အင်္ဂုတ္တရနိကာယ်

၃-မဟာဝဂ်

၉-ပဌမ ကောသလသုတ်

၂၉။ ရဟန်းတို့ ပသေနဒိကောသလမင်း၏ နိုင်ငံတော် ကာသိတိုင်း ကောသလတိုင်းနယ် ရှိသမျှ အတွင်း၌ ပသေနဒိကောသလမင်းကို အမြတ်ဆုံးဟု ဆိုအပ်၏။ ရဟန်းတို့ ပသေနဒိကောသလမင်းအားသော်လည်း တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းရှိသည်သာတည်း၊ ဖောက်ပြန်ပြောင်းလဲခြင်း ရှိသည်သာတည်း။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် ထိုစည်းစိမ် မျိုး၌လည်း ငြီးငွေ့၏၊ ထိုစည်းစိမ်မျိုး၌ ငြီးငွေ့သော် မြတ်သော (ကောသလမင်း) အဖြစ်၌ တပ်ခြင်း ကင်း၏၊ ယုတ်ညံ့သော (သာမာန်) စည်းစိမ်မျိုး၌ကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။ (၁)

ရဟန်းတို့ လနေတို့သည် လှည့်လည်ကုန်လျက် အရပ်မျက်နှာတို့ ထွန်းလင်းတောက်ပရာ အပိုင်း အခြားအားဖြင့် တစ်ထောင်အဖို့အစုရှိသော လောကဓာတ်သည် ရှိ၏။ ထိုလောကဓာတ်တစ်ထောင်၌ လတစ်ထောင် နေတစ်တောင် မြင့်မိုရ်တောင်မင်းတစ်ထောင် ဇမ္ဗူဒီပါကျွန်းတစ်ထောင် အပရဂေါယာနကျွန်း တစ်ထောင် ဥတ္တရကုရုကျွန်းတစ်ထောင် ပုဗ္ဗဝိဒေဟကျွန်းတစ်ထောင် မဟာသမုဒ္ဒရာလေးထောင် နတ်မင်း ကြီးလေးထောင် စာတုမဟာရာဇ်နတ်ဘုံတစ်ထောင် တာဝတိံသာနတ်ဘုံတစ်ထောင် ယာမာနတ်ဘုံ တစ်ထောင် တုသိသာနတ်ဘုံတစ်ထောင် နိမ္မာနရတိနတ်ဘုံတစ်ထောင် ပရနိမ္မိတဝသဝတ္တီနတ်ဘုံတစ်ထောင် ဗြဟ္မာ့ဘုံတစ်ထောင် ရှိ၏။ ရဟန်းတို့ တစ်ထောင်မျှသော လောကဓာတ်၌ မဟာဗြဟ္မာကို အမြတ်ဆုံးဟု ဆိုအပ်၏။ ရဟန်းတို့ မဟာဗြဟ္မာအားသော်လည်း တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းရှိသည် သာတည်း၊ ဖောက်ပြန်ပြောင်းလဲခြင်း ရှိသည်သာတည်း။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် ထို (စည်းစိမ်မျိုး) ၌လည်း ငြီးငွေ့၏၊ ထို (စည်းစိမ်မျိုး) ၌ ငြီးငွေ့သော် မြတ်သော (မဟာဗြဟ္မာ) အဖြစ်၌ တပ်ခြင်းကင်း၏၊ ယုတ်ညံ့သော (သာမာန်) စည်းစိမ်မျိုး၌ကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။ (၂)

