အင်္ဂုတ္တရနိကာယ်

၃-မဟာဝဂ်

၇-ပဌမ မဟာပဥှာသုတ်

၂၇။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ရဟန်းများစွာတို့သည် နံနက်အချိန်၌ သင်္ကန်း ကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်ကာ သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်ကုန်၏။ ထိုအခါ ရဟန်းတို့ အား “သာဝတ္ထိပြည်သို့ ဆွမ်းခံလှည့်လည်ရန် အလွန်စောသေး၏၊ ငါတို့သည် သာသနာတော်မှ တစ်ပါးသော အယူရှိကြသည့် ပရိဗိုဇ်တို့၏ အရံသို့ ချဉ်းကပ်ကြရမူ ကောင်းလေစွ”ဟု အကြံဖြစ်၏။ ထိုသို့ ကြံပြီးနောက် ထိုရဟန်းတို့သည် သာသနာတော်မှ တစ်ပါးသော အယူရှိကြသည့် ပရိဗိုဇ်တို့၏ အရံသို့ ချဉ်းကပ်ကြပြီးလျှင် ထိုသာသနာတော်မှ တစ်ပါးသောအယူရှိကြသည့် ပရိဗိုဇ်တို့နှင့်အတူ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆို ပြီးဆုံးစေကာ တစ်ခုသောနေရာ၌ ထိုင်နေကုန်၏၊ တစ်ခုသောနေရာ၌ ထိုင်ကုန်သော ထိုရဟန်းတို့အား သာသနာတော်မှ တစ်ပါးသော အယူရှိကြသည့် ထိုပရိဗိုဇ်တို့သည် ဤသို့ ပြောဆိုကုန်၏ —

ငါ့သျှင်တို့ ရဟန်းဂေါတမသည် သာဝကတို့အား “ရဟန်းတို့ သင်တို့ လာကုန်လော့၊ တရား အားလုံးကို သိကုန်လော့၊ တရားအားလုံးကို သိ၍ နေကုန်လော့”ဟု ဤသို့ တရားဟော၏။ ငါ့သျှင်တို့ ငါတို့သည်လည်း သာဝကတို့အား “ငါ့သျှင်တို့ သင်တို့ လာကုန်လော့၊ တရားအားလုံးကို သိကုန်လော့၊ တရားအားလုံးကို သိ၍ နေကုန်လော့”ဟု ဤသို့ တရားကို ဟောကုန်၏။ ငါ့သျှင်တို့ ဤငါတို့ တရား ဟောရာ၌ ရဟန်းဂေါတမနှင့် ငါတို့၏ တရားဟောပုံချင်း ဆုံးမပုံချင်း အဘယ်သို့ ထူးသနည်း၊ အဘယ် သို့ ပိုလွန်သနည်း အဘယ်သို့ ခြားနားသနည်း (ဟု ပြောဆိုကြကုန်၏)။

ထိုအခါ ထိုရဟန်းတို့သည် ထိုသာသနာတော်မှ တစ်ပါးသော အယူရှိကြသည့် ပရိဗိုဇ်တို့၏ စကားကို မနှစ်သက်ကုန် မတားမြစ်ကုန်၊ မနှစ်သက်ကုန် မတားမြစ်ကုန်ဘဲ နေရာမှ ထကာ “မြတ်စွာဘုရား၏ အထံ၌ ထိုစကား၏ အနက် (အဓိပ္ပါယ်) ကို သိရကုန်အံ့”ဟု ဖဲသွားကြကုန်၏။ ထို့နောက် ထိုရဟန်းတို့သည် သာဝတ္ထိပြည်၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းစားပြီးနောက် ဆွမ်းခံရာမှ ဖဲကုန်လျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်ကုန်လျက် အသျှင်ဘုရား အကျွန်ုပ်တို့သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်ကာ သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်ကြပါ၏။ အသျှင်ဘုရား ထိုအကျွန်ုပ်တို့အား “သာဝတ္ထိပြည်၌ ဆွမ်းခံလှည့် လည်ရန်စောသေး၏၊ ငါတို့သည် သာသနာတော်မှ တစ်ပါးသော အယူရှိကြသည့် ပရိဗိုဇ်တို့၏ အရံသို့ ချဉ်းကပ်ရမူ ကောင်းလေစွ”ဟု အကြံဖြစ်ကြပါ၏။ အသျှင်ဘုရား ထိုအခါ အကျွန်ုပ်တို့သည် သာသနာ တော်မှ တစ်ပါးသော အယူရှိကြသည့် ပရိဗိုဇ်တို့၏ အရံသို့ ချဉ်းကပ်ကြပြီးနောက် ထိုသာသနာတော်မှ တစ်ပါးသော အယူရှိကြသည့် ပရိဗိုဇ်တို့နှင့်အတူ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆို ပြီးဆုံးစေကာ တစ်ခုသောနေရာ၌ ထိုင်နေကြပါ၏၊ တစ်ခုသောနေရာ၌ ထိုင်နေကြကုန်သော အကျွန်ုပ်တို့အား သာသနာတော်မှ တစ်ပါးသော အယူရှိကြသည့် ပရိဗိုဇ်တို့သည် — ငါ့သျှင်တို့ ရဟန်းဂေါတမ သည် သာဝကတို့အား “ရဟန်းတို့ သင်တို့ လာကုန်လော့၊ တရားအားလုံးကို သိကုန်လော့၊ တရား အားလုံးကို သိ၍ နေကုန်လော့”ဟု ဤသို့ တရားဟော၏။ ငါ့သျှင်တို့ ငါတို့သည်လည်း သာဝကတို့အား “ငါ့သျှင်တို့ သင်တို့ လာကုန်လော့၊ တရားအားလုံးကို သိကုန်လော့၊ တရားအားလုံးကို သိ၍ နေကုန်လော့”ဟု ဤသို့ တရားကို ဟောကုန်၏။ “ငါ့သျှင်တို့ ဤငါတို့ တရားဟောရာ၌ ရဟန်း ဂေါတမနှင့် ငါတို့၏ တရားဟောပုံချင်း ဆုံးမပုံချင်း အဘယ်သို့ ထူးသနည်း၊ အဘယ်သို့ ပိုလွန်သနည်း အဘယ်သို့ ခြားနားသနည်း”ဟု ဤစကားကို ပြောဆိုကြပါကုန်၏။ အသျှင်ဘုရား ထိုအခါ အကျွန်ုပ်တို့သည် ထိုသာသနာတော်မှ တစ်ပါးသော အယူရှိကြသည့် ပရိဗိုဇ်တို့၏ စကားကို မနှစ်သက်ပါကုန် မတားမြစ်ပါကုန်၊ မနှစ်သက်ကုန် မတားမြစ်ကုန်ဘဲ နေရာမှထကာ “မြတ်စွာဘုရား၏ အထံမှ ထိုစကား၏ အနက် (အဓိပ္ပါယ်) ကို သိကြကုန်အံ့”ဟု ဖဲခဲ့ကြပါကုန်၏ဟု လျှောက်ကြကုန်၏။ ရဟန်းတို့ ဤသို့ ဆိုလေ့ရှိကုန်သော သာသနာတော်မှ တစ်ပါးသော အယူရှိကြသည့် ပရိဗိုဇ်တို့ကို ဤသို့ ပြောဆို မေးမြန်းကုန်ရာ၏၊ “ငါ့သျှင်တို့ ပြဿနာတစ်ခု ရည်ညွှန်းချက်တစ်ခု ဖြေဆိုချက်တစ်ခု၊ ပြဿနာနှစ်ခု ရည်ညွှန်းချက်နှစ်ခု ဖြေဆိုချက်နှစ်ခု၊ ပြဿနာသုံးခု ရည်ညွှန်းချက်သုံးခု ဖြေဆိုချက်သုံးခု၊ ပြဿနာလေးခု ရည်ညွှန်းချက်လေးခု ဖြေဆိုချက်လေးခု၊ ပြဿနာငါးခု ရည်ညွှန်းချက်ငါးခု ဖြေဆိုချက် ငါးခု၊ ပြဿနာခြောက်ခု ရည်ညွှန်းချက်ခြောက်ခု ဖြေဆိုချက်ခြောက်ခု၊ ပြဿနာခုနစ်ခု ရည်ညွှန်းချက်ခုနစ်ခု ဖြေဆိုချက်ခုနစ်ခု၊ ပြဿနာရှစ်ခု ရည်ညွှန်းချက်ရှစ်ခု ဖြေဆိုချက်ရှစ်ခု၊ ပြဿနာကိုးခု ရည်ညွှန်းချက်ကိုးခု ဖြေဆိုချက်ကိုးခု၊ ပြဿနာဆယ်ခု ရည်ညွှန်းချက်ဆယ်ခု ဖြေဆိုချက်ဆယ်ခု”ဟု (ဤသို့ ပြောဆို မေးမြန်း ကုန်ရာ၏)။

