အင်္ဂုတ္တရနိကာယ်

၃-မဟာဝဂ်

၂-အဓိဝုတ္တိပဒသုတ်

၂၂။ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေ၏၊ တစ်ခုသောနေရာ၌ ထိုင်နေသော အသျှင်အာနန္ဒာအား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ — အာနန္ဒာ အကြင် (ဒသဗလဉာဏ် သဗ္ဗညုတဉာဏ်) တရားတို့ သည် ထိုထို ခန္ဓာ အာယတနဓာတ် ‘အဓိဝုတ္တိပဒ’တို့ကို အထူးအားဖြင့် သိ၍ မျက်မှောက်ပြုရန် အလို့ငှါ့ဖြစ်ကုန်၏။ အာနန္ဒာ ငါသည် ထိုတရားတို့၌ ထိုထို သတ္တဝါတို့အား ထိုထို အခြင်းအရာအားဖြင့် တရားဟောရန် ရဲရင့်၏ဟု ဝန်ခံ၏၊ ယင်းသို့ ဟောတိုင်း ကျင့်သူသည် ထင်ရှားရှိသော တရား ကိုလည်း “ရှိ၏”ဟု သိရလိမ့်မည်၊ ထင်ရှားမရှိသော တရားကိုလည်း “မရှိ”ဟု သိရလိမ့်မည်၊ ယုတ်ညံ့သော တရားကိုလည်း “ယုတ်ညံ့သောတရား”ဟု သိရလိမ့်မည်၊ မွန်မြတ်သော တရားကိုလည်း “မွန်မြတ်သော တရား”ဟု သိရလိမ့်မည်၊ အတုရှိသော တရားကိုလည်း “အတုရှိသောတရား”ဟု သိရလိမ့်မည်၊ အတုမဲ့တရားကိုလည်း “အတုမဲ့တရား”ဟု သိရလိမ့်မည်၊ သိထိုက် မြင်ထိုက် မျက်မှောက်ပြုထိုက်သော ထိုတရားတို့ကိုလည်း သိရလိမ့်မည် မြင်ရလိမ့်မည် မျက်မှောက်ပြုရလိမ့်မည်ဟူသော ဤအကြောင်းသည် ရှိသည်သာတည်း။ အာနန္ဒာ ဉာဏ်တို့တွင် ထိုထိုတရားတို့၌ဟုတ်တိုင်းမှန်စွာ သိသော (သဗ္ဗညုတ) ဉာဏ်သည် အမြတ်ဆုံးတည်း။ အာနန္ဒာ ထိုသဗ္ဗညုတဉာဏ်မှတပါး (ထိုဉာဏ်ထက်) သာလွန် မွန်မြတ်သော ဉာဏ် မရှိဟု ငါဆို၏။ အာနန္ဒာ မြတ်စွာဘုရား၏ အားတော်တို့သည် ဤဆယ်မျိုးတို့တည်း၊ မြတ်စွာဘုရားသည် ယင်း အားတော်တို့နှင့် ပြည့်စုံတော်မူသည်ဖြစ်၍ မြင့်မြတ်သောအရာ (ဘုရားအဖြစ်)ကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲရင့်သောအသံကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ၏။ ဆယ်မျိုးတို့ဟူသည် အဘယ်တို့နည်း၊ အာနန္ဒာ ဤလောက၌ မြတ်စွာဘုရားသည် အကြောင်းဟုတ်သည်ကိုလည်း အကြောင်းဟုတ်သောအားဖြင့် အကြောင်းမဟုတ်သည်ကိုလည်း အကြောင်းမဟုတ်သောအားဖြင့်ဟုတ်တိုင်း မှန်စွာ ခွဲခြားသိ၏။ အာနန္ဒာ ယင်းသို့ မြတ်စွာဘုရား၏ အကြောင်းဟုတ်သည်ကိုလည်း အကြောင်းဟုတ်သော အားဖြင့် အကြောင်းမဟုတ်သည်ကိုလည်း အကြောင်းမဟုတ်သောအားဖြင့်ဟုတ်တိုင်းမှန်စွာ ခွဲခြားသိခြင်း သည်လည်း မြတ်စွာဘုရား၏ အားမည်၏၊ ယင်းအားကို စွဲ၍ မြတ်စွာဘုရားသည် မြင့်မြတ်သောအရာ (ဘုရားအဖြစ်)ကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲရင့်သော အသံကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ၏။ (၁)

