အင်္ဂုတ္တရနိကာယ်

၃-မဟာဝဂ်

၆-ကာဠီသုတ်

၂၆။ အခါတစ်ပါး၌ အသျှင်မဟာကစ္စာနသည် အဝန္တိတိုင်း ကုလဃရမြို့ ပဝတ္တတောင်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ကုလဃရမြို့သူ ကာဠီဥပါသိကာမသည် အသျှင်မဟာကစ္စာနအထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်လျက် အသျှင်မဟာကစ္စာနအား — “အသျှင်ဘုရား မြတ်စွာဘုရားသည် အမျိုးသမီး ပြဿနာတို့၌ — ‘ငါသည် ချစ်ဖွယ် သာယာဖွယ်သဘောဟူသော စစ်တပ်ကို အောင်မြင်ကာ တစ်ပါးတည်းရှုလျက် (အရဟတ္တဖိုလ်ဟူသော) အကျိုးသို့ ရောက်ခြင်းနှင့် စိတ်နှလုံး၏ ငြိမ်သက်ခြင်းဟူသော ချမ်းသာကို အစဉ်သိပြီ၊ ထို့ကြောင့် လူအပေါင်းနှင့် မိတ်ဆွေ ဖွဲ့ခြင်းကို ငါမပြု၊ ငါသည် တစ်ဦးတစ်ယောက်နှင့်မျှ မိတ်ဆွေမဖြစ်’ဟူသော ဤစကားကို မိန့်တော်မူပါ၏။ အသျှင်ဘုရား မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် ဟောတော်မူအပ်သော ဤစကား၏ အနက် သဘောကို အဘယ်သို့လျှင်အကျယ်အားဖြင့် မှတ်ရပါမည်နည်း”ဟု လျှောက်၏။ နှမ သာမဏဗြာဟ္မဏ အချို့တို့သည် (အရဟတ္တဖိုလ်ဟူသော) အကျိုးသည် ပထဝီကသိုဏ်း သမာပတ်လျှင် အလွန်အမြတ်ရှိ၏ဟု (ယူဆ၍ ထိုသမာပတ်ကို)ဖြစ်စေကုန်၏။ နှမ မြတ်စွာဘုရားသည် ပထဝီကသိုဏ်း သမာပတ်၏ လွန်မြတ်သည့် အဖြစ်ရှိသမျှကို အထူးသိတော်မူ၏၊ မြတ်စွာဘုရားသည် ထိုပထဝီကသိုဏ်း သမာပတ်၏ လွန်မြတ်သည့် အဖြစ်ရှိသမျှကို အထူးသိတော်မူ၍ (ထိုသမာပတ်၌) သာယာဖွယ် (သမုဒယသစ္စာ) ကို မြင်တော်မူ၏။ အပြစ် ( ဒုက္ခသစ္စာ ) ကို မြင်တော်မူ၏။ ထွက်မြောက်ရာ (နိရောဓသစ္စာ) ကို မြင်တော်မူ၏။ လမ်းဟုတ် မဟုတ် သိမြင်မှု (မဂ္ဂသစ္စာ) ကို မြင်တော်မူ၏။ ထိုမြတ်စွာဘုရားသည် သာယာဖွယ် (သမုဒယသစ္စာ)ကို မြင်ခြင်းကြောင့်, အပြစ် (ဒုက္ခသစ္စာ) ကို မြင်ခြင်းကြောင့်, ထွက်မြောက်ရာ (နိရောဓသစ္စာ) ကို မြင်ခြင်းကြောင့်, လမ်းဟုတ် မဟုတ် သိမြင်မှု (မဂ္ဂသစ္စာ) ကို မြင်ခြင်း ကြောင့် (အရဟတ္တဖိုလ်ဟူသော) အကျိုးသို့ ရောက်ခြင်းနှင့် စိတ်နှလုံး၏ ငြိမ်သက်ခြင်းကို သိတော်မူ၏။