ရဟန်းတို့ သာသနာတော်မှ တစ်ပါးသော အယူရှိကြသည့် ပရိဗိုဇ်တို့သည် ဤသို့ အမေးခံကြရ သည် ရှိသော် ကျကျနန ပြည့်ပြည့်စုံစုံ ဖြေဆိုနိုင်ကြလိမ့်မည် မဟုတ်ကုန်၊ အလွန်ပင်ပန်းခြင်းသို့လည်း ရောက်ကြကုန်လိမ့်မည်၊ ထိုသို့ ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ အရာမဟုတ်သော ကြောင့်တည်း။

ရဟန်းတို့ နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူလောက၌ မြတ်စွာဘုရားကိုလည်းကောင်း၊ မြတ်စွာဘုရား၏ တပည့်ကိုလည်းကောင်း ဤသာသနာတော်မှ ကြားနာရ၍ (ပြောဆိုသူကိုလည်းကောင်း) ကြဉ်ထား၍ ဤပြဿနာတို့ကို ဖြေဆိုခြင်းဖြင့် စိတ်ကို နှစ်သိမ့်စေနိုင်မည့် အခြားသူကို ငါမမြင်။

“ပြဿနာတစ်ခု ရည်ညွှန်းချက်တစ်ခု ဖြေဆိုချက်တစ်ခု”ဟု ဆိုခဲ့သော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုအပ်သနည်း။ ရဟန်းတို့ တရားတစ်ခု၌ ရဟန်းသည် ကောင်းစွာ ငြီးငွေ့သည် ကောင်းစွာ တပ်ခြင်း ကင်းသည် ကောင်းစွာလွတ်မြောက်သည် ကောင်းစွာ အဆုံးအပိုင်းအခြားကို ရှုလေ့ရှိသည်ဖြစ်၍ အနက် သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ အဘယ်တရားတစ်ခုနည်း၊ သတ္တဝါအားလုံးတို့သည် အာဟာရလျှင် တည်ရာရှိကုန်၏။ ရဟန်းတို့ ဤ (အာဟာရ) တရားတစ်ခု၌ ရဟန်းသည် ကောင်းစွာ ငြီးငွေ့သည် ကောင်းစွာ တပ်ခြင်းကင်းသည် ကောင်းစွာ လွတ်မြောက်သည် ကောင်းစွာ အဆုံးအပိုင်းအခြားကို ရှုလေ့ရှိသည် ဖြစ်၍ အနက်သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ “ပြဿနာတစ်ခု ရည်ညွှန်းချက်တစ်ခု ဖြေဆိုချက်တစ်ခု”ဟု ဆိုခဲ့သော ထိုစကားကို ဤသည်ကို စွဲ၍ ဆိုအပ်၏။ “ပြဿနာနှစ်ခု ရည်ညွှန်းချက်နှစ်ခု ဖြေဆိုချက်နှစ်ခု”ဟု ဆိုခဲ့သော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုအပ်သနည်း။ ရဟန်းတို့ တရားနှစ်မျိုးတို့၌ ရဟန်းသည် ကောင်းစွာ ငြီးငွေ့သည် ကောင်းစွာ တပ်ခြင်း ကင်းသည် ကောင်းစွာ လွတ်မြောက်သည် ကောင်းစွာ အဆုံးအပိုင်းအခြားကို ရှုလေ့ရှိသည်ဖြစ်၍ အနက် သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ အဘယ် နှစ်မျိုးတို့နည်း၊ ရုပ်၊ နာမ်တို့တည်း။ ရဟန်းတို့ ဤ (ရုပ်၊ နာမ်) တရားနှစ်မျိုးတို့၌ ရဟန်းသည် ကောင်းစွာ ငြီးငွေ့သည် ကောင်းစွာ တပ်ခြင်းကင်းသည် ကောင်းစွာ လွတ်မြောက်သည် ကောင်းစွာ အဆုံးအပိုင်းအခြားကို ရှုလေ့ရှိသည်ဖြစ်၍ ကောင်းစွာ အနက်သဘောကို သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ “ပြဿနာနှစ်ခု ရည်ညွှန်းချက်နှစ်ခု ဖြေဆိုချက်နှစ်ခု”ဟု ဆိုခဲ့သော ထိုစကားကို ဤသည်ကို စွဲ၍ ဆိုအပ်၏။ “ပြဿနာသုံးခု ရည်ညွှန်းချက်သုံးခု ဖြေဆိုချက်သုံးခု”ဟု