အင်္ဂုတ္တရနိကာယ်

(၇) ၂-ယမကဝဂ်

၉-ပဌမ ကထာဝတ္ထုသုတ်

၆၉။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ရဟန်းများစွာတို့သည် ဆွမ်းစားပြီးနောက် ဆွမ်းခံရာမှ ဖဲခဲ့ကြကာ စည်းဝေးရာ ဇရပ်၌ အညီအညွတ်စုဝေးထိုင်နေကြပြီးလျှင် များစွာသော (မဂ်ဖိုလ်မှ) ဖီလာစကားကို ပြောဆိုလျက် နေကုန်၏။ ဤသည်တို့ကား အဘယ်တို့နည်း၊ မင်းနှင့်စပ်သော စကား ခိုးသူနှင့်စပ်သောစကား အမတ်ကြီးနှင့်စပ်သောစကား စစ်သည်နှင့်စပ်သောစကား ကြောက်ဖွယ်နှင့် စပ်သောစကား စစ်ထိုးမှုနှင့်စပ်သောစကား စားဖွယ်နှင့်စပ်သောစကား သောက်ဖွယ်နှင့်စပ်သောစကားအဝတ်နှင့်စပ်သောစကား အိပ်ရာနှင့်စပ်သောစကား ပန်းနှင့်စပ်သောစကား နံ့သာနှင့်စပ်သောစကား ဆွေမျိုးနှင့် စပ်သောစကား ယာဉ်နှင့်စပ်သောစကား ရွာနှင့်စပ်သောစကား နိဂုံးနှင့်စပ်သောစကား မြို့နှင့်စပ်သောစကား နယ်နှင့်စပ်သောစကား မိန်းမနှင့်စပ်သောစကား သူရဲကောင်းနှင့်စပ်သောစကား လမ်းနှင့်စပ်သောစကား ရေခပ်ဆိပ်နှင့်စပ်သောစကား သေလွန်သူနှင့်စပ်သောစကား အထွေထွေနှင့် စပ်သောစကား လောက (အကြောင်း) နှင့်စပ်သောစကား သမုဒ္ဒရာ (အကြောင်း) နှင့်စပ်သော စကား ကြီးပွါးမှု ဆုတ်ယုတ်မှုနှင့်စပ်သော စကားတို့တည်း။

