်၍ ထိုကွယ်လွန်သော ဆွေမျိုးသားချင်းသည် ထိုဘုံဌာနသို့ မရောက်လျှင် အခြားသော ကွယ်လွန်သူ ဆွေမျိုးသားချင်းတို့လည်း ထိုဌာနသို့ မရောက်ကြပါလျှင် ထိုဒါနကို မည်သူ သုံးဆောင်မည်နည်းဟု (လျှောက်၏)။ ပုဏ္ဏား ဤမျှရှည်လျားသော အချိန်အခါဝယ် ကွယ်လွန်သူ ဆွေမျိုး သားချင်းတို့မှ ကင်းဆိတ်ရာ ဌာနရှိရာ၏ဟူသော ဤအကြောင်းသည် အရာမဟုတ်၊ အခွင့်မဟုတ်ပေ၊ ပုဏ္ဏား အမှန်စင်စစ်အားဖြင့် အလှူရှင်သည်လည်း အကျိုးမဲ့ မဖြစ်နိုင်ဟု (မိန့်တော်မူ၏)။ သေသူသည် မဖြစ်သင့်ရာ၌ ဖြစ်သော်လည်း အသျှင်ဂေါတမသည် ဒါန၏အကျိုးကို ပညတ်တော်မူပါသလောဟု လျှောက်၏။ ပုဏ္ဏား သေသူသည် မဖြစ်သင့်ရာ၌ ဖြစ်သော်လည်း ငါသည် ဒါန၏ အကျိုးကို ပညတ်၏။ ပုဏ္ဏား ဤလောက၌ အချို့သော သူသည် အသက်ကို သတ်လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏၊ ကာမတို့၌ မှား ယွင်းစွာ ကျင့်လေ့ရှိ၏၊ မဟုတ်မမှန်ပြောလေ့ရှိ၏၊ ကုန်းစကား ရှိ၏၊ ရုန့်ရင်းကြမ်းတမ်းသော စကား ရှိ၏၊ ပြိန်ဖျင်းသော စကားရှိ၏၊ အဘိဇ္ဈာများ၏၊ ဖျက်ဆီးလိုသော စိတ်ရှိ၏၊ မှားယွင်းသော အယူရှိ၏၊ ထိုသူသည် သမဏအားသော်လည်းကောင်း၊ ဗြာဟ္မဏအားသော်လည်းကောင်း ထမင်း အဖျော် အဝတ် ယာဉ် ပန်း နံ့သာ နံ့သာ ပျောင်း အိပ်ရာ နေရာ ဆီမီးကို လှူ၏။ ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ ဆင်တို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ရ၏၊ ထိုသူသည် ထိုဆင်ဘဝ၌ အစား အသောက် ပန်း အထူးထူးသော အဆင် တန်ဆာကို ရခြင်းရှိ၏။ ပုဏ္ဏား ဤဘဝ၌ အသက်ကို သတ်ခြင်း၊ မပေးသည်ကို ယူခြင်း၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်း၊ မဟုတ်မမှန် ပြောခြင်း၊ ကုန်းစကား ရှိခြင်း၊ ရုန့်ရင်းကြမ်းတမ်းသော စကားရှိခြင်း၊ ပြိန်ဖျင်းသော စကားရှိခြင်း၊ အဘိဇ္ဈာများခြင်း၊ ဖျက်ဆီးလိုသော စိတ်ရှိခြင်း၊ မှားယွင်းသော အယူရှိခြင်းကြောင့် ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှနောက်၌ ဆင်တို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ရ၏၊ သမဏအားသော်လည်းကောင်း၊ ဗြာဟ္မဏအားသော်လည်းကောင်း ထမင်း အဖျော် အဝတ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာနေရာ ဆီမီးကို လှူသောကြောင့်ကား ထိုသူသည် ထိုဆင်ဘဝ၌ အစား အသောက် ပန်း အထူးထူးသော အဆင်တန်ဆာကို ရခြင်းရှိ၏။ ပုဏ္ဏား ဤလောက၌ အချို့သော သူသည် အသက်ကို သတ်ခြင်းရှိ၏။ပ။ မှားယွင်းသော အယူ ရှိ၏။ ထိုသူသည် သမဏအားသော်လည်းကောင်း၊ ဗြာဟ္မဏအားသော်လည်းကောင်း ထမင်း အဖျော် အဝတ် ယာဉ် ပန်းနံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီးကို လှူ၏။ ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ မြင်းတို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ရ၏။ပ။ နွားတို့၏ အပေါင်းအဖော် အဖြစ်သို့ ရောက်ရ၏။ပ။ ခွေးတို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ရ၏။ ထိုသူသည် ထိုခွေးဘဝ၌ ထမင်း အဖျော် ပန်း အထူးထူးသော အဆင်တန်ဆာကို ရခြင်း ရှိ၏။ ပုဏ္ဏား ဤဘဝ၌ အသက် သတ်ခြင်း။ပ။ မှားယွင်းသော အယူရှိခြင်းကြောင့် ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ ခွေးတို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ရ၏၊ ထိုသူသည် သမဏအားသော်လည်းကောင်း၊ ဗြာဟ္မဏ့အားသော်လည်းကောင်း