အင်္ဂုတ္တရနိကာယ်

(၆) ၁-သစိတ္တဝဂ်

၁-သစိတ္တသုတ်

၅၁။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး)နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု ခေါ်တော်မူ၏၊ “အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။

ရဟန်းတို့ ရဟန်းသည် အကယ်၍ သူတစ်ပါးစိတ်ဖြစ်ပုံ၌ မလိမ္မာသူ ဖြစ်ခဲ့သော် “(ငါသည်) မိမိ စိတ်ဖြစ်ပုံ၌ လိမ္မာသူ ဖြစ်ရမည်”ဟု သင်တို့သည် ဤသို့သာလျှင် ကျင့်အပ်၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် မိမိစိတ်ဖြစ်ပုံ၌ လိမ္မာသူ ဖြစ်သနည်း၊ ရဟန်းတို့ ဥပမာသော်ကား ငယ်ရွယ်နုပျို၍ တန်ဆာဆင်လေ့ရှိသော မိန်းမသည်လည်းကောင်း၊ ယောကျာ်းသည်လည်းကောင်း၊ ထက်ဝန်းကျင် စင်ကြယ်ဖြူစင်သော ကြေးမုံ (မှန်) ၌ဖြစ်စေ ကြည်လင်သော ရေခွက်၌ဖြစ်စေ မိမိမျက်နှာရိပ်ကို (ကြည့်ရှု) ဆင်ခြင်လတ်သော် ထို(ကြေးမုံ—ရေခွက်)၌ အကယ်၍ မြူမှုန်ကိုသော်လည်းကောင်း၊ (မှဲ့စသော) အညစ်အကြေးကိုသော်လည်းကောင်း မြင်ခဲ့မူ ထိုမြူမှုန် (မှဲ့စသော) အညစ် အကြေးကို ပယ်ရန်အလို့ငှါ လုံ့လပြု၏၊ ထို (ကြေးမှုံ—ရေခွက်) ၌ အကယ်၍ မြူမှုန် (မှဲ့စသော) အညစ် အကြေးကို မမြင်ခဲ့မူ ထိုမမြင်ခြင်းကြောင့်ပင် “ငါ့အား အရတော်လေစွ၊ ငါသည် ထက်ဝန်းကျင် စင်ကြယ် လေစွ”ဟု ဝမ်းမြောက်မှု အကြံပြည့်စုံမှု ဖြစ်ရ၏။ ရဟန်းတို့ ဤအတူပင် “(ငါသည်) အခါများစွာ အဘိဇ္ဈာများ၍ နေသလော၊ အခါများစွာ အဘိဇ္ဈာမများဘဲ နေသလော၊ အခါများစွာ စိတ်ဖောက်ပြန်၍ နေသလော၊ အခါများစွာ စိတ်ဖောက် မပြန်ဘဲ နေသလော၊ အခါများစွာ ထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ နှိပ်စက်၍ နေသလော၊ အခါများစွာ ထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ ကင်းသည် ဖြစ်၍ နေသလော။ အခါများစွာ ပျံ့လွင့်၍ နေသလော၊ အခါများစွာ မပျံ့လွင့်ဘဲ နေသလော။ အခါများစွာ ယုံမှားမှုရှိ၍ နေသလော၊ အခါများစွာ ယုံမှားမှုကို လွန်မြောက်၍ နေသလော၊ အခါများစွာ အမျက်ထွက်၍ နေသလော၊ အခါများစွာ အမျက်မထွက်ဘဲ နေသလော၊ အခါများစွာ စိတ်ညစ်နွမ်း၍ နေသလော၊ အခါများစွာ စိတ်မညစ်နွမ်းဘဲ နေသလော၊ အခါများစွာ ကိုယ်ပင်ပန်း၍ နေသလော၊ အခါများစွာ ကိုယ်မပင်ပန်းဘဲ နေသလော၊ အခါများစွာ ပျင်းရိ၍ နေသလော၊ အခါများစွာ ထက်သန်သော လုံ့လရှိသည်ဖြစ်၍ နေသလော၊ အခါများစွာ မတည်ကြည်ဘဲ နေသလော၊ အခါများစွာ တည်ကြည်၍ နေသလော”ဟု ဆင်ခြင်မှု ‘ပစ္စဝေက္ခဏာ’သည် ရဟန်းအား ကုသိုလ်တရားတို့၌ ကျေးဇူး များလှ၏။ ရဟန်းတို့ ဆင်ခြင်သော ရဟန်းသည် “(ငါသည်) အခါများစွာ အဘိဇ္ဈာများ၍ နေ၏၊ အခါများစွာ စိတ်ဖောက်ပြန်၍ နေ၏၊ အခါများစွာ ထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ နှိပ်စက်၍ နေ၏၊ အခါများစွာ ပျံ့လွင့်၍ နေ၏၊ အခါများစွာ ယုံမှားမှုရှိ၍ နေ၏၊ အခါများစွာ အမျက်ထွက်၍ နေ၏၊ အခါများစွာ စိတ်ညစ်နွမ်း၍ နေ၏၊ အခါများစွာ ကိုယ်ပင်ပန်း၍ နေ၏၊ အခါများစွာ ပျင်းရိ၍ နေ၏၊ အခါများစွာ မတည်ကြည်ဘဲ နေ၏”ဟု အကယ်၍ သိပါမူ ရဟန်းတို့ ထိုရဟန်းသည် ထိုယုတ်ညံ့သော အကုသိုလ်တရားတို့ကိုသာလျှင် ပယ်ရန် လွန်ကဲသော အလိုကိုလည်းကောင်း၊ လုံ့လကိုလည်းကောင်း၊ အားထုတ်မှုကိုလည်းကောင်း၊ အလွန်အားထုတ်မှုကိုလည်းကောင်း၊ မဆုတ်နစ်မှုကိုလည်းကောင်း၊ အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ကိုလည်းကောင်း ပြုသင့်၏။ ရဟန်းတို့ ဥပမာသော်ကား အဝတ်မီးလောင်သူသည်လည်းကောင်း၊ ဦးခေါင်းမီးလောင်သူသည် လည်းကောင်း၊ ထိုအဝတ်, ဦးခေါင်းကိုသာလျှင် ငြိမ်းစေရန် လွန်ကဲသော အလိုလုံ့လ အားထုတ်မှု အလွန် အားထုတ်မှု မဆုတ်နစ်မှု အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ကို ပြုရာ၏၊ ရဟန်းတို့ ဤအတူပင် ထိုရဟန်းသည် ထိုယုတ်ညံ့သော အကုသိုလ်တရားတို့ကိုသာလျှင် ပယ်ရန် လွန်ကဲသော အလို လုံ့လ အားထုတ်မှု အလွန် အားထုတ်မှု မဆုတ်နစ်မှု အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ကို ပြုသင့်၏။ ရဟန်းတို့ ဆင်ခြင်သော ရဟန်းသည် “(ငါသည်) အခါများစွာ အဘိဇ္ဈာမများဘဲ နေ၏၊ အခါများစွာ စိတ်မဖောက်ပြန်ဘဲ နေ၏၊ အခါများစွာ ထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ ကင်း၍ နေ၏၊ အခါများစွာ မပျံ့လွင့်ဘဲ နေ၏၊ အခါများစွာ ယုံမှားမှုကို လွန်မြောက်၍ နေ၏၊ အခါများစွာ အမျက်မထွက်ဘဲ နေ၏၊ အခါများစွာ စိတ်မညစ်နွမ်းဘဲ နေ၏၊ အခါများစွာ ကိုယ်မပင်ပန်းဘဲ နေ၏၊ အခါများစွာ ထက်သန်သော လုံ့လရှိသည်ဖြစ်၍ နေ၏၊ အခါများစွာ တည်ကြည်၍ နေ၏”ဟု အကယ်၍ သိပါမူ ရဟန်းတို့ ထိုရဟန်း သည် ထိုကုသိုလ်တရားတို့၌ သာလျှင် တည်၍ ထို့ထက်အလွန် အာသဝေါတရားတို့၏ ကုန်ရန်အလို့ငှါ အားထုတ်မှုကို ပြုသင့်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။