အင်္ဂုတ္တရနိကာယ်

(၇) ၂-ယမကဝဂ်

၁-အဝိဇ္ဇာသုတ်

၆၁။ “ရဟန်းတို့ ‘ဤအခါမှ ရှေ့၌ အဝိဇ္ဇာ မဖြစ်ဖူးသေး၊ ထိုမှ နောက်၌ ဖြစ်ခဲ့ပြီ’ဟု အဝိဇ္ဇာ၏ ရှေ့အစွန်းသည် မထင်ရှား”၊ ရဟန်းတို့ ဤသို့ပင် မထင်ရှားသော်လည်း စင်စစ် “ဤအကြောင်းကြောင့် အဝိဇ္ဇာ ဖြစ်၏”ဟူ၍ကား ထင်ရှား၏ဟု ဤသို့ ထိုစကားကို ဆိုသင့်၏။ ရဟန်းတို့ အဝိဇ္ဇာကိုလည်း အကြောင်းနှင့် တကွ ဖြစ်၏ဟု ငါဆို၏။ အကြောင်းမရှိဟု ငါမဆို။ အဝိဇ္ဇာ၏ အကြောင်းကား အဘယ်နည်း၊ “နီဝရဏငါးပါးတို့တည်း”ဟု ဆိုအပ်ရာ၏။ ရဟန်းတို့ နီဝရဏငါးပါးတို့ကိုလည်း အကြောင်းနှင့်တကွ ဖြစ်ကုန်၏ဟု ငါဆို၏၊ အကြောင်းမရှိကုန်ဟု ငါမဆို။ နီဝရဏငါးပါးတို့၏ အကြောင်းကား အဘယ်နည်း၊ “ဒုစရိုက်သုံးပါးတို့တည်း”ဟု ဆိုအပ်ရာ၏။ ရဟန်းတို့ ဒုစရိုက်သုံးပါးတို့ကိုလည်း အကြောင်းနှင့်တကွ ဖြစ်ကုန်၏ဟု ငါဆို၏၊ အကြောင်းမရှိကုန်ဟု ငါမဆို။ ဒုစရိုက်သုံးပါးတို့၏ အကြောင်းကား အဘယ်နည်း၊ “ဣန္ဒြေကို မစောင့်စည်းမှုတည်း”ဟု ဆိုအပ်ရာ၏။

ရဟန်းတို့ ဣန္ဒြေကို မစောင့်စည်းမှုကိုလည်း အကြောင်းနှင့်တကွ ဖြစ်၏ဟု ငါဆို၏၊ အကြောင်းမရှိဟု ငါမဆို။ ဣန္ဒြေကို မစောင့်စည်းမှု၏ အကြောင်းကား အဘယ်နည်း၊ “သတိမရှှိိမှု ဆင်ခြင်ဉာဏ် မရှိမှုတည်း”ဟု ဆိုအပ်ရာ၏။ ရဟန်းတို့ သတိမရှိမှု ဆင်ခြင်ဉာဏ် မရှိမှုကိုလည်း အကြောင်းနှင့်တကွ ဖြစ်၏ဟု ငါဆို၏၊ အကြောင်းမရှိဟု ငါမဆို။ သတိမရှိမှု ဆင်ခြင်ဉာဏ် မရှိမှု၏ အကြောင်းကား အဘယ်နည်း၊ “မသင့်မတင့် နှလုံးသွင်းမှုတည်း”ဟု ဆိုအပ်ရာ၏။ ရဟန်းတို့ မသင့်မတင့် နှလုံးသွင်းမှုကိုလည်း အကြောင်းနှင့်တကွ ဖြစ်၏ဟု ငါဆို၏၊ အကြောင်းမရှိဟု ငါမဆို။ မသင့်မတင့် နှလုံးသွင်းမှု၏ အကြောင်းကား အဘယ်နည်း၊ “မယုံကြည်မှုတည်း”ဟု ဆိုအပ်ရာ၏၊ ရဟန်းတို့ မယုံကြည်မှုကိုလည်း အကြောင်း နှင့်တကွ ဖြစ်၏ဟု ငါဆို၏၊ အကြောင်းမရှိဟု ငါမဆို။ မယုံကြည်မှု၏ အကြောင်းကား အဘယ်နည်း၊ “သူတော်ကောင်းတရားကို မနာကြားမှုတည်း”ဟု ဆိုအပ်ရာ၏။ ရဟန်းတို့ သူတော်ကောင်းတရားကို မနာကြားမှုကိုလည်း အကြောင်းနှင့်တကွ ဖြစ်၏ဟု ငါဆို၏၊ အကြောင်းမရှိဟု ငါမဆို။ သူတော်ကောင်း တရားကို မနာကြားမှု၏ အကြောင်းကား အဘယ်နည်း၊ “သူတော်ကောင်းတို့ကို မမှီဝဲမှုတည်း”ဟု ဆိုအပ်ရာ၏။ ရဟန်းတို့ ဤသို့လျှင် သူတော်ကောင်းတို့ကို မမှီဝဲရမှု ပြည့်ခဲ့လျှင် သူတော်ကောင်းတရား မနာ ကြားရမှုကို ပြည့်စေ၏၊ သူတော်ကောင်းတရား မနာကြားရမှု ပြည့်ခဲ့လျှင် မယုံကြည်မှုကို ပြည့်စေ၏၊ မယုံကြည်မှု ပြည့်ခဲ့လျှင် မသင့်မတင့် နှလုံးသွင်းမှုကို ပြည့်စေ၏၊ မသင့်မတင့် နှလုံးသွင်းမှု ပြည့်ခဲ့လျှင် သတိမရှိမှု ဆင်ခြင်ဉာဏ်မရှိမှုကို ပြည့်စေ၏၊ သတိမရှိမှု ဆင်ခြင်ဉာဏ်မရှိမှု ပြည့်ခဲ့လျှင် ဣန္ဒြေ မစောင့်စည်းမှုကို ပြည့်စေ၏၊ ဣန္ဒြေမစောင့်စည်းမှု ပြည့်ခဲ့လျှင် ဒုစရိုက်သုံးပါးတို့ကို ပြည့်စေ၏၊ ဒုစရိုက် သုံးပါးတို့ ပြည့်ခဲ့လျှင် နီဝရဏငါးပါးကို ပြည့်စေ၏၊ နီဝရဏငါးပါးတို့ ပြည့်ခဲ့လျှင် အဝိဇ္ဇာကို ပြည့်စေ၏။ ဤသို့လျှင် ထိုအဝိဇ္ဇာ၏ အကြောင်းသည် ဖြစ်၏၊ ဤသို့လျှင် အဆင့်ဆင့် ပြည့်၏။ ရဟန်းတို့ ဥပမာသော်ကား တောင်ထိပ်၌ မိုးသည်းထန်စွာ ရွာသည်ရှိသော် ထိုရေသည် နိမ့်ရာ နိမ့်ရာသို့ စီးသွား၍ တောင်, ချောက်, ပပ်ကြားကွဲ, မြောင်းငယ်တို့ကို ပြည့်စေ၏၊ တောင်ချောက် ပပ်ကြားကွဲ မြောင်းငယ်တို့ ပြည့်ခဲ့လျှင် အိုင်ငယ်တို့ကို ပြည့်စေကုန်၏၊ အိုင်ငယ်တို့ ပြည့်ခဲ့လျှင် အိုင်ကြီးတို့ကို ပြည့်စေကုန်၏၊ အိုင်ကြီးတို့ ပြည့်ခဲ့လျှင် မြစ်ငယ်တို့ကို ပြည့်စေကုန်၏၊ မြစ်ငယ်တို့ ပြည့်ခဲ့လျှင် မြစ်ကြီးတို့ကို ပြည့်စေကုန်၏၊ မြစ်ကြီးတို့ ပြည့်ခဲ့လျှင် သာဂရခေါ် မဟာသမုဒ္ဒရာကို ပြည့်စေကုန်၏၊ ဤသို့ သာဂရခေါ် ထိုမဟာသမုဒ္ဒရာ၏ အကြောင်းသည် ဖြစ်၏၊ ဤသို့လျှင် အဆင့်ဆင့် ပြည့်၏။ ရဟန်းတို့ ဤအတူပင် သူတော်ကောင်းတို့ကို မမှီဝဲရမှု ပြည့်ခဲ့လျှင် သူတော်ကောင်းတရား မနာကြားရမှုကို ပြည့်စေ၏၊ သူတော်ကောင်းတရား မနာကြားရမှု ပြည့်ခဲ့လျှင် မယုံကြည်မှုကို ပြည့်စေ၏၊ မယုံကြည်မှု ပြည့်ခဲ့လျှင် မသင့်မတင့် နှလုံးသွင်းမှုကို ပြည့်စေ၏၊ မသင့်မတင့် နှလုံးသွင်းမှု ပြည့်ခဲ့လျှင် သတိမရှိမှု ဆင်ခြင်ဉာဏ်မရှိမှုကို ပြည့်စေ၏၊ သတိမရှိမှု ဆင်ခြင်ဉာဏ်မရှိမှုပြည့်ခဲ့လျှင် ဣန္ဒြေ မစောင့် စည်းမှုကို ပြည့်စေ၏၊ ဣန္ဒြေမစောင့်စည်းမှု ပြည့်ခဲ့လျှင် ဒုစရိုက်သုံးပါးတို့ကို ပြည့်စေ၏၊ ဒုစရိုက်သုံးပါးတို့ ပြည့်ခဲ့လျှင် နီဝရဏငါးပါးတို့ကို ပြည့်စေကုန်၏၊ နီဝရဏငါးပါးတို့ ပြည့်ခဲ့လျှင် အဝိဇ္ဇာကို ပြည့်စေကုန်၏။ ဤသို့ ထိုအဝိဇ္ဇာ၏အကြောင်းသည် ဖြစ်၏၊ ဤသို့လျှင် အဆင့်ဆင့် ပြည့်၏။ ရဟန်းတို့ ဝိဇ္ဇာဝိမုတ္တိကို၁လည်း အကြောင်းရှိ၏ဟု ငါဆို၏၊ အကြောင်းမရှိဟု ငါမဆို။ ဝိဇ္ဇာဝိမုတ္တိ၏ အကြောင်းကား အဘယ်နည်း၊ “ဗောဇ္ဈင်ခုနစ်ပါးတို့တည်း”ဟု ဆိုအပ်ရာ၏။ ရဟန်းတို့ ဗောဇ္ဈုင်ခုနစ်ပါးတို့ကိုလည်း အကြောင်းရှိကုန်၏ဟု ငါဆို၏၊ အကြောင်းမရှိဟု ငါမဆို။ ဗောဇ္ဈင်ခုနစ်ပါးတို့၏ အကြောင်းကား အဘယ်နည်း၊ “သတိပဋ္ဌာန်လေးပါးတို့တည်း”ဟု ဆိုအပ်ရာ၏။ ရဟန်းတို့ သတိပဋ္ဌာန်လေးပါးတို့ကိုလည်း အကြောင်းရှိကုန်၏ဟု ငါဆို၏၊ အကြောင်းမရှိဟု ငါမဆို။ သတိပဋ္ဌာန်လေးပါးတို့၏ အကြောင်းကား အဘယ်နည်း၊ “သုစရိုက်သုံးပါးတို့တည်း”ဟု ဆိုအပ်ရာ၏။ ရဟန်းတို့ သုစရိုက်သုံးပါးတို့ကိုလည်း အကြောင်းရှိကုန်၏ဟု ငါဆို၏၊ အကြောင်းမရှိဟု ငါမဆို။ သုစရိုက်သုံးပါးတို့၏ အကြောင်းကား အဘယ်နည်း၊ “ဣန္ဒြေကိုစောင့်စည်းမှုတည်း”ဟု ဆိုအပ်ရာ၏။ ရဟန်းတို့ ဣန္ဒြေကိုစောင့်စည်းမှုကိုလည်း အကြောင်းရှိ၏ဟု ငါဆို၏၊ အကြောင်းမရှိဟု ငါမဆို။ ဣန္ဒြေကိုစောင့်စည်းမှု၏ အကြောင်းကား အဘယ်နည်း၊ “အောက်မေ့မှု ဆင်ခြင်မှုတည်း”ဟု ဆိုအပ်ရာ၏။ ရဟန်းတို့ အောက်မေ့မှု ဆင်ခြင်မှုကိုလည်း အကြောင်းရှိ၏ဟု ငါဆို၏၊ အကြောင်း မရှိဟု ငါမဆို။ အောက်မေ့မှု ဆင်ခြင်မှု၏ အကြောင်းကား အဘယ်နည်း၊ “အသင့်အတင့် နှလုံးသွင်းမှုတည်း”ဟု ဆိုအပ်ရာ၏။ ရဟန်းတို့ အသင့်အတင့် နှလုံးသွင်းမှုကိုလည်း အကြောင်းရှိ၏ဟု ငါဆို၏၊ အကြောင်း မရှိဟု ငါမဆို။ အသင့်အတင့် နှလုံးသွင်းမှု၏ အကြောင်းကား အဘယ်နည်း၊ “ယုံကြည်မှုတည်း”ဟု ဆိုအပ် ရာ၏။ ရဟန်းတို့ ယုံကြည်မှုကိုလည်း အကြောင်းရှိ၏ဟု ငါဆို၏၊ အကြောင်းမရှိဟု ငါမဆို။ ယုံကြည်မှု၏ အကြောင်းကား အဘယ်နည်း၊ “သူတော်ကောင်းတရား နာကြားရမှုတည်း”ဟု ဆိုအပ်ရာ၏။ ရဟန်းတို့ သူတော်ကောင်းတရား နာကြားမှုကိုလည်း အကြောင်းရှိ၏ဟု ငါဆို၏၊ အကြောင်းမရှိဟု ငါမဆို။ သူတော် ကောင်းတရား နာကြားရမှု၏ အကြောင်းကား အဘယ်နည်း၊”သူတော်ကောင်းကို မှီဝဲမှုတည်း”ဟု ဆိုအပ်ရာ၏။ ရဟန်းတို့ ဤသို့ သူတော်ကောင်းကို မှီဝဲမှုပြည့်ခဲ့လျှင် သူတော်ကောင်းတရား နာကြားရမှုကို ပြည့်စေ၏၊ သူတော်ကောင်းတရား နာကြားရမှု ပြည့်ခဲ့လျှင် ယုံကြည်မှုကို ပြည့်စေ၏၊ ယြုံကည်မှု ပြည့်ခဲ့လျှင် အသင့်အတင့် နှလုံးသွင်းမှုကို ပြည့်စေ၏၊ အသင့်အတင့် နှလုံးသွင်းမှု ပြည့်ခဲ့လျှင် အောက်မေ့မှု ဆင်ခြင်မှုကို ပြည့်စေ၏၊ အောက်မေ့မှု ဆင်ခြင်မှုပြည့်ခဲ့လျှင် ဣန္ဒြေစောင့်စည်းမှုကို ပြည့်စေ၏၊ ဣန္ဒြေကိုစောင့်စည်းမှု ပြည့်ခဲ့လျှင် သုစရိုက်သုံးပါးတို့ကို ပြည့်စေ၏၊ သုစရိုက်သုံးပါးတို့ ပြည့်ခဲ့လျှင် သတိပဋ္ဌာန် လေးပါးတို့ကို ပြည့်စေကုန်၏၊ သတိပဋ္ဌာန်လေးပါးတို့ ပြည့်ခဲ့လျှင် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပြည့်စေ၏၊ ဗောဇ္ဈင်ခုနစ်ပါးတို့ ပြည့်ခဲ့လျှင် ဝိဇ္ဇာဝိမုတ္တိကို ပြည့်စေကုန်၏၊ဤသို့လျှင် ထိုဝိဇ္ဇာဝိမုတ္တိ၏အကြောင်းသည် ဖြစ်၏။ ဤသို့လျှင် အဆင့်ဆင့် ပြည့်၏။ ရဟန်းတို့ ဥပမာသော်ကား တောင်ထိပ်၌ မိုးသည်းထန်စွာ ရွာသည်ရှိသော် ထိုရေသည် နိမ့်ရာ နိမ့်ရာသို့ စီးသွား၍ တောင်, ချောက်, ပပ်ကြားကွဲ, မြောင်းငယ်တို့ကို ပြည့်စေ၏၊ တောင် ချောက် ပပ်ကြားကွဲ မြောင်းငယ်တို့ ပြည့်ကြလျှင် အိုင်ငယ်တို့ကို ပြည့်စေကုန်၏၊ အိုင်ငယ်တို့ ပြည့်ကြလျှင် အိုင်ကြီးတို့ကို ပြည့်စေကုန်၏၊ အိုင်ကြီးတို့ ပြည့်ကြလျှင် မြစ်ငယ်တို့ကို ပြည့်စေကုန်၏၊ မြစ်ငယ်တို့ ပြည့်ကြလျှင် မြစ်ကြီးတို့ကို ပြည့်စေကုန်၏၊ မြစ်ကြီးတို့ ပြည့်ကြလျှင် သာဂရခေါ် မဟာသမုဒ္ဒရာကို ပြန့်စေကုန်၏၊ ဤသို့လျှင် သာဂရခေါ် ထိုမဟာသမုဒ္ဒရာ၏ အကြောင်းသည် ဖြစ်၏၊ ဤသို့လျှင် အဆင့်ဆင့်ပြည့်၏။ ရဟန်းတို့ ဤအတူပင် သူတော်ကောင်းကို မှီဝဲမှု ပြည့်ခဲ့လျှင် သူတော်ကောင်းတရား နာကြားရမှုကို ပြည့်စေ၏၊ သူတော်ကောင်းတရား နာကြားရမှု ပြည့်ခဲ့လျှင် ယုံကြည်မှုကို ပြည့်စေ၏၊ ယုံကြည်မှု ပြည့်ခဲ့လျှင် အသင့်အတင့် နှလုံးသွင်းမှုကို ပြည့်စေ၏၊ အသင့်အတင့် နှလုံးသွင်းမှု ပြည့်ခဲ့လျှင် အောက် မေ့မှု ဆင်ခြင်မှုကို ပြည့်စေ၏၊ အောက်မေ့မှု ဆင်ခြင်မှု ပြည့်ခဲ့လျှင် ဣန္ဒြေစောင့်စည်းမှုကို ပြည့်စေ၏၊ ဣန္ဒြေစောင့်စည်းမှု ပြည့်ခဲ့လျှင် သုစရိုက်သုံးပါးတို့ကို ပြည့်စေ၏၊ သုစရိုက်သုံးပါးတို့ ပြည့်ခဲ့လျှင် သတိပဋ္ဌာန်လေးပါးတို့ကို ပြည့်စေကုန်၏၊ သတိပဋ္ဌာန်လေးပါး ပြည့်ခဲ့လျှင် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပြည့်စေ၏၊ ဗောဇ္ဈင်ခုနစ်ပါး ပြည့်ခဲ့လျှင် ဝိဇ္ဇာဝိမုတ္တိကို ပြည့်စေကုန်၏။ ဤသို့လျှင် ထိုဝိဇ္ဇာဝိမုတ္တိ၏ အကြောင်းသည် ဖြစ်၏၊ ဤသို့လျှင် အဆင့်ဆင့် ပြည့်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

၁။ အရဟတ္တဖိုလ်ဉာဏ်သည် ဝိဇ္ဇာမည်၏၊ ကြွင်းသော သမ္ပယုတ်တရားသည် ဝိမုတ္တိမည်၏။