အင်္ဂုတ္တရနိကာယ်

၃-မဟာဝဂ်

၁-သီဟနာဒသုတ်

၂၁။ ရဟန်းတို့ သားတို့သနင်း ခြင်္သေ့မင်းသည် ညချမ်းအခါ ကိန်းအောင်းရာမှ ထွက်၏၊ ကိန်းအောင်းရာမှ ထွက်ပြီးနောက် ကွန့်မြူးစံပယ်၏၊ ကွန့်မြူးစံပယ်ပြီးနောက် ထက်ဝန်းကျင် အရပ် လေးမျက်နှာကိုစောင်းငဲ့ ကြည့်ရှု၏၊ ထက်ဝန်းကျင် အရပ်လေးမျက်နှာကိုစောင်းငဲ့ကြည့်ရှုပြီးနောက် သုံးကြိမ်တိုင်တိုင် ခြင်္သေ့သံကို ဟောက်၏၊ သုံးကြိမ်တိုင်တိုင် ခြင်္သေ့သံကိုဟောက်ပြီးနောက် ကျက်စားရန် အလို့ငှါ ဖဲသွား၏။ ထိုသို့ပြုခြင်းသည် အဘယ့်ကြောင့်နည်း၊ “ငါသည် မသင့်လျော်ရာ၌ ရောက်နေကုန်သော သတ္တဝါငယ်တို့ကို သတ်ဖြတ် ညှဉ်းဆဲခြင်းသို့ မရောက်ပါစေလင့်”ဟု (နှလုံးပြုသောကြောင့်တည်း)။

ရဟန်းတို့ “ခြင်္သေ့”ဟူသည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိမြင်တော်မူသော မြတ်စွာဘုရား၏ အမည်တည်း။ ရဟန်းတို့ မြတ်စွာဘုရားသည် ပရိသတ်၌ အကြင်တရားကို ဟော၏၊ ဤသို့ တရားဟောခြင်းသည် ထိုမြတ်စွာဘုရား၏ ခြင်္သေ့သံဖြစ်၏။ ရဟန်းတို့ မြတ်စွာဘုရား၏ အားတော်တို့သည် ဤဆယ်မျိုးတို့တည်း၊ မြတ်စွာဘုရားသည် ယင်းအားတော်တို့နှင့် ပြည့်စုံတော်မူသည်ဖြစ်၍ မြင့်မြတ်သောအရာ (ဘုရားအဖြစ်)ကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲရင့်သော အသံကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ၏။ အားတော် ဆယ်မျိုးတို့ဟူသည် အဘယ်တို့နည်း၊ ရဟန်းတို့ ဤလောက၌ မြတ်စွာဘုရားသည် အကြောင်းဟုတ်သည်ကိုလည်း အကြောင်းဟုတ်သောအားဖြင့် အကြောင်းမဟုတ်သည်ကိုလည်း အကြောင်းမဟုတ်သောအားဖြင့်ဟုတ်တိုင်းမှန်စွာ ခွဲခြားသိ၏။ ရဟန်းတို့ ယင်းသို့ မြတ်စွာဘုရား၏ အကြောင်းဟုတ် သည်ကိုလည်း အကြောင်းဟုတ်သောအားဖြင့် အကြောင်းမဟုတ်သည်ကိုလည်း အကြောင်းမဟုတ်သော အားဖြင့်ဟုတ်တိုင်းမှန်စွာ ခွဲခြားသိခြင်းသည်လည်း မြတ်စွာဘုရား၏ အားမည်၏၊ ယင်းအားကို စွဲ၍ မြတ်စွာဘုရားသည် မြင့်မြတ်သောအရာ (ဘုရားအဖြစ်)ကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲရင့်သော အသံကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ၏။ (၁)

