အင်္ဂုတ္တရနိကာယ်

(၆) ၁-သစိတ္တဝဂ်

၅-ပရိဟာနသုတ်

၅၅။ ထိုအခါ အသျှင်သာရိပုတြာသည် ရဟန်းတို့ကို “ငါ့သျှင်ရဟန်းတို့”ဟု ခေါ်တော်မူ၏။ “ငါ့သျှင်”ဟု ထိုရဟန်းတို့သည် အသျှင်သာရိပုတြာအား ပြန်ကြားလျှောက်ထားကုန်၏။ အသျှင်သာရိပုတြာ သည် ဤစကားကို မိန့်တော်မူ၏—

ငါ့သျှင်တို့ “တရားဆုတ်ယုတ်သော ပုဂ္ဂိုလ် တရားဆုတ်ယုတ်သော ပုဂ္ဂိုလ်ဟု”ဟု ဆိုအပ်၏။ ငါ့သျှင်တို့ “တရားမဆုတ်ယုတ်သော ပုဂ္ဂိုလ် တရားမဆုတ်ယုတ်သော ပုဂ္ဂိုလ်ဟု”ဟု ဆိုအပ်၏။ ငါ့သျှင်တို့ အဘယ်မျှဖြင့် တရားဆုတ်ယုတ်သော ပုဂ္ဂိုလ်ဟု မြတ်စွာဘုရားဟောတော်မူပါသနည်း၊ အဘယ် မျှဖြင့် တရားမဆုတ်ယုတ်သော ပုဂ္ဂိုလ်ဟု မြတ်စွာဘုရားဟောတော်မူပါသနည်းဟု မေး၏။ ငါ့သျှင် ငါတို့သည် ထိုဘုရားဟောတရား၏ အနက်ကို သိရန်အလို့ငှါ အသျှင်သာရိပုတြာ၏ အထံသို့ အဝေးမှလည်း လာခဲ့ကြရပါကုန်၏။ တောင်းပန်ပါကုန်၏၊ ထိုဘုရားဟောတရား၏ အနက်သည် အသျှင်သာရိပုတြာ၏ (စိတ်ထဲဉာဏ်ထဲ၌) သာလျှင် ထင်လာပါစေ၊ အသျှင်သာရိပုတြာ၏ (စကားကို) နာကြားရ၍ ရဟန်းတို့သည် ဆောင်ထားကြပါကုန်လိမ့်မည်ဟု (လျှောက်ကြကုန်၏)။

ငါ့သျှင်တို့ ထိုသို့ဖြစ်သော် နာကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောပြအံ့ဟု (မိန့် ဆို၏)။

“ငါ့သျှင် ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် အသျှင်သာရိပုတြာအား ပြန်ကြားလျှောက်ထားကုန်၏။ အသျှင်သာရိပုတြာသည် ဤစကားကို မိန့်ဆို၏—

ငါ့သျှင်တို့ အဘယ်မျှဖြင့် တရားဆုတ်ယုတ်သော ပုဂ္ဂိုလ်ဟူ၍ မြတ်စွာဘုရားဟောတော်မူပါသနည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် မကြားဖူးသေးသော တရားကိုလည်း မကြားနာ၊ ထိုရဟန်းအား ကြားနာဖူးပြီးသော တရားတို့သည်လည်း မေ့ပျောက်ခြင်းသို့ ရောက်ကုန်၏၊ ထိုရဟန်း၏ စိတ်၌ ရှေးက မတွေ့ရောက်ဖူးသော တရားတို့သည်လည်း မဖြစ်ပေါ်ကုန်၊ မသိရသေးသည်ကိုလည်း မသိ။ ငါ့သျှင်တို့ ဤမျှဖြင့် တရားဆုတ်ယုတ်သော ပုဂ္ဂိုလ်ဟူ၍ မြတ်စွာဘုရားဟောတော်မူ၏။

ငါ့သျှင်တို့ အဘယ်မျှဖြင့် တရားမဆုတ်ယုတ်သော ပုဂ္ဂိုလ်ဟူ၍ မြတ်စွာဘုရား ဟောတော်မူပါ သနည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် မကြားဖူးသေးသော တရားကို ကြားနာ၏။ ထိုရဟန်းအား ကြားနာဖူးပြီးသော တရားတို့သည်လည်း မေ့ပျောက်ခြင်းသို့ မရောက်ကုန်၊ ထိုရဟန်း၏ စိတ်၌ ရှေးက မတွေ့ရောက်ဖူးသော တရားတို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ မသိရသေးသည်ကိုလည်း သိ၏။ ငါ့သျှင်တို့ ဤမျှဖြင့် တရားမဆုတ်ယုတ်သော ပုဂ္ဂိုလ်ဟူ၍ မြတ်စွာဘုရား ဟောတော်မူ၏။

