အင်္ဂုတ္တရနိကာယ်

(၈) ၃-အာကင်္ခဝဂ်

၁-အာကင်္ခသုတ်

၇၁။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု ခေါ်တော်မူ၏။ ရဟန်းတို့သည် မြတ်စွာဘုရားအား “အသျှင်ဘုရား”ဟု ပြန်ကြား လျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤတရားဒေသနာကို မိန့်တော်မူ၏ —

ရဟန်းတို့ သီလနှင့် ပြည့်စုံသည်ဖြစ်၍ နေကြကုန်လော့၊ ပါတိမောက္ခသံဝရသီလကိုစောင့်စည်းခြင်း ဖြင့်စောင့်စည်းကြကာ အကျင့် ‘အာစာရ’ ကျက်စားရာ ‘ဂေါစရ’တို့နှင့် ပြည့်စုံကုန်လျက် နေကြကုန်လော့၊ အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ကြောက်မက်ဖွယ်ဘေးဟု ရှုလေ့ရှိသည်ဖြစ်၍ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်လျက် ကျင့်ကြကုန်လော့။

ရဟန်းတို့ ရဟန်းသည် “သီတင်းသုံးဖော်တို့ ချစ်ခင်အပ်သူ နှလုံးကိုပွါးစေတတ်သူ လေးစား အပ်သူ ချီးမွမ်းအပ်သူ ဖြစ်လို၏”ဟု အကယ်၍ တောင့်တခဲ့ပါမူ သီလတို့၌ ဖြည့်ကျင့်သူ မိမိ၏ သန္တာန်၌ စိတ်ငြိမ်သက်အောင် ကြိုးစားသူ ကမ္မဋ္ဌာန်းရှုမှုကို ပစ်ပယ်မထားသူ ဝိပဿနာနှင့် ပြည့်စုံသူ ဆိတ်ငြိမ်ရာ (ကျောင်း)တို့ကို တိုးပွါးစေသူသာလျှင် ဖြစ်ရာ၏။ ရဟန်းတို့ ရဟန်းသည် “သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာနေရာ သူနာ၏ အထောက်အပံ့ ဆေး အသုံးအဆောင်တို့ကို ရသူဖြစ်လို၏”ဟု အကယ်၍ တောင့်တခဲ့ပါမူ သီလတို့၌ ဖြည့်ကျင့်သူ မိမိသန္တာန်၌ စိတ်ငြိမ်သက်အောင် ကြိုးစားသူ ကမ္မဋ္ဌာန်းရှုမှုကို ပစ်ပယ်မထားသူ ဝိပဿနာနှင့် ပြည့်စုံသူ ဆိတ်ငြိမ်ရာ (ကျောင်း)တို့ကို တိုးပွါးစေသူသာလျှင် ဖြစ်ရာ၏။ ရဟန်းတို့ ရဟန်းသည် “အကြင်ပုဂ္ဂိုလ်တို့၏ သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာနေရာ သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်တို့ကို ငါသုံးဆောင်၏။ ထိုပုဂ္ဂိုလ်တို့၏ ထိုဒါနပြုခြင်းတို့သည် ကြီးမြတ်သော အကျိုးအာနိသင် ရှိကြပါစေ”ဟု အကယ်၍ တောင့်တခဲ့ပါမူ သီလတို့၌ ဖြည့်ကျင့်သူ။ပ။ ဆိတ်ငြိမ်ရာ (ကျောင်း)တို့ကို တိုးပွါးစေသူသာလျှင် ဖြစ်ရာ၏။ ရဟန်းတို့ ရဟန်းသည် “သေ၍ ပြိတ္တာဖြစ်နေကြသော ငါ၏ အကြင်ဆွေမျိုးသားချင်းတို့သည် (ငါ့ကို) ကြည်ညိုစိတ်ဖြင့် အောက်မေ့မိကြကုန်၏၊ ထိုဆွေမျိုးသားချင်းတို့၏ ထိုကြည်ညိုစိတ်ဖြင့် အောက်မေ့မှုသည် ကြီးမြတ်သော အကျိုးအာနိသင် ရှိပါစေ”ဟု အကယ်၍ တောင့်တခဲ့ပါမူ သီလတို့၌ ဖြည့်ကျင့်သူ။ပ။ ဆိတ်ငြိမ်ရာ (ကျောင်း)တို့ကို တိုးပွါးစေသူသာလျှင် ဖြစ်ရာ၏။ ရဟန်းတို့ အကယ်၍ ရဟန်းသည် “ရတတ်သမျှသော သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာနေရာ သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်ဖြင့် ရောင့်ရဲလွယ်သူ ဖြစ်ရလို၏”ဟု အကယ်၍ တောင့်တ ခဲ့ပါမူ သီလတို့၌ ဖြည့်ကျင့်သူ။ပ။ ဆိတ်ငြိမ်ရာ (ကျောင်း)တို့ကို တိုးပွါးစေသူသာလျှင် ဖြစ်ရာ၏။ ရဟန်းတို့ ရဟန်းသည် “အချမ်း