အင်္ဂုတ္တရနိကာယ်

၄-ဥပါလိဝဂ်

၁-ဥပါလိသုတ်

၃၁။ ထိုအခါ အသျှင်ဥပါလိသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်လျက် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသောနေရာ၌ ထိုင်နေပြီးလျှင် မြတ်စွာဘုရားအား — “အသျှင်ဘုရား အဘယ်မျှသော အကျိုးထူးတို့ကို အစွဲပြု၍ မြတ်စွာဘုရားသည် တပည့်သာဝကတို့အား သိက္ခာပုဒ်ကို ပညတ်တော်မူပါသနည်း၊ ပါတိမောက်ကို ပြတော်မူပါသနည်းဟု လျှောက်၏။ ဥပါလိ အကျိုးထူး ဆယ်မျိုးတို့ကို အစွဲပြု၍ မြတ်စွာဘုရားသည် တပည့်သာဝကတို့အား သိက္ခာပုဒ်ကို့ပညတ်တော်မူ၏၊ ပါတိမောက်ကို ပြတော်မူ၏။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ — သံဃာ တော်၏ ကောင်းပါပြီဟု ဝန်ခံကျင့်သုံးရန်၊ သံဃာတော်များ ချမ်းသာစေရန်၊ အကျင့်သီလ ဖောက်ဖျက်သူတို့ကို နှိမ်နင်းရန်၊ အကျင့်သီလ ချစ်မြတ်နိုးသော ရဟန်းတို့ ချမ်းသာစွာ နေနိုင်ရန်၊ မျက်မှောက်၌ ဖြစ်ကုန်သော ဆင်းရဲအထူးတို့ကိုစောင့်စည်းရန်၊ နောင်တမလွန်၌ ဖြစ်လတ္တံ့ကုန်သော ဆင်းရဲအထူးတို့ကို ပယ်ရှားရန်၊ မကြည်ညိုသေးသော သူတို့ကို ကြည်ညိုစေရန်၊ ကြည်ညိုပြီးသော သူတို့ကို တိုး၍ ကြည်ညိုစေရန်၊ သူတော်ကောင်းတရား ‘သာသနာသုံးရပ်’ တည်တံ့ရန်၊ ဝိနည်း ‘စည်းမျဉ်းဥပဒေ’ကို ချီးမြှောက်ရန်တို့တည်း။ ဥပါလိ ဤအကျိုးထူး ဆယ်မျိုးတို့ကို အစွဲပြု၍ မြတ်စွာဘုရားသည် တပည့် သာဝကတို့အား သိက္ခာပုဒ်ကို ပညတ်တော်မူ၏၊ ပါတိမောက်ကို ပြတော်မူ၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။