အင်္ဂုတ္တရနိကာယ်

(၂၁) ၁-ကရဇကာယဝဂ်

၁ဝ-အဓမ္မစရိယာသုတ်

၂၂ဝ။ ထိုအခါ ပုဏ္ဏားတစ်ယောက်သည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် တစ်ခုသောနေရာ၌ ထိုင်ကာ မြတ်စွာဘုရားအား— “အသျှင်ဂေါတမ ဤလောက၌ အချို့သော သတ္တဝါတို့၏ ခန္ဓာကိုယ်ပျက်စီး၍့သေသည်မှနောက်၌ မကောင်းသူတို့လားရာ ဖရိုဖရဲပျက်စီး၍ ကျရောက်ရာ အပါယ်ငရဲ၌ ဖြစ်ရကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း”ဟု လျှောက်၏။ ပုဏ္ဏား မတရားသည်ကိုကျင့်ခြင်း မညီမညွတ်(မမျှမတ)သည်ကိုကျင့်ခြင်းဟူသော အကြောင်းကြောင့် ဤသို့ ဤလောက၌ အချို့သော သတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ မကောင်းသူတို့လားရာ ဖရိုဖရဲ ပျက်စီး၍ ကျရောက်ရာ အပါယ်ငရဲ၌ ဖြစ်ရကုန်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ ဤလောက၌ အချို့သော သတ္တဝါတို့၏ ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်၌ ဖြစ်ရကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်းဟု (လျှောက်၏)။

ပုဏ္ဏား တရားသည်ကိုကျင့်ခြင်း အညီအညွတ်(မျှမျှတတ)ကျင့်ခြင်းဟူသော အကြောင်းကြောင့် ဤသို့ ဤလောက၌ အချို့သော သတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှနောက်၌ ကောင်းသော လားရာ နတ်ပြည်၌ ဖြစ်ရကုန်၏ဟု (မိန့်တော်မူ၏)။