အာနန္ဒာ နောက်တစ်မျိုးကား မြတ်စွာဘုရားသည် အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်ကုန်သော ဆောက်တည်အပ်သော ကံတို့၏ အကျိုး အထောက်အပံ့အားဖြင့် အကြောင်းအားဖြင့်ဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိ၏။ အာနန္ဒာ။ပ။ ဤသဘောသည်လည်း။ပ။ (၂)

အာနန္ဒာ နောက်တစ်မျိုးကား မြတ်စွာဘုရားသည် အလုံးစုံသော (ဂတိငါးတန်,နိဗ္ဗာန်) သို့ ရောက် ကြောင်း အကျင့်ကိုဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိ၏။ပ။ အာနန္ဒာ။ပ။ ဤသဘောသည်လည်း။ပ။ (၃)

အာနန္ဒာ နောက်တစ်မျိုးကား မြတ်စွာဘုရားသည် များသောဓာတ်, အမျိုးမျိုးသောဓာတ် လောက ကိုဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိ၏။ပ။ အာနန္ဒာ။ပ။ ဤသဘောသည်လည်း။ပ။ (၄)

အာနန္ဒာ နောက်တစ်မျိုးကား မြတ်စွာဘုရားသည် သတ္တဝါတို့၏ စိတ်ထားနှလုံးသွင်း အမျိုးမျိုးကိုဟုတ်တိုင်းမှန်စွာ ခွဲခြား၍သိ၏။ အာနန္ဒာ။ပ။ ဤသဘောသည်လည်း။ပ။ (၅)

အာနန္ဒာ နောက်တစ်မျိုးကား မြတ်စွာဘုရားသည် အယုတ်အမြတ်ဖြစ်သော ပုဂ္ဂိုလ်သတ္တဝါတို့၏ ဣန္ဒြေ အနုအရင့်ကိုဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိ၏၊ အာနန္ဒာ။ပ။ ဤသဘောသည်လည်း။ပ။ (၆)

အာနန္ဒာ နောက်တစ်မျိုးကား မြတ်စွာဘုရားသည် ဈာန် ဝိမောက္ခ သမာဓိ သမာပတ်တို့၏ ညစ်ညူးကြောင်း ဖြူစင်ကြောင်း ထမြောက်ကြောင်းကိုဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိ၏၊ အာနန္ဒာ။ပ။ ဤသဘောသည်လည်း။ (၇)

အာနန္ဒာ နောက်တစ်မျိုးကား မြတ်စွာဘုရားသည် များပြားသော ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်၏။ ဤသည်တို့ကား အဘယ်တို့နည်း၊ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း။ပ။ ဤသို့ အခြင်းအရာ (အဖြစ်သနစ်)နှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်)နှင့်တကွ များပြားသော ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်၏။ အာနန္ဒာ။ပ။ ဤသဘောသည်လည်း။ပ။ (၈)

အာနန္ဒာ နောက်တစ်မျိုးကား မြတ်စွာဘုရားသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိ အမြင်ထက် သာလွန်သော နတ်မျက်စိနှင့် တူသော မျက်စိ ‘ဒိဗ္ဗစက္ခု’ ဖြင့်။ပ။ ကံအားလျော်စွာ ဖြစ်သော သတ္တဝါတို့ကို သိ၏။ အာနန္ဒာ။ပ။ ဤသဘောသည်လည်း။ပ။ (၉)

အာနန္ဒာ နောက်တစ်မျိုးကား မြတ်စွာဘုရားသည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါ ကင်းသော လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကို ယခုဘဝ၌ပင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေ၏၊ အာနန္ဒာ ယင်းသို့ မြတ်စွာဘုရား၏ အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်နှင့်။ပ။ မျက်မှောက်ပြုကာ ရောက်၍ နေတော်မူခြင်းသည်လည်း မြတ်စွာဘုရား၏ အားတော်မည်၏၊ ယင်းအားကို စွဲ၍ မြတ်စွာဘုရားသည် မြင့်မြတ်သော အရာ (ဘုရားအဖြစ်)ကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲရင့်သော အသံကို မြွက်၏၊ မြတ်သော တရားစကြာကို လည်စေ၏။ (၁ဝ)

အာနန္ဒာ မြတ်စွာဘုရား၏ အားတော်တို့သည် ဤဆယ်မျိုးတို့တည်း၊ မြတ်စွာဘုရားသည် ယင်းအားတော်တို့နှင့် ပြည့်စုံတော်မူသည်ဖြစ်၍ မြင့်မြတ်သောအရာ (ဘုရားအဖြစ်)ကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲရင့်သော အသံကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။