ငါ့သျှင်တို့ အကယ်၍ ရဟန်းသည် သူတစ်ပါးစိတ်ဖြစ်ပုံ၌ လိမ္မာသူမဖြစ်ခဲ့သော် “(ငါသည်) မိမိ စိတ်ဖြစ်ပုံ၌ လိမ္မာသူ ဖြစ်ရမည်”ဟု ဤသို့သာလျှင် သင်တို့ ကျင့်အပ်၏။ ငါ့သျှင်တို့ အဘယ်သို့လျှင် ရဟန်းသည် မိမိစိတ်ဖြစ်ပုံ၌ လိမ္မာသူ ဖြစ်သနည်း။ ငါ့သျှင်တို့ ဥပမာသော်ကား ငယ်ရွယ်နုပျို၍ တန်ဆာ ဆင်လေ့ရှိသော မိန်းမသည်လည်းကောင်း၊ ယောကျာ်းသည်လည်းကောင်း ထက်ဝန်းကျင် စင်ကြယ်ဖြူစင်သော ကြေးမုံ (မှန်)၌ဖြစ်စေ ကြည်လင်သော ရေခွက်၌ဖြစ်စေ မိမိမျက်နှာရိပ်ကို ကြည့်ရှုဆင်ခြင်လတ်သော် ထိုကြေးမုံရေခွက်၌ အကယ်၍ မြူမှုန်ကိုသော်လည်းကောင်း၊ (မှဲ့စသော) အညစ်အကြေးကိုသော် လည်းကောင်း မြင်ခဲ့မူ ထိုမြူမှုန် (မှဲ့စသော) အညစ်အကြေးကို ပယ်ရန် အလို့ငှါ လုံ့လပြု၏၊ ထို (ကြေးမုံ—ရေခွက်) ၌ မြူမှုန် (မှဲ့စသော) အညစ်အကြေးကို မမြင်ခဲ့မူ ထိုမမြင်ခြင်းကြောင့်ပင် “ငါ့အား အရတော်လေစွ၊ ငါသည် ထက်ဝန်းကျင် စင်ကြယ်လေစွ”ဟု ဝမ်းမြောက်မှု အကြံပြည့်စုံမှု ဖြစ်ရ၏။ ငါ့သျှင်တို့ ဤအတူပင် “ငါသည် အခါများစွာ အဘိဇ္ဈာမများဘဲ နေသလော၊ ငါ့အား ထိုတရားသည် ရှိသလော၊ သို့မဟုတ် မရှိသလော၊ ငါသည် အခါများစွာ စိတ်မဖောက်ပြန်ဘဲ နေသလော၊ ငါ့အား ထိုတရားသည် ရှိသလော၊ သို့မဟုတ် မရှိသလော၊ ငါသည် အခါများစွာ ထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ကင်း၍ နေသလော၊ ငါ့အား ထိုတရားသည် ရှိသလော၊ သို့မဟုတ် မရှိသလော၊ ငါသည် အခါများစွာ မပျံ့ လွင့်ဘဲ နေသလော၊ ငါ့အား ထိုတရားသည် ရှိသလော၊ သို့မဟုတ် မရှိသလော၊ ငါသည် အခါများစွာ ယုံမှားမှုကို လွန်မြောက်၍ နေသလော၊ ငါ့အား ထိုတရားသည် ရှိသလော၊ သို့မဟုတ် မရှိသလော၊ ငါသည် အခါများစွာ အမျက်မထွက်ဘဲ နေသလော၊ ငါ့အား ထိုတရားသည် ရှိသလော၊ သို့မဟုတ် မရှိသလော၊ ငါသည် အခါများစွာ စိတ်မညစ်နွမ်းဘဲ နေသလော၊ ငါ့အား ထိုတရားသည် ရှိသလော၊ သို့မဟုတ် မရှိသလော၊ ငါသည် မိမိသန္တာန်၌ ဝမ်းမြောက်မှုတရားကို ရသူဖြစ်သလော၊ ငါ့အား ထိုတရား သည် ရှိသလော၊ သို့မဟုတ် မရှိသလော၊ ငါသည် မိမိသန္တာန်၌ စိတ်ကို ငြိမ်အေးစေသော သမထကို ရသူဖြစ်သလော၊ ငါ့အား ထိုတရားသည် ရှိသလော၊ သို့မဟုတ် မရှိသလော၊ ငါသည် အဓိပညာ ဓမ္မဝိပဿနာကို ရသူဖြစ်သလော၊ ငါ့အား ထိုတရားသည် ရှိသလော၊ သို့မဟုတ် မရှိသလော”ဟု ဆင်ခြင်မှု ‘ပစ္စဝေက္ခဏာ’သည် ရဟန်းအား ကုသိုလ်တရားတို့၌ ကျေးဇူးများ၏။ ငါ့သျှင်တို့ အကယ်၍ ဆင်ခြင်သော