အင်္ဂုတ္တရနိကာယ်

၅-အက္ကောသဝဂ်

၆-သက္ကသုတ်

၄၆။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ထိုဥပုသ်နေ့၌ မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ကြပြီးနောက် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေကြကုန်သော သက္ကတိုင်းသား ဥပါသကာတို့အား မြတ်စွာဘုရားသည်— “သက္ကတိုင်းသားတို့ သင်တို့သည် အင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသော ဥပုသ်ကိုစောင့်သုံးကြ၏လော”ဟု မေးတော်မူ၏။ အသျှင်ဘုရား အင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသော ဥပုသ်ကို တစ်ခါ တစ်ရံစောင့်သုံးကြပါ၏၊ တစ်ခါတစ်ရံ မစောင့်သုံးကြပါဟု (လျှောက်ကြကုန်၏)။

သက္ကတိုင်းသားတို့ အသက်ရှည်ရမှုသည် စိုးရိမ်ဖွယ်ဖြင့် ဘေးရှိသည်ဖြစ်လျက် အသက်ရှည်ရမှုသည် သေခြင်းဖြင့် ဘေးရှိသည်ဖြစ်လျက် အင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသော ဥပုသ်ကို တစ်ခါတစ်ရံစောင့်သုံး ကြကုန်၍ တစ်ခါတစ်ရံ မစောင့်သုံးကြသော သင်တို့အား အရမတော်ကြလေစွ၊ သင်တို့အား မကောင်း သဖြင့် ရကြကုန်စွတကား။ သက္ကတိုင်းသားတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ဤ လောက၌ ယောကျာ်းသည် အကုသိုလ်သို့ မရောက်မူ၍ တစ်စုံတစ်ရာ အသက်မွေးကြောင်းအလုပ်ဖြင့် တစ်နေ့၌ အသပြာဝက်ကိုဖြစ်စေရာ၏၊ (ထိုသူကို) “လိမ္မာသော ထကြွလုံ့လနှင့်ပြည့်စုံသော ယောကျာ်း”ဟု ဆိုသင့်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဆိုသင့်ပါ၏။ သက္ကတိုင်းသားတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း၊ ဤလောက၌ ယောကျာ်းသည် အကုသိုလ်သို့ မရောက်မူ၍ တစ်စုံတစ်ရာ အသက်မွေးကြောင်းအလုပ်ဖြင့် တစ်နေ့၌ အသပြာတစ်ကျပ်ကိုဖြစ်စေရာ၏၊ (ထိုသူကို) “လိမ္မာသော ထကြွလုံ့လနှင့်ပြည့်စုံသော ယောကျာ်း”ဟု ဆိုသင့်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဆိုသင့်ပါ၏။ သက္ကတိုင်းသားတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း၊ ဤလောက၌ ယောကျာ်းသည် အကုသိုလ်သို့ မရောက်မူ၍ တစ်စုံတစ်ရာ အသက်မွေးကြောင်းအလုပ်ဖြင့် တစ်နေ့၌ အသပြာနှစ်ကျပ်တို့ကိုဖြစ်စေရာ၏၊ အသပြာသုံးကျပ်တို့ကိုဖြစ်စေရာ၏၊ အသပြာလေးကျပ်တို့ကိုဖြစ်စေရာ၏၊ အသပြာ ငါးကျပ်တို့ကိုဖြစ်စေရာ၏၊ အသပြာခြောက်ကျပ်တို့ကိုဖြစ်စေရာ၏၊ အသပြာခုနစ်ကျပ်တို့ကိုဖြစ်စေ ရာ၏၊ အသပြာရှစ်ကျပ်တို့ကိုဖြစ်စေရာ၏၊ အသပြာကိုးကျပ်တို့ကိုဖြစ်စေရာ၏၊ အသပြာတစ်ဆယ်တို့ကိုဖြစ်စေရာ၏၊ အသပြာနှစ်ဆယ်တို့ကိုဖြစ်စေရာ၏၊ အသပြာသုံးဆယ်တို့ကိုဖြစ်စေရာ၏၊ အသပြာ လေးဆယ်တို့ကိုဖြစ်စေရာ၏၊ အသပြာငါးဆယ်တို့ကိုဖြစ်စေရာ၏၊ အသပြာတစ်ရာကိုဖြစ်စေရာ၏၊ (ထိုသူကို) “လိမ္မာသော ထကြွလုံ့လနှင့် ပြည့်စုံသော ယောကျာ်း”ဟု ဆိုသင့်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဆိုသင့်ပါ၏။ သက္ကတိုင်းသားတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း၊ ထိုယောကျာ်းသည် နေ့တိုင်း နေ့တိုင်း အသပြာတစ်ရာ အသပြာတစ်ထောင်ကိုဖြစ်စေကာ အနှစ်တစ်ရာ သက်တမ်း၌ ရှိလျက် အနှစ် တစ်ရာပတ်လုံး အသက်ရှည်ပြီးလျှင် ရတိုင်း ရတိုင်းသော အသပြာကို သိမ်းဆည်းထားသော် များသော စည်းစိမ်အစုကို ရရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ရရာပါ၏။ သက္ကတိုင်းသားတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း၊ ထိုယောကျာ်းသည် စည်းစိမ်ဟူသော အကြောင်းကြောင့် စည်းစိမ်ဟူသော ရည်မှန်းချက်ကြောင့် စည်းစိမ်ဟူသော မှီရာကြောင့် တစ်ညဉ့်လုံးသော်လည်းကောင်း၊ တစ်နေ့လုံးသော်လည်းကောင်း၊ ညဉ့်ဝက်သော်လည်းကောင်း၊ နေ့ဝက်သော်လည်းကောင်း ချမ်းသာစစ်ကို ခံစားလျက် နေရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ထိုအရာသည် မဖြစ်နိုင်ပါ။ ထိုမဖြစ်နိုင်ခြင်းသည် အဘယ့်ကြောင့်ပါနည်း၊ အသျှင်ဘုရား ကာမဂုဏ်တို့ သည်ကား မမြဲကြပါ၊ အချည်းနှီးတို့သာတည်း ချွတ်ယွင်းခြင်းတို့သာတည်း၊ ပျောက်ပျက်ခြင်း သဘောရှိ့ကြပါ၏၊ ထို့ကြောင့် မဖြစ်နိုင်ပါဟု (လျှောက်ကြကုန်၏)။