ရဟန်းတို့ ဤလောကဓာတ်၌ ပျက်စီးသော အခါမျိုးသည် ရှိ၏၊ ရဟန်တို့ လောကဓာတ် ပျက်စီး လတ်သော် သတ္တဝါတို့သည် များသောအားဖြင့် အာဘဿရာဘုံ၌ ဖြစ်ကုန်၏။ ထိုသူတို့သည် ထိုဘုံ၌ ဈာန်စိတ်ကြောင့် ဖြစ်ကုန်၏၊ (နှစ်သိမ့်ခြင်း) ပီတိလျှင် အစာရှိကုန်၏၊ မိမိတို့ ကိုယ်ရောင်ဖြင့် လင်းလျက့်ရှိကုန်၏၊ ကောင်းကင်၌ ကျက်စားကုန်၏၊ တင့်တယ်သောနေရာရှိကုန်၏၊ ကြာမြင့်စွာသော ကာလ ပတ်လုံး တည်ကုန်၏။ ရဟန်းတို့ ပျက်စီးသော လောကဓာတ်အတွင်း၌ အာဘဿရာဗြဟ္မာတို့ကို အမြတ်ဆုံးဟု ဆိုအပ်ကုန်၏။ ရဟန်းတို့ အာဘဿရာဗြဟ္မာတို့အားသော်လည်း တစ်ပါးသော အခြင်း အရာအားဖြင့် ဖြစ်ခြင်းရှိသည်သာတည်း၊ ဖောက်ပြန်ပြောင်းလဲခြင်းရှိသည်သာတည်း။ရဟန်းတို့ ဤသို့ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် ထို (စည်းစိမ်မျိုး) ၌လည်း ငြီးငွေ့၏၊ ထို (စည်းစိမ်မျိုး) ၌ ငြီးငွေ့သော် မြတ်သော (အာ ဘဿရာဗြဟ္မာ) မင်းအဖြစ်၌ တပ်ခြင်းကင်း၏၊ ယုတ်ညံ့သော (သာမာန်) စည်းစိမ်မျိုး၌ကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။ (၃)

ရဟန်းတို့ တည်ရာကသိုဏ်းတို့သည် ဤဆယ်မျိုးတို့တည်း။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ — အချို့သော သူသည် အထက် အောက် ဖီလာ၌ နှစ်မျိုးမရှိသော ပမာဏမရှိသော ပထဝီကသိုဏ်းကို သိ၏၊ အချို့သော သူသည် အာပေါကသိုဏ်းကို သိ၏။ပ။ အချို့သောသူသည် တေဇောကသိုဏ်းကို သိ၏။ အချို့သောသူသည် ဝါယောကသိုဏ်းကို သိ၏။ အချို့သောသူသည် နီလကသိုဏ်းကို သိ၏။ အချို့သောသူသည် ပီတကသိုဏ်းကို သိ၏။ အချို့သော သူသည် လောဟိတကသိုဏ်းကို သိ၏။ အချို့သောသူသည် သြဒါတကကသိုဏ်းကို သိ၏။ အချို့သော သူသည် အာကာသကသိုဏ်းကို သိ၏။ အချို့သောသူသည် အထက် အောက် ဖီလာ၌ နှစ်မျိုးမရှိသော ပမာဏမရှိသော ဝိညာဏကသိုဏ်းကို သိ၏။ ရဟန်းတို့ ဤသည်တို့ကား တည်ရာကသိုဏ်း ဆယ်မျိုးတို့တည်း။ ရဟန်းတို့ ဤတည်ရာ ကသိုဏ်းဆယ်မျိုးတို့တွင် အချို့သောသူ သိသော အထက် အောက် ဖီလာ၌ နှစ်မျိုးမရှိသော ပမာဏ မရှိသော ဤဝိညာဏကသိုဏ်းသည် အမြတ်ဆုံးတည်း။ ရဟန်းတို့ ဤသို့ (ဝိညာဏကသိုဏ်းကို) သိမှတ်မှုရှိသော သတ္တဝါတို့လည်း ရှိကုန်၏။ ရဟန်းတို့ ဤသို့သိမှတ်မှုရှိသော သတ္တဝါတို့အားသော် လည်း တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းရှိသည်သာတည်း၊ ဖောက်ပြန်ပြောင်းလဲခြင်း ရှိသည် သာတည်း။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် ထို (ကသိုဏ်း) ၌ လည်း ငြီးငွေ့၏၊ ထိုကသိုဏ်း၌ ငြီးငွေ့သော် မြတ်သော ဝိညာဏကသိုဏ်း၌ တပ်ခြင်းကင်း၏၊ ယုတ်ညံ့သော ကသိုဏ်း၌ကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။ (၄)

