အင်္ဂုတ္တရနိကာယ်

(၆) ၁-သစိတ္တဝဂ်

၈-မူလကသုတ်

၅၈။ ရဟန်းတို့ သာသနာတော်မှ တစ်ပါးသော အယူရှိကြသည့် ပရိဗိုဇ်တို့သည် “ငါ့သျှင်တို့ တရားအားလုံးတို့သည် အဘယ်လျှင် အခြေခံရှိကုန်သနည်း၊ တရားအားလုံးတို့သည် အဘယ်ကြောင့် ဖြစ်ပေါ်ကုန်သနည်း၊ တရားအားလုံးတို့သည် အဘယ်လျှင် ဖြစ်ကြောင်းရှိကုန်သနည်း။ တရားအားလုံးတို့သည် အဘယ်လျှင် ပေါင်းဆုံရာရှိကုန်သနည်း။ တရားအားလုံးတို့သည် အဘယ်လျှင် ရှေ့သွားရှိကုန် သနည်း။ တရားအားလုံးတို့သည် အဘယ်လျှင် အကြီးအကဲရှိကုန်သနည်း။ တရားအားလုံးတို့သည် အဘယ်လျှင် လွန်ကဲမှု ရှိကုန်သနည်း။ တရားအားလုံးတို့သည် အဘယ်လျှင် အနှစ်ရှိကုန်သနည်း။ တရားအားလုံးတို့သည် အဘယ်လျှင် သက်ဝင်ရာရှိကုန်သနည်း။ တရားအားလုံးတို့သည် အဘယ်လျှင် အဆုံးရှိကုန်သနည်း”ဟု ဤသို့ မေးလာကြကုန်မူ ရဟန်းတို့ ဤသို့ အမေးခံကြရသော သင်တို့သည် ထိုသာသနာတော်မှ တစ်ပါးသော အယူရှိကြသည့် ထိုပရိဗိုဇ်တို့အား အဘယ်သို့ ဖြေကြကုန်မည်နည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား အကျွန်ုပ်တို့အား တရားတို့သည် မြတ်စွာဘုရားလျှင် အရင်း ‘အခြေခံ’ ရှိပါကုန်၏၊ မြတ်စွာဘုရားလျှင် ထုတ်ဆောင်သူ ရှိပါကုန်၏၊ မြတ်စွာဘုရားလျှင် လဲလျောင်းရာ ရှိပါကုန်၏။ အသျှင်ဘုရား တောင်းပန်ပါ၏၊ ဆိုအပ်သော တရားစကား၏ အနက်သည် မြတ်စွာဘုရား၏ (ဉာဏ်တော်၌) သာ ထင်ပါစေလော့၊ မြတ်စွာဘုရား၏ (အထံမှ) ကြားနာရ၍ ရဟန်းတို့သည် ဆောင်ထားကြပါကုန်လိမ့်မည်ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ ထိုသို့ဖြစ်လျှင် နာကုန်လော့၊ ကောင်းစွာ နှလုံးပြုကုန်လော့၊ ဟောပြပေအံ့ဟု (မိန့်တော်မူ၏)။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏— ရဟန်းတို့ သာသနာတော်မှ တစ်ပါးသော အယူရှိကြသည့် ပရိဗိုဇ်တို့သည် ငါ့သျှင်တို့ တရားအားလုံးတို့သည် အဘယ်လျှင် ‘အခြေခံ’ ရှိကုန်သနည်း။ တရားအားလုံးတို့သည် အဘယ်ကြောင့် ဖြစ်ပေါ်ကုန်သနည်း။ တရားအားလုံးတို့သည် အဘယ်လျှင် ဖြစ်ကြောင်းရှိကုန်သနည်း။ တရားအားလုံးတို့သည် အဘယ်လျှင် ပေါင်းဆုံရာရှိကုန်သနည်း။ တရားအားလုံးတို့သည် အဘယ်လျှင် ရှေ့သွားရှိကုန်သနည်း။ တရားအားလုံးတို့သည် အဘယ်လျှင် အကြီးအကဲရှိကုန်သနည်း။ တရားအားလုံးတို့သည် အဘယ်လျှင် လွန်ကဲမှုရှိကုန်သနည်း။ တရားအားလုံးတို့သည် အဘယ်လျှင် အနှစ်ရှိကုန်သနည်း။ တရားအားလုံးတို့သည် အဘယ်လျှင် သက်ဝင်ရာရှိကုန် သနည်း။ တရားအားလုံးတို့သည် အဘယ်လျှင် အဆုံးရှိကုန်သနည်း”ဟု အကယ်၍ မေးလာကြကုန်မူ ရဟန်းတို့ ဤသို့ အမေးခံကြရသော သင်တို့သည် သာသနာတော်မှ တစ်ပါးသော အယူရှိကြသည့် ထိုပရိဗိုဇ်တို့အား ဤသို့ ဖြေကြကုန်လော့။

“ငါ့သျှင်တို့ တရားအားလုံးတို့သည် အလိုဆန္ဒလျှင် ‘အခြေခံ’ရှိကုန်၏။ တရားအားလုံးတို့သည့်နှလုံးသွင်းခြင်းကြောင့် ဖြစ်ပေါ်ကုန်၏။ တရားအားလုံးတို့သည် ဖဿလျှင် ဖြစ်ကြောင်း ရှိကုန်၏။ တရား အားလုံးတို့သည် ဝေဒနာလျှင် ပေါင်းဆုံရာရှိကုန်၏၊ တရားအားလုံးတို့သည် သမာဓိလျှင် ရှေ့သွား ရှိကုန်၏။ တရားအားလုံးတို့သည် သတိလျှင် အကြီးအကဲရှိကုန်၏။ တရားအားလုံးတို့သည် ပညာလျှင် လွန်ကဲမှုရှိကုန်၏။ တရားအားလုံးတို့သည် ဝိမုတ္တိ ‘အရဟတ္တဖိုလ်’လျှင် အနှစ်ရှိကုန်၏။ တရားအားလုံးတို့သည် အမြိုက်နိဗ္ဗာန်လျှင် သက်ဝင်ရာရှိကုန်၏။ တရားအားလုံးတို့သည် နိဗ္ဗာန်လျှင် အဆုံးရှိကုန်၏”ဟု (ဖြေကြကုန်လော့)။ ရဟန်းတို့ ဤသို့အမေးခံကြရသော သင်တို့သည် သာသနာတော်မှ တစ်ပါးသော အယူရှိကြသည့် ထိုပရိဗိုဇ်တို့အား ဤသို့ ဖြေကုန်လော့ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။