ဆိုခဲ့သော ထိုစကားကို အဘယ်ကို စွဲ၍့ဆိုအပ်သနည်း။ ရဟန်းတို့ တရားသုံးမျိုးတို့၌ ရဟန်းသည် ကောင်းစွာ ငြီးငွေ့သည် ကောင်းစွာ တပ်ခြင်းကင်းသည် ကောင်းစွာ လွတ်မြောက်သည် ကောင်းစွာ အဆုံးအပိုင်းအခြားကို ရှုလေ့ရှိသည်ဖြစ်၍ု ကောင်းစွာ အနက်သဘောကို သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ အဘယ်သုံးမျိုးတို့နည်း၊ ဝေဒနာသုံးမျိုးတို့တည်း။ ရဟန်းတို့ ဤ (ဝေဒနာ) တရားသုံးမျိုးတို့၌ ရဟန်းသည် ကောင်းစွာ ငြီးငွေ့သည် ကောင်းစွာ တပ်ခြင်းကင်းသည် ကောင်းစွာ လွတ်မြောက်သည် ကောင်းစွာ အဆုံး အပိုင်းအခြားကို ရှုလေ့ရှိသည်ဖြစ်၍ အနက် သဘောကို ကောင်းစွာသိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခ အဆုံးကို ပြု၏။ “ပြဿနာသုံးခု ရည်ညွှန်းချက်သုံးခု ဖြေဆိုချက်သုံးခု”ဟု ဆိုခဲ့သော ထိုစကားကို ဤသည်ကို စွဲ၍ ဆိုအပ်၏။ “ပြဿနာလေးခု ရည်ညွှန်းချက်လေးခု ဖြေဆိုချက်လေးခု”ဟု ဆိုခဲ့သော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုအပ်သနည်း။ ရဟန်းတို့ တရားလေးမျိုးတို့၌ ရဟန်းသည် ကောင်းစွာ ငြီးငွေ့သည် ကောင်းစွာ တပ်ခြင်းကင်းသည် ကောင်းစွာ လွတ်မြောက်သည် ကောင်းစွာ အဆုံးအပိုင်းအခြားကို ရှုလေ့ရှိသည်ဖြစ်၍ အနက်သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ အဘယ်တရား လေးမျိုးတို့နည်း၊ အာဟာရလေးမျိုးတို့တည်း။ ရဟန်းတို့ ဤ (အာဟာရ) တရားလေးမျိုးတို့၌ ရဟန်း သည် ကောင်းစွာ ငြီးငွေ့သည် ကောင်းစွာ တပ်ခြင်းကင်းသည် ကောင်းစွာ လွတ်မြောက်သည် ကောင်းစွာ အဆုံးအပိုင်းအခြားကို ရှုလေ့ရှိသည်ဖြစ်၍ အနက်သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ “ပြဿနာလေးခု ရည်ညွှန်းချက်လေးခု ဖြေဆိုချက်လေးခု”ဟု ဆိုခဲ့သော ထိုစကားကို ဤသည်ကို စွဲ၍ ဆိုအပ်၏။ “ပြဿနာငါးခု ရည်ညွှန်းချက်ငါးခု ဖြေဆိုချက်ငါးခု”ဟု ဆိုခဲ့သော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုအပ်သနည်း။ ရဟန်းတို့ တရားငါးမျိုးတို့၌ ရဟန်းသည် ကောင်းစွာ ငြီးငွေ့သည် ကောင်းစွာ တပ်ခြင်းကင်းသည် ကောင်းစွာ လွတ်မြောက်သည် ကောင်းစွာ အဆုံးအပိုင်းအခြားကို ရှုလေ့ရှိသည်ဖြစ်၍ အနက်သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ အဘယ်ငါးမျိုးတို့နည်း၊ ဥပါဒါနက္ခန္ဓာ ငါးမျိုးတို့တည်း။ ရဟန်းတို့ ဤ (ဥပါဒါနက္ခန္ဓာ) တရား ငါးမျိုးတို့၌ ရဟန်း သည် ကောင်းစွာ ငြီးငွေ့သည် ကောင်းစွာ တပ်ခြင်းကင်းသည် ကောင်းစွာ လွတ်မြောက်သည် ကောင်းစွာ အဆုံးအပိုင်းအခြားကို ရှုလေ့ရှိသည်ဖြစ်၍ အနက်သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ “ပြဿနာငါးခု ရည်ညွှန်းချက်ငါးခု ဖြေဆိုချက်ငါးခု”ဟု ဆိုခဲ့သော ထိုစကားကို ဤသည်ကို စွဲ၍ ဆိုအပ်၏။ “ပြဿနာခြောက်ခု ရည်ညွှန်းချက်ခြောက်ခု ဖြေဆိုချက်ခြောက်ခု”ဟု ဆိုခဲ့သော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုအပ်သနည်း။ ရဟန်းတို့ တရားခြောက်မျိုးတို့၌ ရဟန်းသည် ကောင်းစွာ ငြီးငွေ့သည် ကောင်းစွာ တပ်ခြင်းကင်းသည် ကောင်းစွာ လွတ်မြောက်သည် ကောင်းစွာ အဆုံးအပိုင်းအခြားကို ရှုလေ့ ရှိသည်ဖြစ်၍ အနက်သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ အဘယ် ခြောက်မျိုးတို့နည်း၊ အတွင်း ‘အဇ္ဈတ္တိက’ အာယတနခြောက်မျိုးတို့တည်း။ ရဟန်းတို့ ဤ (အဇ္ဈတ္တိက အာယတန) တရားခြောက်မျိုးတို့၌ ရဟန်းသည် ကောင်းစွာ ငြီးငွေ့သည် ကောင်းစွာ တပ်ခြင်းကင်းသည် ကောင်းစွာ လွတ်မြောက်သည် ကောင်းစွာ အဆုံးအပိုင်းအခြားကို ရှုလေ့ရှိသည်ဖြစ်၍ အနက်သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ “ပြဿနာခြောက်ခု ရည်ညွှန်းချက် ခြောက်ခု ဖြေဆိုချက်ခြောက်ခု”ဟု ဆိုခဲ့သော ထိုစကားကို ဤသည်ကို စွဲ၍ ဆိုအပ်၏။ “ပြဿနာခုနစ်ခု ရည်ညွှန်းချက်ခုနစ်ခု ဖြေဆိုချက်ခုနစ်ခု”ဟု ဆိုခဲ့သော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုအပ်သနည်း။ ရဟန်းတို့ တရားခုနစ်မျိုးတို့၌ ရဟန်းသည် ကောင်းစွာ ငြီးငွေ့သည် ကောင်းစွာ တပ်ခြင်းကင်းသည် ကောင်းစွာ လွတ်မြောက်သည် ကောင်းစွာ အဆုံးအပိုင်းအခြားကို ရှုလေ့ရှိသည်ဖြစ်၍့အနက်သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ အဘယ်ခုနစ်မျိုးတို့နည်း၊ ဝိညာဏ်၏ တည်ရာ ‘ဝိညာဏဋ္ဌိတိ’ ခုနစ်မျိုးတို့တည်း။ ရဟန်းတို့ ဤ (ဝိညာဏဋ္ဌိတိ) တရား ခုနစ်မျိုးတို့၌ ရဟန်းသည် ကောင်းစွာ ငြီးငွေ့သည် ကောင်းစွာ တပ်ခြင်းကင်းသည် ကောင်းစွာ လွတ်မြောက်သည် ကောင်းစွာ အဆုံး အပိုင်းအခြားကို ရှုလေ့ရှိသည်ဖြစ်၍ အနက်သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ “ပြဿနာခုနစ်ခု ရည်ညွှန်းချက်ခုနစ်ခု ဖြေဆိုချက် ခုနစ်ခု”ဟု ဆိုခဲ့သော ထိုစကားကို ဤသည်ကို စွဲ၍ ဆိုအပ်၏။ “ပြဿနာရှစ်ခု ရည်ညွှန်းချက်ရှစ်ခု ဖြေဆိုချက်ရှစ်ခု”ဟု ဆိုခဲ့သော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုအပ်သနည်း။ ရဟန်းတို့ တရားရှစ်မျိုးတို့၌ ရဟန်းသည် ကောင်းစွာ ငြီးငွေ့သည် ကောင်းစွာ တပ်ခြင်းကင်းသည် ကောင်းစွာ လွတ်မြောက်သည် ကောင်းစွာ အဆုံးအပိုင်းအခြားကို ရှုလေ့ရှိသည်ဖြစ်၍ အနက်သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ အဘယ်ရှစ်မျိုးတို့နည်း၊ လောကဓံတရား ရှစ်မျိုးတို့တည်း။ ရဟန်းတို့ ဤ(လောကဓံ)တရားရှစ်မျိုးတို့၌ ရဟန်းသည် ကောင်းစွာ ငြီးငွေ့သည် ကောင်းစွာ တပ်ခြင်းကင်းသည် ကောင်းစွာ လွတ်မြောက်သည် ကောင်းစွာ အဆုံး အပိုင်းအခြားကို ရှုလေ့ရှိသည်ဖြစ်၍ အနက်သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခ အဆုံးကို ပြု၏။ “ပြဿနာရှစ်ခု ရည်ညွှန်းချက်ရှစ်ခု ဖြေဆိုချက်ရှစ်ခု”ဟု ဆိုခဲ့သော ထိုစကားကို ဤသည်ကို စွဲ၍ ဆိုအပ်၏။ “ပြဿနာကိုးခု ရည်ညွှန်းချက်ကိုးခု ဖြေဆိုချက်ကိုးခု”ဟု ဆိုခဲ့သော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုအပ်သနည်း။ ရဟန်းတို့ တရားကိုးမျိုးတို့၌ ရဟန်းသည် ကောင်းစွာ ငြီးငွေ့သည် ကောင်းစွာ တပ်ခြင်းကင်းသည် ကောင်းစွာ လွတ်မြောက်သည် ကောင်းစွာ အဆုံးအပိုင်းအခြားကို ရှုလေ့ရှိသည်ဖြစ်၍ အနက်သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ အဘယ်ကိုးမျိုးတို့နည်း၊ သတ္တဝါတို့၏ တည်ရာ ‘သတ္တာဝါသ’ ကိုးမျိုးတို့တည်း။ ရဟန်းတို့ ဤ (သတ္တာဝါသ) တရား ကိုးမျိုးတို့၌ ရဟန်းသည် ကောင်းစွာ ငြီးငွေ့သည် ကောင်းစွာ တပ်ခြင်း ကင်းသည် ကောင်းစွာ လွတ်မြောက်သည် ကောင်းစွာ အဆုံးအပိုင်းအခြားကို ရှုလေ့ရှိသည်ဖြစ်၍ အနက်သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ “ပြဿနာကိုးခု ရည်ညွှန်းချက်ကိုးခု ဖြေဆိုချက် ကိုးခု”ဟု ဆိုခဲ့သော စကားကို ဤသည်ကို စွဲ၍ ဆိုအပ်၏။ “ပြဿနာဆယ်ခု ရည်ညွှန်းချက်ဆယ်ခု ဖြေဆိုချက်ဆယ်ခု”ဟု ဆိုခဲ့သော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုအပ်သနည်း။ ရဟန်းတို့ တရားဆယ်မျိုးတို့၌ ရဟန်းသည် ကောင်းစွာ ငြီးငွေ့သည် ကောင်းစွာ တပ်ခြင်း ကင်းသည် ကောင်းစွာ လွတ်မြောက်သည် ကောင်းစွာ အဆုံးအပိုင်းအခြားကို ရှုလေ့ရှိသည်ဖြစ်၍ အနက် သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ အဘယ်ဆယ်မျိုးတို့နည်း၊ အကုသိုလ်ကမ္မပထဆယ်မျိုးတို့တည်း။ ရဟန်းတို့ ဤ (အကုသလကမ္မပထ) တရားဆယ်မျိုးတို့၌ ရဟန်းသည် ကောင်းစွာ ငြီးငွေ့သည် ကောင်းစွာ တပ်ခြင်းကင်းသည် ကောင်းစွာ လွတ်မြောက်သည် ကောင်းစွာ အဆုံးအပိုင်းအခြားကို ရှုလေ့ရှိသည်ဖြစ်၍ အနက်သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ “ပြဿနာဆယ်ခု ရည်ညွှန်းချက်ဆယ်ခု ဖြေဆိုချက်ဆယ်ခု”ဟု ဆိုခဲ့သော ထိုစကားကို ဤသည်ကို စွဲ၍ ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။