ရဟန်းတို့ (ဆန့်ကျင်ဘက်တရားနှင့် အာရုံတို့ကို) လွှမ်းမိုးနိုင်ကြောင်း ‘အဘိဘာယတန’ ဈာန်တို့ သည် ဤရှစ်မျိုးတို့တည်း၊ အဘယ်ရှစ်မျိုးတို့နည်းဟူမူ — တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်တို့ကို ရှုမှတ်၍ အပသန္တာန်၌ ကောင်းသောအဆင်း မကောင်းသောအဆင်းရှိသော ငယ်သော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ ထို (ရုပ်)တို့ကို လွှမ်းမိုး၍ “(ငါ) သိ၏၊ (ငါ) မြင်၏”ဟု ဤသို့ အမှတ် သညာ ရှိ၏။ ဤကား ပဌမ အဘိဘာယတနဈာန်ပေတည်း။

တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်တို့ကို ရှုမှတ်၍ အပသန္တာန်၌ ကောင်းသော အဆင်း မကောင်းသော အဆင်းရှိသော ကြီးသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ ထို (ရုပ်)တို့ကို လွှမ်းမိုး ၍ “(ငါ) သိ၏၊ (ငါ) မြင်၏”ဟု ဤသို့ အမှတ် သညာ ရှိ၏။ ဤကား ဒုတိယ အဘိဘာယတနဈာန် ပေတည်း။

တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်တို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ ကောင်းသော အဆင်း မကောင်းသော အဆင်းရှိသော ငယ်ကုန်သော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ ထို(ရုပ်)တို့ကို လွှမ်းမိုး၍ “(ငါ) သိ၏၊ (ငါ) မြင်၏”ဟု ဤသို့ အမှတ် သညာ ရှိ၏။ ဤကား တတိယ အဘိဘာ ယတနဈာန်ပေတည်း။

တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်တို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ ကောင်းသော အဆင်း မကောင်းသော အဆင်းရှိသော ကြီးသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ ထို(ရုပ်)တို့ကို လွှမ်းမိုး ၍ “(ငါ) သိ၏၊ (ငါ) မြင်၏”ဟု ဤသို့ အမှတ်သညာ ရှိ၏။ ဤကား စတုတ္ထအဘိဘာယတနဈာန့်ပေတည်း။

တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်တို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ ညိုသော အဆင်း ညိုသောအသွေး ညိုသောအရောင်ရှိသော ညိုသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ ညိုသော အဆင်း ညိုသောအသွေး ညိုသောအရောင်ရှိသော ညိုသော အောင်မဲညိုပန်းကဲ့သို့လည်းကောင်း၊ ညိုသော အဆင်း ညိုသောအသွေး ညိုသောအရောင်ရှိသော ဗာရာဏသီပြည်ဖြစ် ညိုသော နှစ်ဖက်ချောအဝတ် ကဲ့သို့လည်းကောင်း ဤအတူ တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်တို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ ညိုသောအဆင်း ညိုသောအသွေး ညိုသောအရောင်ရှိသော ညိုသော (ကသိုဏ်း)ရုပ်တို့ကို ရှု၏၊ ထို(ရုပ်)တို့ကို လွှမ်းမိုး၍ “(ငါ) သိ၏၊ (ငါ) မြင်၏”ဟု ဤသို့ အမှတ်သညာ ရှိ၏။ ဤကား ပဉ္စမ အဘိဘာယတနဈာန်ပေတည်း။

တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်တို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ ဝါရွှေသော အဆင်း ဝါရွှေသောအသွေး ဝါရွှေသောအရောင်ရှိသော ဝါရွှေသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ ဝါရွှေသော အဆင်း ဝါရွှေသောအသွေး ဝါရွှေသောအရောင်ရှိသော ဝါရွှေသော မဟာလှေကားပန်းကဲ့သို့ လည်းကောင်း၊ ဝါရွှေသောအဆင်း ဝါရွှေသောအသွေး ဝါရွှေသောအရောင်ရှိသော ဗာရာဏသီပြည်ဖြစ် ဝါရွှေသော နှစ်ဖက်ချော အဝတ်ကဲ့သို့လည်းကောင်း ဤအတူ တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်တို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ ဝါရွှေသောအဆင်း ဝါရွှေသောအသွေး ဝါရွှေသော အရောင်ရှိသော ဝါရွှေသော (ကသိုဏ်း)ရုပ်တို့ကို ရှု၏၊ ထို(ရုပ်)တို့ကို လွှမ်းမိုး၍ “(ငါ) သိ၏၊ (ငါ) မြင်၏”ဟု ဤသို့ အမှတ်သညာ ရှိ၏။ ဤကား ဆဋ္ဌ အဘိဘာယတနဈာန်ပေတည်း။

တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်တို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ နီသော အဆင်း နီသောအသွေး နီသောအရောင်ရှိသော နီသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ နီသောအဆင်း နီသောအသွေး နီသောအရောင်ရှိသော နီသော မိုးဆွေပန်းကဲ့သို့လည်းကောင်း၊ နီသောအဆင်း နီသော အသွေး နီသောအရောင်ရှိသော ဗာရာဏသီပြည်ဖြစ် နီသော နှစ်ဖက်ချော အဝတ်ကဲ့သို့လည်းကောင်း ဤအတူ တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်တို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ နီသော အဆင်း နီသောအသွေး နီသောအရောင်ရှိသော နီသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ ထို(ရုပ်)တို့ကို လွှမ်းမိုး၍ “(ငါ) သိ၏၊ (ငါ) မြင်၏”ဟု ဤသို့ အမှတ်သညာ ရှိ၏။ ဤကား သတ္တမ အဘိဘာ ယတနဈာန်ပေတည်း။

တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်တို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ ဖြူသော အဆင်း ဖြူသောအသွေး ဖြူသောအရောင်ရှိသော ဖြူသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ ဖြူသောအဆင်း ဖြူသောအသွေး ဖြူသောအရောင်ရှိသော ဖြူသော သောက်ရှူးကြယ်ကဲ့သို့လည်းကောင်း၊ ဖြူသောအဆင်း ဖြူသောအသွေး ဖြူသောအရောင်ရှိသော ဗာရာဏသီပြည်ဖြစ် ဖြူသော နှစ်ဖက်ချော အဝတ်ကဲ့သို့လည်းကောင်း ဤအတူ တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်တို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ ဖြူသောအဆင်း ဖြူသောအသွေး ဖြူသောအရောင်ရှိသော ဖြူသော (ကသိုဏ်း)ရုပ်တို့ကို ရှု၏၊ ထို (ရုပ်)တို့ကို လွှမ်းမိုး၍ “(ငါ) သိ၏၊ (ငါ) မြင်၏”ဟု ဤသို့ အမှတ်သညာ ရှိ၏။ ဤကား အဋ္ဌမ အဘိဘာယတနဈာန်ပေတည်း။ ရဟန်းတို့ ဤသည်တို့ကား အဘိဘာယတနဈာန် ရှစ်မျိုးတို့တည်း။