ထိုအခါ မြတ်စွာဘုရားသည် ညနေချမ်းအခါ၌ (တစ်ပါးတည်း) ကိန်းအောင်းရာမှ ထတော်မူကာ စည်းဝေးရာဇရပ်သို့ ချဉ်းကပ်ပြီးနောက် ခင်းထားသောနေရာ၌ ထိုင်တော်မူလျက် ရဟန်းတို့ကို “ရဟန်းတို့ ယခုအခါ၌ အဘယ်စကားဖြင့် အညီအညွတ်စုဝေး ထိုင်နေကြကုန်သနည်း၊ သင်တို့၏ မပြီးပြတ်သေးသော အကြားစကားသည် အဘယ်နည်း”ဟု မေးတော်မူ၏။ အသျှင်ဘုရား အကျွန်ုပ်တို့ သည် ဆွမ်းစားပြီးနောက် ဆွမ်းခံရာမှ ဖဲခဲ့ကြကာ စည်းဝေးရာဇရပ်၌ အညီအညွတ်စုဝေး ထိုင်နေကြပါ သည်၊ များစွာသော (မဂ်ဖိုလ်မှ) ဖီလာစကားကို အားထုတ်လျက် နေကြပါသည်။ ယင်းစကားတို့ဟူ သည်မှာ မင်းနှင့်စပ်သော စကား ခိုးသူနှင့်စပ်သောစကား။ပ။ ကြီးပွါးမှု ဆုတ်ယုတ်မှုနှင့်စပ်သောစကား၊ ဤသည်တို့ပါတည်းဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ မင်းနှင့်စပ်သောစကား ခိုးသူနှင့်စပ်သောစကား အမတ်ကြီးနှင့်စပ်သောစကား စစ်သည်နှင့် စပ်သောစကား ကြောက်ဖွယ်နှင့်စပ်သောစကား စစ်ထိုးခြင်းနှင့်စပ်သောစကား စားဖွယ်နှင့် စပ်သောစကား သောက်ဖွယ်နှင့်စပ်သောစကား အဝတ်နှင့်စပ်သောစကား အိပ်ရာနှင့်စပ်သောစကား ပန်းနှင့်စပ်သောစကား နံ့သာနှင့်စပ်သောစကား ဆွေမျိုးနှင့်စပ်သောစကား ယာဉ်နှင့်စပ်သောစကား ရွာနှင့် စပ်သောစကား နိဂုံးနှင့်စပ်သောစကား မြို့နှင့်စပ်သောစကား နယ်နှင့်စပ်သောစကား မိန်းမနှင့်စပ်သော စကား သူရဲကောင်းနှင့်စပ်သောစကား လမ်းနှင့်စပ်သောစကား ရေခပ်ဆိပ်နှင့်စပ်သောစကား သေလွန် သူနှင့်စပ်သောစကား အထွေထွေနှင့်စပ်သောစကား လောက (အကြောင်း) နှင့်စပ်သောစကား သမုဒ္ဒရာ (အကြောင်း) နှင့်စပ်သောစကား ကြီးပွါးမှု ဆုတ်ယုတ်မှုနှင့်စပ်သောစကားဟူသော များစွာသော(မဂ်ဖိုလ်မှ) ဖီလာဖြစ်သောစကားတို့ကို ပြောဆိုနေကြခြင်းသည် ယုံကြည်မှု သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ရဟန်း ဘောင်၌ ရဟန်းပြုသော သင်တို့အား မသင့်လျော်ချေ။

ရဟန်းတို့ စီးပွါးချမ်းသာ၏ အကြောင်းဖြစ်သော စကားတို့သည် ဤဆယ်မျိုးတို့တည်း။ အဘယ် ဆယ်မျိုးတို့နည်းဟူမူ—အလိုနည်းမှုနှင့်စပ်သော စကား၊ ရောင့်ရဲမှုနှင့်စပ်သော စကား၊ ကင်းဆိတ်မှုနှင့် စပ်သော စကား၊ မရောနှောမှုနှင့်စပ်သော စကား၊ ဝီရိယအားထုတ်မှုနှင့်စပ်သော စကား၊ သီလနှင့်စပ်သော စကား၊ သမာဓိနှင့်စပ်သော စကား၊ ပညာနှင့်စပ်သော စကား၊ လွတ်မြောက်မှု ‘အရဟတ္တဖိုလ်’နှင့် စပ်သော စကား၊ လွတ်မြောက်မှုကို ဆင်ခြင်သော ဉာဏ်အမြင်နှင့်စပ်သော စကားတို့တည်း။ ရဟန်းတို့ စီးပွါးချမ်းသာ၏ အကြောင်းဖြစ်သော စကားတို့သည် ဤဆယ်မျိုးတို့ပင်တည်း။

ရဟန်းတို့ အကယ်၍ သင်တို့သည် ဤ(စီးပွါးချမ်းသာခြင်း၏) အကြောင်းဖြစ်သောစကား ဆယ်မျိုးတို့ကို ထောက်ဆ၍ ထောက်ဆ၍ စကားကို ပြောဆိုကြပါမူ ဤသို့ တန်ခိုးကြီးသော ဤသို့ အာနုဘော် ကြီးသော ဤလနေတို့၏ အစွမ်းကိုသော်လည်း (မိမိ) အစွမ်းဖြင့် ကုန်ခန်းစေနိုင်ရာ၏၊ သာသနာတော်မှ တစ်ပါးသော အယူရှိသည့် ပရိဗိုဇ်တို့၏ (အစွမ်းကို ကုန်ခန်းစေရာ၌ကား) အဘယ်ဆိုဖွယ်ရာရှိအံ့နည်းဟု (မိန့်တော်မူ၏)။

နဝမသုတ်။