ရဟန်းတို့ နောက်တစ်မျိုးကား မြတ်စွာဘုရားသည် အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်ကုန်သော ဆောက်တည်အပ်သော ကံတို့၏ အကျိုးကို အထောက်အပံ့အားဖြင့် အကြောင်းအားဖြင့်ဟုတ်တိုင်းမှန်စွာ ခွဲခြားသိ၏။ ရဟန်းတို့ ယင်းသို့ မြတ်စွာဘုရား၏ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်ကုန်သော ဆောက် တည်အပ်သော ကံတို့၏ အကျိုးကို အထောက်အပံ့အားဖြင့် အကြောင်းအားဖြင့်ဟုတ်တိုင်းမှန်စွာ ခွဲခြား သိခြင်းသည်လည်း မြတ်စွာဘုရား၏ အားမည်၏၊ ယင်းအားကို စွဲ၍ မြတ်စွာဘုရားသည် မြင့်မြတ်သော အရာ (ဘုရားအဖြစ်)ကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲရင့်သော အသံကို မြွက်ဆို၏၊ မြတ်သော တရား စကြာကို လည်စေ၏။ (၂)

ရဟန်းတို့ နောက်တစ်မျိုးကား မြတ်စွာဘုရားသည် အလုံးစုံသော (ဂတိငါးတန်,နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ကိုဟုတ်တိုင်းမှန်စွာ ခွဲခြားသိ၏။ ရဟန်းတို့ ယင်းသို့ မြတ်စွာဘုရား၏ အလုံးစုံသော (ဂတိငါးတန်, နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ကိုဟုတ်တိုင်းမှန်စွာ ခွဲခြားသိခြင်းသည် လည်း မြတ်စွာဘုရား၏ အားမည်၏၊ ယင်းအားကို စွဲ၍ မြတ်စွာဘုရားသည် မြင့်မြတ်သောအရာ (ဘုရားအဖြစ်)ကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲရင့်သော အသံကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ၏။ (၃)

ရဟန်းတို့ နောက်တစ်မျိုးကား မြတ်စွာဘုရားသည် များပြားသော ဓာတ်, အမျိုးမျိုးသော ဓာတ့်ရှိသော လောကကိုဟုတ်တိုင်းမှန်စွာ ခွဲခြားသိ၏။ ရဟန်းတို့ ယင်းသို့ မြတ်စွာဘုရား၏ များပြားသော ဓာတ်, အမျိုးမျိုးသော ဓာတ်ရှိသော လောကကိုဟုတ်တိုင်းမှန်စွာ ခွဲခြားသိခြင်းသည်လည်း မြတ်စွာဘုရား၏ အားမည်၏၊ ယင်းအားကို စွဲ၍ မြတ်စွာဘုရားသည် မြင့်မြတ်သောအရာ (ဘုရားအဖြစ်)ကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲရင့်သော အသံကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ၏။ (၄)

ရဟန်းတို့ နောက်တစ်မျိုးကား မြတ်စွာဘုရားသည် သတ္တဝါတို့၏ စိတ်ထားနှလုံးသွင်း အမျိုးမျိုးကိုဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိ၏။ ရဟန်းတို့ ယင်းသို့ မြတ်စွာဘုရား၏ သတ္တဝါတို့၏ စိတ်ထားနှလုံး သွင်း အမျိုးမျိုးကိုဟုတ်တိုင်းမှန်စွာ ခွဲခြားသိခြင်းသည်လည်း မြတ်စွာဘုရား၏ အားမည်၏၊ ယင်းအား ကို စွဲ၍။ပ။ မြတ်သော တရားစကြာကို လည်စေ၏။ (၅)

ရဟန်းတို့ နောက်တစ်မျိုးကား မြတ်စွာဘုရားသည် အယုတ်အမြတ်ဖြစ်သော ပုဂ္ဂိုလ်သတ္တဝါတို့၏ ဣန္ဒြေအနုအရင့်ကိုဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိ၏။ ရဟန်းတို့ ယင်းသို့ မြတ်စွာဘုရား၏ အယုတ် အမြတ်ဖြစ်သော ပုဂ္ဂိုလ်သတ္တဝါတို့၏ ဣန္ဒြေအနုအရင့်ကိုဟုတ်တိုင်းမှန်စွာ ခွဲခြားသိခြင်းသည်လည်း မြတ်စွာဘုရား၏ အားမည်၏။ပ။ မြတ်သော တရားစကြာကို လည်စေ၏။ (၆)