ရဟန်းတို့ ဤအဘိဘာယတနဈာန် ရှစ်မျိုးတို့တွင် အချို့သောသူသည် မိမိသန္တာန်၌ အဆင်းရုပ်တို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ ဖြူသောအဆင်း ဖြူသောအသွေး ဖြူသောအရောင်ရှိသော ဖြူသော ရုပ်တို့ကို ရှု၏၊ ထို(ရုပ်)တို့ကို လွှမ်းမိုး၍ “(ငါ) သိ၏၊ (ငါ) မြင်၏”ဟု ဤသို့ အမှတ်သညာ ရှိ၏ဟူသော ဤအဘိဘာယတနသည် အမြတ်ဆုံးတည်း။ ရဟန်းတို့ ဤသို့ အမှတ်ရှိသော သတ္တဝါတို့လည်း ရှိကုန်၏၊ ရဟန်းတို့ ဤသို့ အမှတ်ရှိသော သတ္တဝါတို့အားသော်လည်း တစ်ပါးသော အခြင်းအရာ့အားဖြင့် ဖြစ်ခြင်းရှိသည်သာတည်း၊ ဖောက်ပြန်ပြောင်းလဲခြင်း ရှိသည်သာတည်း။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် ထိုအဘိဘာယတနဈာန်၌လည်း ငြီးငွေ့၏၊ ထိုအဘိဘာ ယတနဈာန်၌ ငြီးငွေ့သော် မြတ်သောဈာန်၌ တပ်ခြင်း ကင်း၏၊ ယုတ်ညံ့သော ဈာန်၌ကား အဘယ် ဆိုဖွယ်ရာ ရှိအံ့နည်း။ (၅)

ရဟန်းတို့ အကျင့် ‘ပဋိပဒါ’တို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ — ဆင်းရဲစွာ ကျင့်ရ၍ နုံ့နှေးစွာ အသိဉာဏ်ဖြစ်ပေါ်သော ‘ဒုက္ခပဋိပဒါ ဒန္ဓာဘိညာ’၊ ဆင်းရဲစွာ ကျင့်ရသော် လည်း လျင်မြန်စွာ အသိဉာဏ်ဖြစ်ပေါ်သော ‘ဒုက္ခပဋိပဒါ ခိပ္ပါဘိညာ’၊ ချမ်းသာစွာ ကျင့်ရသော်လည်း နုံ့နှေးစွာ အသိဉာဏ်ဖြစ်ပေါ်သော ‘သုခပဋိပဒါ ဒန္ဓာဘိညာ’၊ ချမ်းသာစွာ ကျင့်ရ၍ လျင်မြန်စွာ အသိဉာဏ် ဖြစ်ပေါ်သော သုခပဋိပဒါခိပ္ပါဘိညာ’အကျင့်တို့တည်း။ ရဟန်းတို့ အကျင့်ပဋိပဒါတို့သည် ဤလေးမျိုးတို့တည်း။ ရဟန်းတို့ ဤအကျင့်လေးမျိုးတို့တွင် ချမ်းသာစွာ ကျင့်ရ၍ လျင်မြန်စွာ အသိဉာဏ် ဖြစ်ပေါ်သော ဤအကျင့်သည် အမြတ်ဆုံးတည်း။ ရဟန်းတို့ ဤသို့ကျင့်သော သတ္တဝါတို့လည်း ရှိကုန်၏။ ရဟန်းတို့ ဤသို့ကျင့်သော သတ္တဝါတို့အားသော်လည်း တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်ခြင်း ရှိသည်သာတည်း၊ ဖောက်ပြန်ပြောင်းလဲခြင်း ရှိသည်သာတည်း။ ရဟန်းတို့ ဤသို့ရှုသော အကြားအမြင် ရှိသော အရိယာတပည့်သည် ထိုချမ်းသာစွာ ကျင့်ရ၍ လျင်မြန်စွာ အသိဉာဏ်ဖြစ်ပေါ်သော အကျင့်၌လည်း ငြီးငွေ့၏၊ ထိုအကျင့်၌ ငြီးငွေ့သော် မြတ်သော အကျင့်၌ တပ်ခြင်း ကင်း၏၊ ယုတ်သော အကျင့်၌ကား အဘယ်ဆိုဖွယ်ရာရှိအံ့နည်း။ (၆)