ရဟန်းသည် ဤကုသိုလ်တရားအားလုံးတို့ကို မိမိ၌ မမြင်ပါမူ ငါ့သျှင်တို့ ထိုရဟန်းသည် ဤကုသိုလ်တရား အားလုံးတို့ကိုသာလျှင်ရရန် လွန်ကဲသော အလို လုံ့လ အားထုတ်မှု အလွန်အားထုတ်မှု မဆုတ်နစ်မှု အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ကို ပြုသင့်၏။ ငါ့သျှင်တို့ ဥပမာသော်ကား အဝတ်မီးလောင်သူသည်လည်းကောင်း၊ ဦးခေါင်းမီးလောင်သူသည်လည်းကောင်း ထိုအဝတ် ဦးခေါင်းကိုသာလျှင် ငြိမ်းစေရန် လွန်ကဲသော အလို လုံ့လအားထုတ်မှု အလွန် အားထုတ်မှု မဆုတ်နစ်မှု အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ကို ပြုရာ၏။ ငါ့သျှင်တို့ ဤ အတူပင် ရဟန်းသည် ကုသိုလ်တရား အားလုံးတို့ကိုသာလျှင် ရရန် လွန်ကဲသော အလို လုံ့လ အားထုတ်မှု အလွန်အားထုတ်မှု မဆုတ်နစ်မှု အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ကို ပြုသင့်၏။ ငါ့သျှင်တို့ အကယ်၍ ဆင်ခြင်သော ရဟန်းသည် ကုသိုလ်အချို့တို့ကို မိမိ၌ ကောင်းစွာ မြင်ပါမူ ကုသိုလ်အချို့တို့ကို မိမိ၌ ကောင်းစွာ မမြင်ပါမူ ငါ့သျှင်တို့ ထိုရဟန်းသည် မိမိ၌ ကောင်းစွာ မြင်သော ကုသိုလ်တရားတို့၌ တည်၍ မိမိ၌ ကောင်းစွာ မမြင်သော တရားတို့ကို ရရန် လွန်ကဲသော အလို လုံ့လ အားထုတ်မှု အလွန်အားထုတ်မှု မဆုတ်နစ်မှု အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ်’သမ္ပဇဉ်’ကို ပြုသင့်၏။ ငါ့သျှင်တို့ ဥပမာသော်ကား အဝတ်မီးလောင်သူသည်လည်းကောင်း၊ ဦးခေါင်းမီးလောင်သူသည်လည်းကောင်း ထိုအဝတ် ဦးခေါင်းကိုသာလျှင် ငြိမ်းစေရန် လွန်ကဲသော အလို လုံ့လ အားထုတ်မှု အလွန် အားထုတ်မှု မဆုတ်နစ်မှု အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ်’သမ္ပဇဉ်’ ကို ပြုရာ၏။ ငါ့သျှင်တို့ ဤ အတူပင် ထိုရဟန်းသည် မိမိ၌ ကောင်းစွာ မြင်သော တရားတို့၌ တည်၍ မိမိ၌ ကောင်းစွာ မမြင်သော ထိုတရားတို့ကိုသာလျှင် ရရန် လွန်ကဲသော အလို လုံ့လ အားထုတ်မှု အလွန်အားထုတ်မှု မဆုတ်နစ်မှု အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ကို ပြုသင့်၏။ ငါ့သျှင်တို့ အကယ်၍ ဆင်ခြင်သော ရဟန်းသည် ဤကုသိုလ်တရား အားလုံးတို့ကိုလည်း မိမိ၌ ကောင်းစွာ မြင်ပါမူ ငါ့သျှင်တို့ ထိုရဟန်းသည် ဤကုသိုလ်တရား အားလုံးတို့၌သာလျှင် တည်၍ ထို့ထက် အလွန် အာသဝေါတရားတို့ကုန်ရန် အလို့ငှါ အားထုတ်မှုကို ပြုသင့်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။