ရဟန်းတို့ နောက်တစ်မျိုးကား မြတ်စွာဘုရားသည် ဈာန် ဝိမောက္ခ သမာဓိ သမာပတ်တို့၏ ညစ်ညူးကြောင်း ဖြူစင်ကြောင်း ထမြောက်ကြောင်းကိုဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိ၏။ ရဟန်းတို့ ယင်းသို့။ပ။ သိခြင်းသည်လည်း မြတ်စွာဘုရား၏ အားမည်၏။ပ။ မြတ်သော တရားစကြာကို လည်စေ၏။ (၇)

ရဟန်းတို့ နောက်တစ်မျိုးကား မြတ်စွာဘုရားသည် များပြားသော ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်၏၊ ဤသည်တို့ကား အဘယ်တို့နည်း၊ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း၊ သုံးဘဝတို့ကိုလည်းကောင်း၊ လေးဘဝတို့ကိုလည်းကောင်း၊ ငါးဘဝတို့ကိုလည်းကောင်း၊ ဆယ်ဘဝတို့ကိုလည်းကောင်း၊ ဘဝနှစ်ဆယ်တို့ကိုလည်းကောင်း၊ ဘဝသုံးဆယ်တို့ကိုလည်းကောင်း၊ ဘဝ လေးဆယ်တို့ကိုလည်းကောင်း၊ ဘဝငါးဆယ်တို့ကိုလည်းကောင်း၊ ဘဝတစ်ရာကိုလည်းကောင်း၊ ဘဝ တစ်ထောင်ကိုလည်းကောင်း၊ ဘဝတစ်သိန်းကိုလည်းကောင်း၊ များပြားသော ပျက်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ဖြစ်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း ဤမည်သော ဘဝ၌ (ငါသည်) ဤသို့သောအမည် ဤသို့သော အနွယ် ဤသို့သောအဆင်း ဤသို့သော အစာ ဤသို့သော ချမ်းသာဆင်းရဲခံစားခြင်း ဤသို့သော အသက် အပိုင်းအခြား ရှိခဲ့၏၊ ထိုငါသည် ထိုဘဝမှ သေခဲ့၍ ဤမည်သော ဘဝ၌ ဖြစ်ပြန်၏၊ ထိုဘဝ၌လည်း “ဤသို့သောအမည် ဤသို့သော အနွယ် ဤသို့သောအဆင်း ဤသို့သောအစာ ဤသို့သော ချမ်းသာဆင်းရဲခံစားခြင်း ဤသို့သော အသက် အပိုင်းအခြား ရှိခဲ့၏၊ ထိုငါသည် ထိုဘဝမှ သေခဲ့၍ ဤဘဝ၌ ဖြစ်ပြန်၏”ဟု ဤသို့ အခြင်းအရာ (အဖြစ်သနစ်)နှင့် တကွ ညွှန်ပြဖွယ် (အမည်အနွယ်)နှင့် တကွ များပြားသော ရှေး၌ နေဖူးသော ခန္ဓာ အစဉ်ကို အောက်မေ့နိုင်၏။ ရဟန်းတို့ ယင်းသို့ မြတ်စွာဘုရား၏ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း။ပ။ ဤသို့ အခြင်းအရာ (အဖြစ်သနစ်)နှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်)နှင့် တကွ များပြားသော ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်ခြင်းသည်လည်း မြတ်စွာဘုရား၏ အားမည်၏၊ ယင်းအားကို စွဲ၍ မြတ်စွာဘုရားသည် မြင့်မြတ်သော အရာ (ဘုရားအဖြစ်) ကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲရင့်သော အသံကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ၏။ (၈)

ရဟန်းတို့ နောက်တစ်မျိုးကား မြတ်စွာဘုရားသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင်ထက် သာလွန်သော နတ်မျက်စိနှင့်တူသော မျက်စိ’ဒိဗ္ဗစက္ခု’ဖြင့် သေဆဲသတ္တဝါ ဖြစ်ဆဲသတ္တဝါ ယုတ်သော သတ္တဝါ မြတ်သော သတ္တဝါ အဆင်းလှသော သတ္တဝါ အဆင်းမလှသော သတ္တဝါ ကောင်းသော လားရာရှိသော သတ္တဝါ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်နိုင်၏။