ရဟန်းတို့ သညာတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— အချို့သော သူသည် နည်းသော အာနုဘော်ရှိသော (ကာမာဝစရ) သညာကို သိ၏၊ အချို့သောသူသည် မြတ်သည်၏ အဖြစ်သို့ ရောက်သော (ရူပါဝစရ) သညာကို သိ၏၊ အချို့သောသူသည် အတိုင်းအရှည်မရှိသော (လောကုတ္တရာ) သညာကို သိ၏၊ အချို့သောသူသည် “တစ်စုံတစ်ခုမျှမရှိ”ဟူသော (အာကိဉ္စညာယတန) သညာကို သိ၏၊ ရဟန်းတို့ သညာတို့သည် ဤလေးမျိုးတို့တည်း။ ရဟန်းတို့ ဤသညာလေးမျိုးတို့တွင် အချို့သောသူ သိသော “တစ်စုံတစ်ခုမျှ မရှိ”ဟူသော အာကိဉ္စညာယတနသညာသည် အမြတ်ဆုံးတည်း။ ရဟန်းတို့ ဤသို့ သညာရှိသော သတ္တဝါတို့လည်း ရှိကုန်၏။ ရဟန်းတို့ ဤသို့သညာရှိသော သတ္တဝါတို့အားသော်လည်း တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းရှိသည်သာတည်း၊ ဖောက်ပြန် ပြောင်းလဲခြင်းရှိသည်သာတည်း။ ရဟန်းတို့ ဤသို့ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် ထို (အာကိဉ္စညာယတနသညာ) ၌လည်း ငြီးငွေ့၏၊ ထို (အာကိဉ္စညာယတနသညာ) ၌ ငြီးငွေ့သော် မြတ်သော သညာ၌ တပ်ခြင်းကင်း၏၊ ယုတ်ညံ့သော သညာ၌ကား အဘယ်ဆိုဖွယ်ရာရှိအံ့နည်း။ (၇)

ရဟန်းတို့ သာသနာတော်မှ အပ၌ ဖြစ်ကုန်သော (မိစ္ဆာ) အယူတို့တွင် “(ရှေးက) ငါမဖြစ်ခဲ့မူကား ငါ့အား (ယခု) မဖြစ်ရာ၊ (ငါ) မဖြစ်တော့လျှင် ငါ့အား (ကြောင့်ကြခြင်း) ရှိလိမ့်မည်မဟုတ်”ဟူသော ဤ (ဥစ္ဆေဒ)အယူသည် အမြတ်ဆုံးတည်း။ ရဟန်းတို့ ဤသို့ အယူရှိသူအား ဘဝ၌ မစက်ဆုပ်ခြင်းသည် ရှိတော့မည် မဟုတ်၊ ဘဝချုပ်ရာ၌ စက်ဆုပ်ခြင်းလည်း ထိုသူအား ရှိတော့မည် မဟုတ်”ဟူသော ဤသဘောကိုသာ (မချွတ်ဖြစ်လိမ့်မည်ဟု) မျှော်လင့်အပ်၏။ ရဟန်းတို့ ဤသို့ အယူရှိသော သတ္တဝါတို့လည်း ရှိကုန်၏။ ရဟန်းတို့ ဤသို့အယူရှိသော သတ္တဝါအားသော်လည်း တစ်ပါးသော အခြင်းအရာ အားဖြင့် ဖြစ်ခြင်းရှိသည်သာတည်း၊ ဖောက်ပြန်ပြောင်းလဲခြင်း ရှိသည်သာတည်း။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် ထို (ဥစ္ဆေဒဒိဋ္ဌိ) ၌လည်း ငြီးငွေ့၏၊ ထို (ဥစ္ဆေဒဒိဋ္ဌိ) ၌ ငြီးငွေ့သော် မြတ်သော အယူ၌ တပ်ခြင်းကင်း၏၊ ယုတ်ညံ့သော အယူ၌ကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။ (၈)