သက္ကတိုင်းသားတို့ ဤသာသနာတော်၌ ငါ၏တပည့်သည် ဆယ်နှစ်တို့ပတ်လုံး မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် စိတ်ကို (နိဗ္ဗာန်သို့)စေလွှတ်ကာ နေ၍ ငါ ဆုံးမတိုင်း ကျင့်သည်ရှိသော် အနှစ်တစ်ရာ ပတ်လုံးသော်လည်းကောင်း၊ အနှစ်တစ်သောင်းပတ်လုံးသော်လည်းကောင်း၊ အနှစ်တစ်သိန်းပတ်လုံးသော် လည်းကောင်း ချမ်းသာစစ်ကို ခံစားလျက် နေရာ၏၊ ထိုသူသည်ကား သကဒါဂါမ်သော်လည်းကောင်း၊ အနာဂါမ်သော်လည်းကောင်း၊ မချွတ်ဧကန် သောတာပန်သော်လည်းကောင်း ဖြစ်ရာ၏။ သက္ကတိုင်းသားတို့ ဆယ်နှစ်တို့ကို ထားကုန်ဘိဦး။ ဤသာသနာတော်၌ ငါ၏တပည့်သည် ကိုးနှစ်။ ရှစ်နှစ်။ ခုနစ်နှစ်။ ခြောက်နှစ်။ ငါးနှစ်။ လေးနှစ်။ သုံးနှစ်။ နှစ်နှစ်။ တစ်နှစ်ပတ်လုံး မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် စိတ်ကို (နိဗ္ဗာန်သို့)စေလွှတ်ကာ နေ၍ ငါ ဆုံးမတိုင်း ကျင့်သည်ရှိသော် နောက် အနှစ်တစ်ရာပတ်လုံးသော်လည်းကောင်း၊ အနှစ်တစ်သောင်းပတ်လုံးသော်လည်းကောင်း၊ အနှစ်တစ်သိန်း ပတ်လုံးသော်လည်းကောင်း ချမ်းသာစစ်ကို ခံစားလျက် နေရာ၏၊ ထိုသူသည်ကား သကဒါဂါမ်သော် လည်းကောင်း၊ အနာဂါမ်သော်လည်းကောင်း၊ မချွတ်ဧကန် သောတာပန်သော်လည်းကောင်း ဖြစ်ရာ၏။ သက္ကတိုင်းသားတို့ တစ်နှစ်ကို ထားကုန်ဘိဦး။ ဤသာသနာတော်၌ ငါ၏တပည့်သည် ဆယ်လတို့ ပတ်လုံး မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် စိတ်ကို (နိဗ္ဗာန်သို့)စေလွှတ်ကာ နေ၍ ငါ ဆုံးမတိုင်း ကျင့်သည်ရှိသော် အနှစ်တစ်ရာပတ်လုံးသော်လည်းကောင်း၊ အနှစ်တစ်သောင်းပတ်လုံးသော်လည်းကောင်း၊ အနှစ်တစ်သိန်းပတ်လုံးသော်လည်းကောင်း ချမ်းသာစစ်ကို ခံစားလျက် နေရာ၏၊ ထိုသူသည်ကား သကဒါဂါမ်သော်လည်းကောင်း၊ အနာဂါမ်သော်လည်းကောင်း၊ မချွတ်ဧကန် သောတာပန်သော်လည်းကောင်း ဖြစ်ရာ၏။ သက္ကတိုင်းသားတို့ ဆယ်လတို့ကို ထားကုန်ဘိဦး။ ဤသာသနာတော်၌ ငါ၏ တပည့်သည် ကိုးလ။ ရှစ်လ။ ခုနစ်လ။ ခြောက်လ။ ငါးလ။ လေးလ။ သုံးလ။ နှစ်လ။ တစ်လ။ လဝက်ပတ်လုံး မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် စိတ်ကို (နိဗ္ဗာန်သို့)စေလွှတ်ကာ နေ၍ ငါ ဆုံးမတိုင်း