အင်္ဂုတ္တရနိကာယ်

၃-မဟာဝဂ်

၃-ကာယသုတ်

၂၃။ ရဟန်းတို့ ကိုယ်ဖြင့် ပယ်၍ နှုတ်ဖြင့် မပယ်အပ်ကုန်သော တရားတို့သည် ရှိကုန်၏၊ ရဟန်းတို့ နှုတ်ဖြင့် ပယ်၍ ကိုယ်ဖြင့် မပယ်အပ်ကုန်သော တရားတို့သည် ရှိကုန်၏၊ ရဟန်းတို့ ကိုယ် ဖြင့် မပယ်အပ်, နှုတ်ဖြင့် မပယ်အပ်မူ၍ ပညာဖြင့် မြင်၍ ပယ်အပ်သော တရားတို့သည် ရှိကုန်၏။ ရဟန်းတို့ ကိုယ်ဖြင့် ပယ်၍ နှုတ်ဖြင့် မပယ်အပ်သော တရားတို့ဟူသည် အဘယ်တို့နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကိုယ်ဖြင့် အကုသိုလ်(အာပတ်)အစု တစ်ခုခုသို့ ရောက်၏၊ ထိုရဟန်းကို သိနားလည်သော သီတင်းသုံးဖော်တို့က ဉာဏ်ဖြင့် သက်ဝင်၍ “အသျှင်သည်ကား ကိုယ်ဖြင့် အကုသိုလ် (အာပတ်) အစု တစ်ခုခုသို့ ရောက်၏၊ တောင်းပန်ပါ၏၊ အသျှင်သည် ကာယဒုစရိုက်ကို ပယ်၍ ကာယ သုစရိုက်ကို ပွားများပါလော့”ဟု ပြောဆိုကုန်၏။ ထိုရဟန်းသည် သိနားလည်သော သီတင်းသုံး ဖော်တို့က ဉာဏ်ဖြင့် သက်ဝင်၍ ပြောဆိုသည် ဖြစ်ရကား ကာယဒုစရိုက်ကို ပယ်၍ ကာယသုစရိုက်ကို ပွားများ၏။ ရဟန်းတို့ ဤတရားတို့ကို ကိုယ်ဖြင့် ပယ်၍ နှုတ်ဖြင့် မပယ်အပ်သော တရားတို့ဟု ဆိုအပ်ကုန်၏။ ရဟန်းတို့ နှုတ်ဖြင့် ပယ်၍ ကိုယ်ဖြင့် မပယ်အပ်သော တရားတို့ဟူသည် အဘယ်တို့နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် နှုတ်ဖြင့် အကုသိုလ်(အာပတ်)အစု တစ်ခုခုသို့ ရောက်၏၊ ထိုရဟန်းကို သိနားလည်သော သီတင်းသုံးဖော်တို့က ဉာဏ်ဖြင့် သက်ဝင်၍ “အသျှင်သည်ကား နှုတ်ဖြင့် အကုသိုလ်(အာပတ်)အစု တစ်ခုခုသို့ ရောက်၏၊ တောင်းပန်ပါ၏၊ အသျှင်သည် ဝစီဒုစရိုက်ကို ပယ်၍ ဝစီသုစရိုက်ကို ပွားများပါလော့”ဟု ပြောဆိုကုန်၏။ ထိုရဟန်းသည် သိနားလည်သော သီတင်းသုံးဖော်တို့က ဉာဏ်ဖြင့် သက်ဝင်၍ ပြောဆိုသည် ဖြစ်ရကား ဝစီဒုစရိုက်ကို ပယ်၍ ဝစီသုစရိုက်ကို ပွားများ၏။ ရဟန်းတို့ ဤတရားတို့ကို နှုတ်ဖြင့် ပယ်၍ ကိုယ်ဖြင့် မပယ်အပ်သော တရားတို့ဟု ဆိုအပ်ကုန်၏။ ရဟန်းတို့ ကိုယ်ဖြင့် မပယ်အပ် နှုတ်ဖြင့် မပယ်အပ်မူ၍ ပညာဖြင့် မြင်၍ ပယ်အပ်သော တရားတို့ဟူသည် အဘယ်တို့နည်း၊ ရဟန်းတို့ လောဘကို ကိုယ်ဖြင့် မပယ်အပ်, နှုတ်ဖြင့် မပယ်အပ်မူ၍ ပညာဖြင့် မြင်၍ ပယ်အပ်၏၊ ရဟန်းတို့ ဒေါသကို။ပ။ မောဟကို၊ အမျက်ထွက်မှုကို၊ ရန်ငြိုးဖွဲ့မှုကို၊ သူ့ကျေးဇူး ချေဖျက်မှုကို၊ ဂုဏ်ပြိုင်မှုကို၊ ဝန်တိုမှုကို၊ ကိုယ်ဖြင့် မပယ်အပ် နှုတ်ဖြင့် မပယ်အပ်မူ၍့ပညာဖြင့် မြင်၍ ပယ်အပ်၏။ ရဟန်းတို့ ယုတ်ညံ့သော ငြူစူမှုကို ကိုယ်ဖြင့် မပယ်အပ်, နှုတ်ဖြင့် မပယ်အပ်မူ၍ ပညာဖြင့် မြင်၍ ပယ်အပ်၏၊ ရဟန်းတို့ ယုတ်ညံ့သော ငြူစူမှုဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ သူကြွယ် အားလည်းကောင်း၊ သူကြွယ်သားအားလည်းကောင်း ဥစ္စာ စပါး ရွှေ ငွေနှင့် ပြည့်စုံ၏၊ ထိုသို့ ပြည့်စုံရာ၌ အခြားသော ကျွန်အားဖြစ်စေ ကပ်ယပ်နေသူအားဖြစ်စေ “ဤသူကြွယ် သူကြွယ်သားအား ဥစ္စာ စပါး ရွှေ ငွေနှင့် မပြည့်စုံပါမူ ကောင်းလေစွ”ဟု အကြံဖြစ်ရာ၏။ သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည် လည်းကောင်း သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်ကို ရသူဖြစ်၏၊ ထိုသို့ ရရာ၌ အခြားသော သမဏအားလည်းကောင်း၊ ဗြာဟ္မဏအားလည်းကောင်း “ဤအသျှင်သည် သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်ကို ရသူ မဖြစ်ပါမူ ကောင်းလေစွ”ဟု အကြံဖြစ်၏။ ရဟန်းတို့ ဤတရားကို ယုတ်ညံ့သော ငြူစူမှုဟု ဆိုအပ်၏။ ရဟန်းတို့ ယုတ်ညံ့သော အလိုကို ကိုယ်ဖြင့် မပယ်အပ်, နှုတ်ဖြင့် မပယ်အပ်မူ၍ ပညာဖြင့် မြင်၍ ပယ်အပ်၏၊ ရဟန်းတို့ ယုတ်ညံ့သော အလိုဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် သဒ္ဓါမရှိသူဖြစ်လျက် “သဒ္ဓါရှိသူဟု ငါ့ကို သိကြပါစေ”ဟု အလိုရှိ၏၊ သီလမရှိသူဖြစ်လျက် “သီလရှိသူဟု ငါ့ကို သိကြပါစေ”ဟု အလိုရှိ၏၊ အကြားအမြင်နည်းသူဖြစ်လျက် “အကြားအမြင်များသူဟု ငါ့ကို သိကြပါစေ”ဟု အလိုရှိ၏၊ အပေါင်းအဖော်၌ မွေ့လျော်သူဖြစ်လျက် “အပေါင်းအဖော်မှ ကင်းဆိတ် သူဟု ငါ့ကို သိကြပါစေ”ဟု အလိုရှိ၏၊ ပျင်းရိသူဖြစ်လျက် “ထက်သန်သော လုံ့လရှိသူဟု ငါ့ကို သိကြပါစေ”ဟု အလိုရှိ၏၊ သတိလွတ်ကင်းသူဖြစ်လျက် “သတိထင်သူဟု ငါ့ကို