“အချင်းတို့ ဤသတ္တဝါတို့သည် ကိုယ်ဖြင့် ပြုသော မကောင်းသောအကျင့် ‘ကာယဒုစရိုက်’၊ နှုတ်ဖြင့်ပြုသော မကောင်းသောအကျင့် ‘ဝစီဒုစရိုက်’၊ စိတ်ဖြင့် ပြုသော မကောင်းသောအကျင့် ‘မနောဒုစရိုက်’တို့နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲကုန်၏၊ မှားသောအယူ ရှိကုန်၏၊ မှားသော အယူဖြင့် ပြုသော ကံရှိကုန်၏၊ ထို(သတ္တဝါ)တို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာ ငရဲသို့ ရောက်ကုန်၏။ အချင်းတို့ ဤသတ္တဝါတို့ သည်ကား ကိုယ်ဖြင့်ပြုသော ကောင်းသောအကျင့် ‘ကာယသုစရိုက်’၊ နှုတ်ဖြင့်ပြုသော ကောင်းသော အကျင့်’ဝစီသုစရိုက်’၊ စိတ်ဖြင့်ပြုသော ကောင်းသောအကျင့် ‘မနောသုစရိုက်’တို့နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို မစွပ်စွဲကုန်၊ မှန်သော အယူရှိကုန်၏၊ မှန်သော အယူဖြင့် ပြုသော ကံရှိကုန်၏၊ ထို(သတ္တဝါ)တို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသော လားရာ နတ်ပြည်သို့ ရောက်ကုန်၏”ဟု ကံအလျောက်ဖြစ်သော သတ္တဝါတို့ကို သိနိုင်၏။ ဤသို့လျှင် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင်ထက် သာလွန်သော နတ်မျက်စိနှင့်တူသော မျက်စိ ‘ဒိဗ္ဗစက္ခု’ဖြင့် သေဆဲ သတ္တဝါ ဖြစ်ဆဲသတ္တဝါ ယုတ်သော သတ္တဝါ မြတ်သော သတ္တဝါ အဆင်းလှသော သတ္တဝါ အဆင်း မလှသော သတ္တဝါ ကောင်းသော လားရာရှိသော သတ္တဝါ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအလျောက်ဖြစ်သော သတ္တဝါတို့ကို သိ၏။ ရဟန်းတို့ ယင်းသို့ မြတ်စွာဘုရား၏ အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင်ထက် သာလွန်သော နတ်မျက်စိနှင့် တူသော မျက်စိ ‘ဒိဗ္ဗစက္ခု’ဖြင့်။ပ။ ကံအလျောက် ဖြစ်သော သတ္တဝါတို့ကို သိနိုင်ခြင်းသည်လည်း မြတ်စွာဘုရား၏ အားမည်၏၊ ယင်းအားကို စွဲ၍ မြတ်စွာဘုရားသည် မြင့်မြတ်သော အရာ(ဘုရားအဖြစ်)ကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲရင့်သော အသံကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ၏။ (၉)

ရဟန်းတို့ နောက်တစ်မျိုးကား မြတ်စွာဘုရားသည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော’အရဟတ္တဖိုလ်’စိတ်နှင့် လွတ်မြောက်သော’အရဟတ္တဖိုလ်’ပညာကို ယခုဘဝ၌ပင်လျှင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေတော်မူ၏။ ရဟန်းတို့ ယင်းသို့ မြတ်စွာဘုရား၏ အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော ‘အရဟတ္တဖိုလ်’စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ပညာကို ယခုဘဝ၌ပင်လျှင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုလျက် ရောက်၍ နေနိုင်တော်မူခြင်းသည်လည်း မြတ်စွာဘုရား၏ အားမည်၏၊ ယင်းအားကို စွဲ၍ မြတ်စွာဘုရားသည် မြင့်မြတ်သော အရာ (ဘုရားအဖြစ်) ကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲရင့်သော အသံကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ၏။ (၁ဝ)

ရဟန်းတို့ မြတ်စွာဘုရား၏ အားတို့သည် ဤဆယ်မျိုးတို့တည်း၊ မြတ်စွာဘုရားသည် ယင်းအားတို့နှင့် ပြည့်စုံသည်ဖြစ်၍ မြင့်မြတ်သောအရာ (ဘုရားအဖြစ်) ကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲရင့်သော အသံကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။