အင်္ဂုတ္တရနိကာယ်

၅-အက္ကောသဝဂ်

၅-ရာဇန္တေပုရပ္ပဝေသနသုတ်

၄၅။ ရဟန်းတို့ မင်းနန်းတော်သို့ ဝင်ခြင်း၌ အပြစ်တို့သည် ဤဆယ်မျိုးတို့တည်း။ အဘယ် ဆယ်မျိုးတို့နည်းဟူမူ— ရဟန်းတို့ မင်းနှင့် မိဖုရား အတူနေရာသို့ ရဟန်းဝင်သောအခါ မိဖုရားကသော် လည်း ရဟန်းကို မြင်၍ ပြုံးရယ်မိတတ်၏၊ ရဟန်းကသော်လည်း မိဖုရားကို မြင်၍ ပြုံးရယ်မိတတ်၏၊ ထိုသို့ ပြုံးရယ်မိရာ၌ မင်းကြီးအား “ဤရဟန်းနှင့် မိဖုရားတို့သည် လွန်ကျူးပြီးသော်လည်းကောင်း၊ လွန်ကျူးလတ္တံ့သော်လည်းကောင်း မချွတ်ဖြစ်ရာ၏”ဟု အထင်မှားခြင်း ဖြစ်တတ်၏။ ရဟန်းတို့ ဤသည်ကား မင်းနန်းတော်သို့ ဝင်ခြင်း၌ ပဌမအပြစ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား မင်းမည်သည်ကား များသော ကိစ္စရှိ၏၊ များသော ပြုဖွယ်ရှိ၏၊ မိန်းမ့(မိဖုရားငယ်) တစ်ယောက်ကို သွားလာပြီးနောက် အမှတ်မရ၊ ထိုမိန်းမသည် ထိုမင်းသွားလာခြင်း ကြောင့် ကိုယ်ဝန်စွဲယူရာ၌ မင်းကြီးအား “ရဟန်းမှတစ်ပါး အခြားသူ တစ်စုံတစ်ယောက်မျှ နန်းတော် တွင်းသို့ မဝင်၊ ရဟန်း၏ အမှုပင် ဖြစ်လေသလော”ဟု အထင်မှားခြင်း ဖြစ်တတ်၏။ ရဟန်းတို့ ဤသည်ကား မင်းနန်းတော်သို့ ဝင်ခြင်း၌ ဒုတိယအပြစ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား နန်းတော်တွင်း၌ တစ်စုံတစ်ခုသော ရတနာပျောက်သောအခါ မင်းကြီးအား “ဤအရပ်၌ ရဟန်းမှတစ်ပါး အခြားသူ တစ်စုံတစ်ယောက်မျှ မဝင်၊ ရဟန်း၏ အမှုပင် ဖြစ်လေသလော”ဟု အထင်မှားခြင်း ဖြစ်တတ်၏။ ရဟန်းတို့ ဤသည်ကား မင်းနန်းတော်သို့ ဝင်ခြင်း၌ တတိယအပြစ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား နန်းတော်တွင်း၌ လျှို့ဝှက်ထားသော တိုင်ပင်ချက်(နန်းတွင်းရေး)တို့သည် အပြင်ဘက်တွင် ပျံ့နှံ့သောအခါ မင်းကြီးအား “ဤအရပ်၌ ရဟန်းမှတစ်ပါး အခြားသူ တစ်စုံ တစ်ယောက်မျှ မဝင်၊ ရဟန်း၏ အမှုပင် ဖြစ်လေသလော”ဟု အထင်မှားခြင်း ဖြစ်တတ်၏။ ရဟန်းတို့ ဤသည်ကား မင်းနန်းတော်သို့ ဝင်ခြင်း၌ စတုတ္ထအပြစ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား နန်းတော်တွင်း၌ အဖကသော်လည်း သားကို (သတ်ခြင်းငှါ) အလိုရှိ တတ်၏၊ သားကသော်လည်း အဖကို (သတ်ခြင်းငှါ) အလိုရှိတတ်၏၊ “ဤအရပ်၌ ရဟန်းမှ တစ်ပါး အခြားသူ တစ်စုံတစ်ယောက်မျှ မဝင်၊ ရဟန်း၏ အမှုပင် ဖြစ်လေသလော”ဟု ထိုသူတို့အား အထင်မှားခြင်း ဖြစ်တတ်၏။ ရဟန်းတို့ ဤသည်ကား မင်းနန်းတော်သို့ ဝင်ခြင်း၌ ပဉ္စမအပြစ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား မင်းသည် နိမ့်သော ရာထူးရှိသူကို မြင့်သော ရာထူး၌ ထား၏၊ (ထိုအခါ) “မင်းသည် ရဟန်းနှင့် ရောနှောဆက်ဆံ၏၊ ရဟန်း၏ အမှုပင်ဖြစ်လေသလော”ဟု ထိုရာထူး ပြောင်းလွှဲမှုကို မနှစ်သက်သူတို့အား အထင်မှားခြင်း ဖြစ်တတ်၏။ ရဟန်းတို့ ဤသည်ကား မင်းနန်းတော်သို့ ဝင်ခြင်း၌ ဆဋ္ဌအပြစ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား မင်းသည် မြင့်သော ရာထူးရှိသူကို နိမ့်သော ရာထူး၌ ထား၏၊ (ထိုအခါ) “မင်းသည် ရဟန်းနှင့် ရောနှောဆက်ဆံ၏၊ ရဟန်း၏ အမှုပင်ဖြစ်လေသလော”ဟု ထိုရာထူး ပြောင်းလွှဲမှုကို မနှစ်သက်သူတို့အား အထင်မှားခြင်း ဖြစ်တတ်၏။ ရဟန်းတို့ ဤသည်ကား မင်းနန်းတော်သို့ ဝင်ခြင်း၌ သတ္တမအပြစ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား မင်းသည် အခါမဟုတ်သည်၌ စစ်တပ်ကို လွှတ်လိုက်တတ်၏၊ (ထိုအခါ) “မင်းသည် ရဟန်းနှင့် ရောနှောဆက်ဆံ၏၊ ရဟန်း၏အမှုပင်ဖြစ်လေသလော”ဟု ထိုအခါမဲ့ စစ်တပ်လွှတ်ခြင်းကို မနှစ်သက်သူတို့အား အထင်မှားခြင်း ဖြစ်တတ်၏။ ရဟန်းတို့ ဤသည်ကား မင်းနန်းတော်သို့ ဝင်ခြင်း၌ အဋ္ဌမအပြစ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား မင်းသည် လွှတ်သင့်သော အခါ၌ စစ်တပ်ကို လွှတ်လိုက်ပြီးနောက် ခရီးအကြားမှတစ်ဖန် ပြန်လာစေတတ်၏။ (ထိုအခါ) “မင်းသည် ရဟန်းနှင့် ရောနှောဆက်ဆံ၏၊ ရဟန်း၏ အမှုပင် ဖြစ်လေသလော”ဟု ထိုစစ်ပြန်လာစေခြင်းကို မနှစ်သက်သူတို့အား အထင်မှားခြင်း ဖြစ်တတ်၏။ ဤသည်ကား မင်းနန်းတော်သို့ ဝင်ခြင်း၌ နဝမအပြစ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား မင်း၏ နန်းတော်သည် ဆင် မြင်း ရထားတို့ဖြင့် ကျဉ်းမြောင်း ကျပ်တည်း၏။ တပ်နှစ်သက်ဖွယ်ဖြစ်သော ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့လည်း ရှိကုန်၏၊ ယင်းအာရုံတို့သည် ရဟန်းအား မလျောက်ပတ်ကုန်။ ရဟန်းတို့ ဤသည်ကား မင်းနန်းတော်သို့ ဝင်ခြင်း၌ ဒသမအပြစ်တည်း။ ရဟန်းတို့ မင်းနန်းတော်သို့ ဝင်ခြင်း၌ အပြစ်တို့သည် ဤဆယ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။