အင်္ဂုတ္တရနိကာယ်

၅-အက္ကောသဝဂ်

၇-မဟာလိသုတ်

၄၇။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်း၌ (သီတင်းသုံး)နေတော်မူ၏။ ထိုအခါ လိစ္ဆဝီမင်းသား မဟာလိသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ပြီးနောက် ရှိခိုး၍ တစ်ခုသောနေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား “အသျှင်ဘုရား ယုတ်ညံ့သော (မကောင်းမှု) ကံကို ပြုရန် ယုတ်ညံ့သော (မကောင်းမှု) ကံ ဖြစ်ရန် အကြောင်းကား အဘယ်ပါ နည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း”ဟု လျှောက်၏။ မဟာလိ ယုတ်ညံ့သော (မကောင်းမှု) ကံကို ပြုရန် ယုတ်ညံ့သော (မကောင်းမှု) ကံဖြစ်ရန် လောဘသည် အကြောင်းတည်း၊ လောဘသည် အထောက်အပံ့တည်း၊ မဟာလိ ယုတ်ညံ့သော (မကောင်းမှု) ကံကို ပြုရန် ယုတ်ညံ့သော (မကောင်းမှု) ကံဖြစ်ရန် ဒေါသသည် အကြောင်းတည်း၊ ဒေါသ သည် အထောက်အပံ့တည်း၊ မဟာလိ ယုတ်ညံ့သော(မကောင်းမှု) ကံကို ပြုရန် ယုတ်ညံ့သော (မကောင်းမှု) ကံဖြစ်ရန် မောဟသည် အကြောင်းတည်း၊ မောဟသည် အထောက်အပံ့တည်း၊ မဟာလိ ယုတ်ညံ့သော (မကောင်းမှု) ကံကို ပြုရန် ယုတ်ညံ့သော (မကောင်းမှု) ကံဖြစ်ရန် မသင့်မတင့်နှလုံးသွင်းမှု ‘အယောနိသော မနသီကာရ’သည် အကြောင်းတည်း၊ မသင့်မတင့် နှလုံးသွင်းမ ှု’အယောနိသောမနသီကာရ’သည် အထောက် အပံ့တည်း၊ မဟာလိ ယုတ်ညံ့သော (မကောင်းမှု) ကံကို ပြုရန် ယုတ်ညံ့သော (မကောင်းမှု) ကံဖြစ်ရန် မှားယွင်းစွာ ထားအပ်သော စိတ်သည် အကြောင်းတည်း၊ မှားယွင်းစွာ ထားအပ်သော စိတ်သည် အထောက်အပံ့တည်း။ မဟာလိ ယုတ်ညံ့သော (မကောင်းမှု) ကံကို ပြုရန်ယုတ်ညံ့သော (မကောင်းမှု) ကံဖြစ်ရန် ဤသည်ကား အကြောင်းတည်း၊ ဤသည်ကား အထောက်အပံ့တည်းဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား မြတ်သော (ကောင်းမှု) ကံကို ပြုရန် မြတ်သော (ကောင်းမှု) ကံဖြစ်ရန် အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း”ဟု လျှောက်၏။ မဟာလိ မြတ်သော (ကောင်းမှု) ကံကို ပြုရန် မြတ်သော (ကောင်းမှု) ကံဖြစ်ရန် အလောဘသည် အကြောင်းတည်း၊ အလောဘသည် အထောက်အပံ့တည်း၊ မဟာလိ မြတ်သော(ကောင်းမှု) ကံကို ပြုရန် မြတ်သော (ကောင်းမှု) ကံဖြစ်ရန် အဒေါသသည် အကြောင်းတည်း၊ အဒေါသသည် အထောက်အပံ့တည်း၊ မဟာလိ မြတ်သော (ကောင်းမှု) ကံကိုပြုရန် မြတ်သော (ကောင်းမှု) ကံဖြစ်ရန် အမောဟသည် အကြောင်းတည်း၊ အမောဟသည် အထောက်အပံ့တည်း၊ မဟာလိ မြတ်သော (ကောင်းမှု) ကံကို ပြုရန် မြတ်သော (ကောင်းမှု) ကံဖြစ်ရန် သင့်တင့်စွာ နှလုံးသွင်းမှု ‘ယောနိသောမနသီကာရ’သည် အကြောင်းတည်း၊ သင့်တင့်စွာ နှလုံးသွင်းမှု ‘ယောနိသောမနသီကာရ’သည် အထောက်အပံ့တည်း၊ မဟာလိ မြတ်သော (ကောင်းမှု) ကံကို ပြုရန် မြတ်သော (ကောင်းမှု) ကံဖြစ်ရန် မှန်ကန်စွာ ထားအပ်သော စိတ်သည် အကြောင်းတည်း၊ မှန်ကန်စွာ ထားအပ်သော စိတ်သည် အထောက်အပံ့တည်း၊ မဟာလိ မြတ်သော (ကောင်းမှု) ကံကို ပြုရန် မြတ်သော (ကောင်းမှု) ကံဖြစ်ရန် ဤသည်ကား အကြောင်းတည်း၊ ဤသည်ကား အထောက်အပံ့တည်း။

မဟာလိ လောက၌ ဤတရားဆယ်မျိုးတို့ မရှိကုန်ပါမူ “တရားမဲ့ကျင့်မှု မညီမညွတ်ကျင့်မှု” ့ဟူ၍လည်းကောင်း၊ “တရားသဖြင့် ကျင့်မှု အညီအညွတ်ကျင့်မှု”ဟူ၍လည်းကောင်း မထင်ကုန်ရာ။ မဟာလိ လောက၌ ဤတရားဆယ်မျိုးရှိသောကြောင့် “တရားမဲ့ကျင့်မှု မညီမညွတ်ကျင့်မှု”ဟူ၍လည်းကောင်း၊ “တရားသဖြင့် ကျင့်မှု အညီအညွတ်ကျင့်မှု”ဟူ၍လည်းကောင်း ထင်ကုန်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။