အကျွန်ုပ်သည် ဤအသျှင်ဂေါတမ၏ အကျဉ်းဟောထားသော ဤစကား၏ အနက်ကို အကျယ်အား ဖြင့် မသိပါ၊ တောင်းပန်ပါ၏၊ အသျှင်ဂေါတမသည် အကျဉ်းဟောထားသော ဤစကား၏ အနက်ကို အကျွန်ုပ် အကျယ်သိနိုင်မည့်နည်းဖြင့် တရားဟောတော်မူပါဟု (လျှောက်၏)။ ပုဏ္ဏား ထိုသို့ဖြစ်လျှင် နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောပေအံ့ဟု (မိန့်တော်မူ၏)။ “အသျှင် ကောင်းပါပြီ”ဟု ထိုပုဏ္ဏားသည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—ိံပုဏ္ဏား ကိုယ်ဖြင့် မတရားသည်ကိုကျင့်ခြင်း မညီမညွတ်(မမျှမတ)သည်ကို ကျင့်ခြင်းသည် သုံးမျိုး ပြား၏၊ နှုတ်ဖြင့် မတရားသည်ကိုကျင့်ခြင်း မညီမညွတ်(မမျှမတ)သည်ကို ကျင့်ခြင်းသည် လေးမျိုး ပြား၏၊ စိတ်ဖြင့် မတရားသည်ကိုကျင့်ခြင်း မညီမညွတ်(မမျှမတ)သည်ကို ကျင့်ခြင်းသည် သုံးမျိုးပြား၏။ ပုဏ္ဏား အဘယ်သို့လျှင် ကိုယ်ဖြင့် မတရားသည်ကိုကျင့်ခြင်း မညီမညွတ်(မမျှမတ)သည်ကို ကျင့်ခြင်းသည် သုံးမျိုးပြားသနည်း။ပ။ ပုဏ္ဏား ဤသို့လျှင် ကိုယ်ဖြင့် မတရားသည်ကိုကျင့်ခြင်း မညီမညွတ် (မမျှမတ)သည်ကို ကျင့်ခြင်းသည် သုံးမျိုးပြား၏။ ပုဏ္ဏား အဘယ်သို့လျှင် နှုတ်ဖြင့် မတရားသည်ကို ကျင့်ခြင်း မညီမညွတ်(မမျှမတ)သည်ကို ကျင့်ခြင်းသည် လေးမျိုးပြားသနည်း။ပ။ ပုဏ္ဏား ဤသို့လျှင် နှုတ်ဖြင့် မတရားသည်ကိုကျင့်ခြင်း မညီမညွတ်(မမျှမတ)သည်ကို ကျင့်ခြင်းသည် လေးမျိုးပြား၏။ ပုဏ္ဏား အဘယ်သို့လျှင် စိတ်ဖြင့် မတရားသည်ကိုကျင့်ခြင်း မညီမညွတ် (မမျှမတ)သည်ကိုကျင့်ခြင်းသည် သုံးမျိုး ပြားသနည်း။ပ။ ပုဏ္ဏား ဤသို့လျှင် စိတ်ဖြင့် မတရားသည်ကိုကျင့်ခြင်း မညီမညွတ်(မမျှမတ)သည်ကို ကျင့်ခြင်းသည် သုံးမျိုးပြား၏။ ပုဏ္ဏား ဤသို့ မတရားသည်ကိုကျင့်ခြင်း မညီမညွတ် (မမျှမတ)သည်ကို ကျင့်ခြင်းဟူသော အကြောင်းကြောင့် ဤသို့ ဤလောက၌ အချို့သော သတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှနောက်၌ မကောင်းသူတို့ လားရာ ဖရိုဖရဲပျက်စီး၍ ကျရောက်ရာ အပါယ်ငရဲ၌ ဖြစ်ရကုန်၏။ ပုဏ္ဏား ကိုယ်ဖြင့် တရားသည်ကိုကျင့်ခြင်း အညီအညွတ်(မျှမျှတတ)ကျင့်ခြင်းသည် သုံးမျိုးပြား၏၊ နှုတ်ဖြင့် တရားသည်ကျင့်ခြင်း အညီအညွတ်(မျှမျှတတ)ကျင့်ခြင်းသည် လေးမျိုးပြား၏၊ စိတ်ဖြင့် တရား သည်ကိုကျင့်ခြင်း အညီအညွတ်(မျှမျှတတ)ကျင့်ခြင်းသည် သုံးမျိုးပြား၏။ ပုဏ္ဏား အဘယ်သို့လျှင် ကိုယ် ဖြင့် တရားသည်ကိုကျင့်ခြင်း အညီအညွတ်(မျှမျှတတ)ကျင့်ခြင်းသည် သုံးမျိုးပြားသနည်း။ပ။ပုဏ္ဏား ဤသို့လျှင်ကိုယ်ဖြင့် တရားသည်ကိုကျင့်ခြင်း အညီအညွတ်(မျှမျှတတ)ကျင့်ခြင်းသည် သုံးမျိုးပြား၏။ ပုဏ္ဏား အဘယ်သို့လျှင် နှုတ်ဖြင့် တရားသည်ကိုကျင့်ခြင်း အညီအညွတ်(မျှမျှတတ)ကျင့်ခြင်းသည် လေးမျိုးပြား သနည်း။ပ။ ပုဏ္ဏား ဤသို့လျှင် နှုတ်ဖြင့် တရားသည်ကို ကျင့်ခြင်း အညီအညွတ်(မျှမျှတတ) ကျင့်ခြင်း သည် လေးမျိုးပြား၏။ ပုဏ္ဏား အဘယ်သို့လျှင် စိတ်ဖြင့် တရားသည်ကိုကျင့်ခြင်း အညီအညွတ် (မျှမျှ့တတ) ကျင့်ခြင်းသည် သုံးမျိုးပြားသနည်း။ပ။ ပုဏ္ဏား ဤသို့လျှင် စိတ်ဖြင့် တရားသည်ကိုကျင့်ခြင်း အညီအညွတ်(မျှမျှတတ)ကျင့်ခြင်းသည် သုံးမျိုးပြား၏။ ပုဏ္ဏား ဤသို့ တရားသည်ကိုကျင့်ခြင်း အညီ အညွတ်(မျှမျှတတ)ကျင့်ခြင်းဟူသော အကြောင်းကြောင့် ဤသို့ ဤလောက၌ အချို့သော သတ္တဝါတို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှနောက်၌ ကောင်းသော လားရာ နတ်ပြည်၌ ဖြစ်ရကုန်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ (တရားတော် သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါဟု (လျှောက်၏)။

ဒသမသုတ်။

ရှေးဦးစွာသော ကရဇကာယဝဂ် ပြီး၏။