ရဟန်းတို့ မြတ်သော စင်ကြယ်မှုကို ပညတ်ကုန်သော သမဏဗြာဟ္မဏ အချို့တို့သည် ရှိကုန်၏။

ရဟန်းတို့ မြတ်သော စင်ကြယ်မှုကို ပညတ်သူတို့တွင် အချင်းခပ်သိမ်း အာကိဉ္စညာယတနဈာန်ကို လွန် မြောက်၍ နေဝသညာနာသညာယတနဈာန်သို့ ရောက်၍ နေသော သူသည် အမြတ်ဆုံးတည်း။ ထိုသမဏ ဗြာဟ္မဏတို့သည် ထိုဈာန်ကိုသိရန် ထိုဈာန်ကို မျက်မှောက်ပြုရန် တရားဟောကုန်၏။ ရဟန်းတို့ ဤသို့ ဟောလေ့ရှိသော သတ္တဝါတို့လည်း ရှိကုန်၏၊ ရဟန်းတို့ ဤသို့ဟောလေ့ရှိသော သတ္တဝါတို့အားသော် လည်း တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းရှိသည်သာတည်း၊ ဖောက်ပြန်ပြောင်းလဲခြင်း ရှိသည် သာတည်း။ ရဟန်းတို့ ဤသို့ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် ထို (ဈာန်) ၌လည်း ငြီးငွေ့၏၊ ထို (ဈာန်) ၌ ငြီးငွေ့သော် မြတ်သော ဈာန်၌ တပ်ခြင်းကင်း၏၊ ယုတ်ညံ့သော ဈာန်၌ကား အဘယ်ဆိုဖွယ်ရာရှိအံ့နည်း။ (၉)

ရဟန်းတို့ မျက်မှောက်ဘဝ၌ မြတ်သော နိဗ္ဗာန်ကို ပညတ်ကုန်သော သမဏဗြာဟ္မဏ အချို့တို့ သည် ရှိကုန်၏၊ ရဟန်းတို့ မျက်မှောက်ဘဝ၌ မြတ်သော နိဗ္ဗာန်ကို ပညတ်သော သူတို့တွင် တည်ရာ အတွေ့ ‘ဖဿာယတန’ခြောက်မျိုးတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ် ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ သိ၍ မစွဲလမ်းဘဲ လွတ်မြောက်မှု (အရဟတ္တဖိုလ်) သည် အမြတ်ဆုံးတည်း။ ရဟန်းတို့ ဤသို့ ဟောလေ့ရှိသော ဤသို့ ဆိုလေ့ရှိသော ငါ့ကို သမဏဗြာဟ္မဏအချို့တို့က “ရဟန်းဂေါတမသည် ကာမဂုဏ်တို့ကို ပိုင်းခြား၍ သိမှုကို မပညတ်၊ ရုပ်တို့ကို ပိုင်းခြား၍ သိမှုကို မပညတ်၊ ဝေဒနာတို့ကို ပိုင်းခြား၍ သိမှုကို မပညတ်”ဟု ထင်ရှားမရှိသော အချည်းနှီးသော မှားယွင်းသော မဟုတ်မမှန်သော စွပ်စွဲခြင်းဖြင့် စွပ်စွဲကုန်၏။ ရဟန်းတို့ ငါသည် ကာမဂုဏ်တို့ကို ပိုင်းခြား၍ သိမှုကိုလည်း ပညတ်၏၊ ရုပ်တို့ကို ပိုင်းခြား၍ သိမှုကိုလည်း ပညတ်၏၊ ဝေဒနာတို့ကို ပိုင်းခြား၍ သိမှုကိုလည်း ပညတ်၏၊ မျက်မှောက်ဘဝ၌ပင် ဆာလောင်မှုမရှိဘဲ ငြိမ်းအေးလျက် အေးချမ်းလျက် မစွဲလမ်းဘဲ ထက်ဝန်းကျင် ငြိမ်းအေးမှု ‘ပရိနိဗ္ဗာန်’ကို လည်း ပညတ်၏ဟု (မိန့်တော်မူ၏ )။ (၁ဝ)

နဝမသုတ်။