ကျင့်သည် ရှိသော် အနှစ်တစ်ရာပတ်လုံးသော်လည်းကောင်း၊ အနှစ်တစ်သောင်းပတ်လုံးသော်လည်းကောင်း၊ အနှစ် တစ်သိန်းပတ်လုံးသော်လည်းကောင်း ချမ်းသာစစ်ကို ခံစားလျက် နေရာ၏၊ ထိုသူသည်ကား သကဒါဂါမ် သော်လည်းကောင်း၊ အနာဂါမ်သော်လည်းကောင်း၊ မချွတ်ဧကန် သောတာပန်သော်လည်းကောင်း ဖြစ်ရာ၏။ သက္ကတိုင်းသားတို့ လဝက်ကို ထားကုန်ဘိဦး။ ဤသာသနာတော်၌ ငါ၏ တပည့်သည် ဆယ်ရက်တို့ပတ်လုံး မမေ့မလျော့ ပြင်းစွာအားထုတ်လျက် စိတ်ကို (နိဗ္ဗာန်သို့)စေလွှတ်ကာ နေ၍ ငါ ဆုံးမတိုင်း ကျင့်သည် ရှိသော် အနှစ်တစ်ရာပတ်လုံးသော်လည်းကောင်း၊ အနှစ်တစ်သောင်းပတ်လုံးသော်လည်းကောင်း၊ အနှစ်တစ်သိန်းပတ်လုံးသော်လည်းကောင်း ချမ်းသာစစ်ကို ခံစားလျက် နေရာ၏၊ ထိုသူသည်ကား သကဒါဂါမ်သော်လည်းကောင်း၊ အနာဂါမ်သော်လည်းကောင်း၊ မချွတ်ဧကန် သောတာပန်သော်လည်းကောင်း ဖြစ်ရာ၏။ သက္ကတိုင်းသားတို့ ဆယ်ရက်တို့ကို ထားကုန်ဘိဦး။ ဤသာသနာတော်၌ ငါ၏ တပည့်သည် ကိုးရက်။ ရှစ်ရက်။ ခုနစ်ရက်။ ခြောက်ရက်။ ငါးရက်။ လေးရက်။ သုံးရက်။ နှစ်ရက်။ တစ်ရက် ပတ်လုံး မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် စိတ်ကို (နိဗ္ဗာန်သို့)စေလွှတ်ကာ နေ၍ ငါ ဆုံးမတိုင်း ကျင့်သည်ရှိသော် အနှစ်တစ်ရာပတ်လုံးသော်လည်းကောင်း၊ အနှစ်တစ်သောင်းပတ်လုံးသော်လည်းကောင်း၊ အနှစ်တစ်သိန်းပတ်လုံးသော်လည်းကောင်း ချမ်းသာစစ်ကို ခံစားလျက် နေရာ၏၊ ထိုသူသည်ကား သကဒါဂါမ်သော်လည်းကောင်း၊ အနာဂါမ်သော်လည်းကောင်း၊ မချွတ်ဧကန် သောတာပန်သော်လည်းကောင်း ဖြစ်ရာ၏။ သက္ကတိုင်းသားတို့ အသက်ရှည်ရမှုသည် စိုးရိမ်ဖွယ်ဖြင့် ဘေးရှိသည် ဖြစ်လျက် အသက်ရှည်ရမှု သည့်သေခြင်းဖြင့် ဘေးရှိသည် ဖြစ်လျက် အင်္ဂါရှစ်မျိုးနှင့်ပြည့်စုံသော ဥပုသ်ကို တစ်ခါတစ်ရံစောင့်သုံး ကြ၍ တစ်ခါတစ်ရံ မစောင့်သုံးကြကုန်သော သင်တို့အား အရမတော်ကြလေစွ၊ သင်တို့အား မကောင်း သဖြင့် ရကြကုန်စွတကားဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား အကျွန်ပ်တို့သည် ယနေ့မှစ၍ အင်္ဂါရှစ်မျိုး နှင့် ပြည့်စုံသော ဥပုသ်ကိုစောင့်သုံးကြပါကုန်အံ့ဟု (လျှောက်ကြကုန်၏)။

ဆဋ္ဌသုတ်။