နှမ သမဏဗြာဟ္မဏ အချို့တို့သည် (အရဟတ္တဖိုလ်ဟူသော) အကျိုးသည် အာပေါကသိုဏ်း သမာပတ်။ တေဇောကသိုဏ်းသမာပတ်။ ဝါယောကသိုဏ်းသမာပတ်။ နီလကသိုဏ်းသမာပတ်။ ပီတကသိုဏ်းသမာပတ်။ လောဟိတကသိုဏ်းသမာပတ်။ သြဒါတကသိုဏ်းသမာပတ်။ အာကာသ ကသိုဏ်း သမာပတ်။ (ပဌမာရုပ္ပ) ဝိညာဏကသိုဏ်းသမာပတ်လျှင် အလွန်အမြတ်ရှိ၏ဟု (ယူဆ၍ ထိုသမာပတ်ကို)ဖြစ်စေကုန်၏။ နှမ မြတ်စွာဘုရားသည် ဝိညာဏကသိုဏ်းသမာပတ်၏ လွန်မြတ်သည့် အဖြစ်ရှိသမျှကို အထူးသိတော်မူ၏၊ မြတ်စွာဘုရားသည် ထိုဝိညာဏ ကသိုဏ်းသမာပတ်၏ လွန်မြတ်သည့် အဖြစ်ရှိသမျှကို အထူးသိတော်မူ၍ (ထိုသမာပတ်၌) သာယာဖွယ် (သမုဒယသစ္စာ) ကို မြင်တော်မူ၏။ အပြစ် ( ဒုက္ခသစ္စာ ) ကို မြင်တော်မူ၏။ ထွက်မြောက်ရာ (နိရောဓသစ္စာ)ကို မြင်တော်မူ၏။ လမ်းဟုတ် မဟုတ် သိမြင်မှု (မဂ္ဂသစ္စာ) ကို မြင်တော်မူ၏။ ထိုမြတ်စွာဘုရားသည် သာယာဖွယ် (သမုဒယသစ္စာ)ကို မြင်ခြင်းကြောင့်, အပြစ် (ဒုက္ခသစ္စာ) ကို မြင်ခြင်းကြောင့်, ထွက်မြောက်ရာ (နိရောဓသစ္စာ) ကို မြင်ခြင်းကြောင့်, လမ်းဟုတ် မဟုတ် သိမြင်မှု (မဂ္ဂသစ္စာ) ကို မြင်ခြင်းကြောင့် (အရဟတ္တဖိုလ်ဟူသော) အကျိုးသို့ ရောက်ခြင်းနှင့် စိတ် နှလုံး၏ ငြိမ်သက်ခြင်းကို သိတော်မူ၏။ နှမ ဤသို့လျှင် မြတ်စွာဘုရားသည် အမျိုးသမီးပြဿနာတို့၌ — “ငါသည် ချစ်ဖွယ် သာယာဖွယ်သဘောဟူသော စစ်တပ်ကို အောင်မြင်ကာ တစ်ပါးတည်း ရှုလျက် (အရဟတ္တဖိုလ်ဟူသော) အကျိုးသို့ ရောက်ခြင်းနှင့် စိတ် နှလုံး၏ ငြိမ်သက်ခြင်းဟူသော ချမ်းသာကို အစဉ်သိပြီ၊ ထို့ကြောင့် လူအပေါင်းနှင့် မိတ်ဆွေဖွဲ့ခြင်းကို ငါမပြု၊ ငါသည် တစ်ဦးတစ်ယောက်နှင့်မျှ မိတ်ဆွေ မဖြစ်’ဟူသော ဤစကားကို မိန့်တော်မူ၏။

နှမ မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် ဟောတော်မူအပ်သော ဤစကား၏ အနက်(သဘော)ကို ဤသို့ အကျယ်အားဖြင့် မှတ်အပ်၏ဟု (မိန့်ဆို၏)။

ဆဋ္ဌသုတ်။