ထမင်း အဖျော် အဝတ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီးကို လှူသောကြောင့်ကား ထိုသူသည် ထိုခွေးဘဝ၌ အစား အသောက် ပန်း အထူးထူးသော အဆင် တန်ဆာကို ရခြင်းရှိ၏။ ပုဏ္ဏား ဤလောက၌ အချို့သော သူသည် အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏။ပ။ မှန်ကန်သော အမြင်ရှိ၏။ ထိုသူသည် သမဏအားသော်လည်းကောင်း၊ ဗြာဟ္မဏအားသော်လည်းကောင်း ထမင်း အဖျော် အဝတ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီးကို လှူ၏။ ထိုသူသည် ကိုယ်န္ဓာပျက်စီး၍ သေသည်မှနောက်၌ လူတို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ရ၏၊ ထိုသူသည် ထိုလူ့ဘဝ၌ လူ၌ဖြစ်သော ကာမဂုဏ်ငါးပါးတို့ကို ရခြင်းရှိ၏။ ပုဏ္ဏား ဤလောက၌ သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း။ပ။ မှန်ကန်သော အယူရှိခြင်းကြောင့် ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှနောက်၌ လူတို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ရ၏။ သမဏအားသော်လည်းကောင်း၊ ဗြာဟ္မဏအားသော်လည်းကောင်း ထမင်း အဖျော် အဝတ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီးကို လှူသောကြောင့်ကား ထိုသူသည် ထိုလူ့ဘဝဝယ် လူ၌ဖြစ်သော ကာမဂုဏ်ငါးပါးတို့ကို ရခြင်းရှိ၏။ ပုဏ္ဏား ဤလောက၌ အချို့သော သူသည် အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏။ပ။ မှန်ကန်သော အယူရှိ၏။ ထိုသူသည် သမဏအားသော်လည်းကောင်း၊ ဗြာဟ္မဏအားသော်လည်းကောင်း ထမင်း အဖျော် အဝတ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီးကို လှူ၏။ ထိုသူသည် ကိုယ်ခန္ဓာ ပျက်စီး၍ သေသည်မှနောက်၌ နတ်တို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ရ၏၊ ထိုသူသည် ထိုနတ်ဘဝ၌ ဖြစ်သော ကာမဂုဏ်ငါးပါးတို့ကို ရခြင်း ရှိ၏။ ပုဏ္ဏား ဤလောက၌ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း။ပ။ မှန်ကန်သော အမြင်ရှိခြင်းကြောင့် ထိုသူသည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ နတ်တို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ရ၏။ သမဏအားသော်လည်းကောင်း၊ ဗြာဟ္မဏ အားသော်လည်းကောင်း ထမင်း အဖျော် အဝတ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီးကို လှူသောကြောင့်ကား ထိုသူသည် ထိုနတ်ဘဝဝယ် နတ်ပြည်၌ ဖြစ်သော ကာမဂုဏ်ငါးပါးတို့ကို ရခြင်းရှိ၏။ ပုဏ္ဏား အမှန်စင်စစ်အားဖြင့် အလှူရှင်သည် အကျိုးမဲ့ မဖြစ်နိုင်ပေဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ အံ့ဖွယ်ရှိပါပေစွ၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ဂေါတမ အလှူရှင်သည်လည်း အကျိုးမဲ့ မဖြစ်သောကြောင့် အလှူတို့ကို လှူရန် အလွန်ပင်သင့်သည်သာတည်း၊ ကုဗ္ဘီးထမင်းတို့ကို ပြုရန်သင့်သည်သာတည်းဟု (လျှောက်၏)။ ပုဏ္ဏား ဤအရာသည် ဤသို့ပင်တည်း၊ ပုဏ္ဏား အလှုရှင် သည် အကျိုးမဲ့ မဖြစ်နိုင်သည်သာတည်းဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေစွ၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေစွ။ပ။ အသျှင်ဂေါတမ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက် ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါဟု (လျှောက်၏)။

ဧကာဒသမသုတ်။

နှစ်ခုမြောက် ဇာဏကေဿာဏိဝဂ် ပြီး၏။