အပူ ဆာလောင်မှု မွတ်သိပ်မှု မှက် ခြင် လေ နေပူ မြွေ ကင်းသန်းတို့၏ အတွေ့တို့ကိုလည်းကောင်း၊ မကောင်းသဖြင့် ဆိုအပ် မကောင်းသဖြင့် ရောက်လာသော စကားတို့ကိုလည်းကောင်း၊ ကိုယ်၌ဖြစ်ဆဲဖြစ်သော ပြင်းထန် ကြမ်းကြုတ် ခါးစပ် ကျင်နာ မသာယာဖွယ့်မနှစ်သက်ဖွယ်ဖြစ်သော သေလောက်သော ဆင်းရဲဝေဒနာတို့ကိုလည်းကောင်း သည်းခံနိုင်သော သဘော ရှိသူ ဖြစ်လို၏”ဟု အကယ်၍ တောင့်တခဲ့ပါမူ သီလတို့၌ ဖြည့်ကျင့်သူ။ပ။ ဆိတ်ငြိမ်ရာ (ကျောင်း)တို့ကို တိုးပွါးစေသူသာလျှင် ဖြစ်ရာ၏။ ရဟန်းတို့ ရဟန်းသည် “မမွေ့လျော်မှု မွေ့လျော်မှုတို့ကို နှိမ်နင်းသူ ဖြစ်ရလို၏၊ ငါ့ကို မမွေ့လျော်မှု မွေ့လျော်မှုသည် မနှိမ်နင်းစေရာ၊ ဖြစ်ပေါ်လာသည့် မမွေ့လျော်မှု မွေ့လျော်မှုကို ဖိနှိပ်၍ ဖိနှိပ်၍ နေလို၏”ဟု အကယ်၍ တောင့်တခဲ့ပါမူ သီလတို့၌ ဖြည့်ကျင့်သူ။ပ။ ဆိတ်ငြိမ်ရာ (ကျောင်း)တို့ကို တိုးပွါးစေသူသာလျှင် ဖြစ်ရာ၏။ ရဟန်းတို့ ရဟန်းသည် “ကြောက်ရွံ့ခြင်းနှင့် ကြောက်မက်ဖွယ်အာရုံကို နှိမ်နင်းသူ ဖြစ်ရလို၏၊ ငါ့ကို ကြောက်ရွံ့ခြင်းနှင့် ကြောက်မက်ဖွယ်အာရုံသည် မနှိမ်နင်းစေရာ၊ ဖြစ်ပေါ်လာသည့် ကြောက်ရွံ့ခြင်းနှင့် ကြောက်မက်ဖွယ်အာရုံကို ဖိနှိပ်၍ ဖိနှိပ်၍ နေလိုပါ၏”ဟု အကယ်၍ တောင့်တခဲ့ပါမူ သီလတို့၌ ဖြည့်ကျင့် သူ။ပ။ ဆိတ်ငြိမ်ရာ (ကျောင်း)တို့ကို တိုးပွါးစေသူသာလျှင် ဖြစ်ရာ၏။ ရဟန်းတို့ ရဟန်းသည် “အထူးစင်ကြယ်သော စိတ်ကြောင့် ဖြစ်ကုန်သော မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေရကြောင်းဖြစ်ကုန်သော (ရူပါဝစရ) ဈာန်လေးပါးတို့ကို အလိုရှိတိုင်းရသူ မငြိုမငြင်ရသူ မပင်မပန်းရသူ ဖြစ်ရလို၏”ဟု အကယ်၍ တောင့်တခဲ့ပါမူ သီလတို့၌ ဖြည့်ကျင့်သူ။ပ။ ဆိတ်ငြိမ်ရာ (ကျောင်း)တို့ကို တိုးပွါးစေသူသာလျှင် ဖြစ်ရာ၏။ ရဟန်းတို့ ရဟန်းသည် “အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ် မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကို ယခုဘဝ၌ပင်လျှင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေလိုပါ၏”ဟု အကယ်၍ တောင့်တခဲ့ပါမူ သီလတို့၌သာလျှင် ဖြည့်ကျင့်သူ မိမိသန္တာန်၌ စိတ်ကို ငြိမ်သက်အောင် ကြိုးစားသူ ကမ္မဋ္ဌာန်းရှုမှုကို ပစ်ပယ်မထားသူ ဝိပဿနာနှင့် ပြည့်စုံသူ ဆိတ်ငြိမ်ရာ (ကျောင်း)တို့ကို တိုးပွါးစေသူသာလျှင် ဖြစ်ရာ၏။ ရဟန်းတို့ သီလနှင့် ပြည့်စုံသည်ဖြစ်၍ နေကြကုန်လော့၊ ပါတိမောက္ခသံဝရသီလကိုစောင့်စည်းခြင်းဖြင့်စောင့်စည်းကြကာ အကျင့် ‘အာစာရ’ ကျက်စားရာ ‘ဂေါစရ’တို့နှင့် ပြည့်စုံကုန်လျက် နေကြကုန် လော့၊ အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ကြောက်မက်ဖွယ်ဘေးဟု ရှုလေ့ရှိသည်ဖြစ်၍ သိက္ခာ ပုဒ်တို့၌ ကောင်းစွာ ဆောက်တည်လျက် ကျင့်ကြကုန်လော့ဟု ဆိုခဲ့သော စကားကို ဤဆိုခဲ့ပြီး အကြောင်း ကို စွဲ၍ ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။