သိကြပါစေ”ဟု အလိုရှိ၏၊ မတည်ကြည်သူ ဖြစ်လျက် “တည်ကြည်သူဟု ငါ့ကို သိကြပါစေ”ဟု အလိုရှိ၏၊ ပညာမဲ့သူ ဖြစ်လျက် “ပညာရှိသူဟု ငါ့ကို သိကြပါစေ”ဟု အလိုရှိ၏၊ အာသဝေါတရား မကုန်သူဖြစ်လျက် “အာသဝေါတရား ကုန်သူဟု ငါ့ကို သိကြပါစေ”ဟု အလိုရှိ၏၊ ရဟန်းတို့ ဤတရားကို ယုတ်ညံ့သော အလိုဟု ဆိုအပ်၏။ ရဟန်းတို့ ဤတရားတို့ကို ကိုယ်ဖြင့် မပယ်အပ်, စိတ်ဖြင့် မပယ်အပ်မူ၍ ပညာဖြင့် မြင်၍ ပယ်အပ်သော တရားတို့ဟု ဆိုအပ်ကုန်၏။ ရဟန်းတို့ လောဘသည် အကယ်၍ ထိုရဟန်းကို လွှမ်းမိုး၍ ဖြစ်ပါမူ ဒေါသသည်။ မောဟသည်။ အမျက်ထွက်မှုသည်။ ရန်ငြိုးဖွဲ့မှုသည်။ သူ့ကျေးဇူးကို ချေဖျက်မှုသည်။ ဂုဏ်ပြိုင်မှုသည်။ ဝန်တိုမှု သည်။ ယုတ်ညံ့သော ငြူစူမှုသည်။ ယုတ်ညံ့သော အလိုသည် အကယ်၍ လွှမ်းမိုး၍ ဖြစ်ပါမူ “ဤအသျှင် သည် လောဘ မဖြစ်မည့် အခြင်းအရာကို မသိ၊ ထို့ကြောင့်ပင် ဤအသျှင်ကို လောဘသည် လွှမ်းမိုး၍ ဖြစ်၏၊ ဤအသျှင်သည် ဒေါသ၊ မောဟ၊ အမျက်ထွက်မှု၊ ရန်ငြိုးဖွဲ့မှု၊ သူ့ကျေးဇူးကို ချေဖျက်မှု၊ ဂုဏ်ပြိုင်မှု၊ ဝန်တိုမှု၊ ယုတ်ညံ့သော ငြူစူမှု၊ ယုတ်ညံ့သော အလိုမဖြစ်မည့် အခြင်းရာကို မသိ၊ ထို့ကြောင့်ပင် ဤအသျှင်ကို ယုတ်ညံ့သောအလိုသည် လွှမ်းမိုး၍ ဖြစ်၏”ဟု ထိုရဟန်းကို သိအပ်သည် ဖြစ်ရာ၏။ ရဟန်းတို့ လောဘသည် အကယ်၍ ထိုရဟန်းကို လွှမ်းမိုး၍ မဖြစ်ပါမူ ဒေါသ။ မောဟ။ အမျက် ထွက်မှု။ ရန်ငြိုးဖွဲ့မှု။ သူ့ကျေးဇူးကို ချေဖျက်မှု။ ဂုဏ်ပြိုင်မှု။ ဝန်တိုမှု။ ယုတ်ညံ့သော ငြူစူမှု။ ယုတ်ညံ့သော အလိုသည် အကယ်၍ လွှမ်းမိုး၍ မဖြစ်ပါမူ “ဤအသျှင်သည် လောဘ မဖြစ်မည့် အခြင်း အရာကို သိ၏၊ ထို့ကြောင့်ပင် ဤအသျှင်ကို လောဘသည် လွှမ်းမိုး၍ မဖြစ်၊ ဤအသျှင်သည် ဒေါသ။ မောဟ။ အမျက်ထွက်မှု။ ရန်ငြိုးဖွဲ့မှု။ သူ့ကျေးဇူးကို ချေဖျက်မှု။ ဂုဏ်ပြိုင်မှု။ ဝန်တိုမှု၊ ယုတ်ညံ့သော ငြူစူမှု။ ယုတ်ညံ့သော အလိုမဖြစ်မည့် အခြင်းအရာကို သိ၏၊ ထို့ကြောင့်ပင် ဤအသျှင်ကို ယုတ်ညံ့သော အလိုသည် လွှမ်းမိုး၍ မဖြစ်”ဟု ထိုရဟန်းကို သိအပ်သည် ဖြစ်ရာ၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။