အင်္ဂုတ္တရနိကာယ်

(၉) ၄-ထေရဝဂ်

၇-နပ္ပိယသုတ်

၈၇။ ထိုအခါ မြတ်စွာဘုရားသည် ကွယ်လွန်သူ ရဟန်းကို အကြောင်းပြု၍ ရဟန်းတို့ကို “ရဟန်းတို့”ဟု ခေါ်တော်မူ၏။ “အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ —ိံရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အဓိကရုဏ်းကို ပြုတတ်၏၊ အဓိကရုဏ်းငြိမ်းခြင်း၏ ကျေးဇူးကို မဆိုတတ်။ ရဟန်းတို့ အဓိကရုဏ်းကို ပြုတတ်ခြင်း အဓိကရုဏ်းငြိမ်းခြင်း၏ ကျေးဇူးကို မဆိုတတ်ခြင်းဟူသော ဤတရားသည်လည်း ချစ်ခင်ရန် အလေးပြုရန် ပွါးများရန် ရဟန်းတရားဖြစ်ရန် တစ်ပေါင်းတည်းဖြစ်ရန် အလို့ငှါ မဖြစ်။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် သိက္ခာကို လိုလားသူ မဟုတ်၊ သိက္ခာလိုလားခြင်း၏ ကျေးဇူးကို မဆိုတတ်၊ ရဟန်းတို့ သိက္ခာကို လိုလားသူ မဟုတ်ခြင်း သိက္ခာကို လိုလားခြင်း၏ ကျေးဇူးကို မဆိုတတ်ခြင်းဟူသော ဤတရားသည်လည်း ချစ်ခင်ရန် အလေးပြုရန် ပွါးများရန် ရဟန်း တရားဖြစ်ရန် တစ်ပေါင်းတည်းဖြစ်ရန် အလို့ငှါ မဖြစ်။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် အလိုဆိုးရှိသူ ဖြစ်၏၊ အလိုဆိုးကို ပယ်ဖျောက်ခြင်း၏ ကျေးဇူးကို မဆိုတတ်။ ရဟန်းတို့ အလိုဆိုးရှိခြင်း အလိုဆိုးကို ပယ်ဖျောက်ခြင်း၏ ကျေးဇူးကို မဆိုတတ်ခြင်းဟူသော ဤတရားသည်လည်း ချစ်ခင်ရန် အလေးပြုရန် ပွါးများရန် ရဟန်းတရားဖြစ်ရန် တစ်ပေါင်းတည်းဖြစ်ရန် အလို့ငှါ မဖြစ်။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် အမျက်ထွက်သူ ဖြစ်၏။ အမျက်ထွက်ခြင်းကို ပယ်ဖျောက်ခြင်း၏ ကျေးဇူးကို မဆိုတတ်။ ရဟန်းတို့ အမျက်ထွက်ခြင်း အမျက်ထွက်ခြင်းကို ပယ်ဖျောက်ခြင်း၏ ကျေးဇူးကို မဆိုတတ်ခြင်းဟူသော ဤတရားသည်လည်း ချစ်ခင်ရန် အလေးပြုရန် ပွါးများရန် ရဟန်း တရားဖြစ်ရန် တစ်ပေါင်းတည်းဖြစ်ရန် အလို့ငှါ မဖြစ်။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် သူ့ကျေးဇူးကို ချေဖျက်တတ်၏၊ သူ့ကျေးဇူး ချေဖျက်မှုကို ပယ်ဖျောက်ခြင်း၏ ကျေးဇူးကို မဆိုတတ်။ ရဟန်းတို့ သူ့ကျေးဇူးကို ချေဖျက်ခြင်း သူ့ကျေးဇူးချေဖျက်မှုကို ပယ်ဖျောက်ခြင်း၏ ကျေးဇူးကို မဆိုတတ်ခြင်းဟူသော ဤတရားသည်လည်း ချစ်ခင်ရန် အလေးပြုရန် ပွါးများရန် ရဟန်းတရားဖြစ်ရန် တစ်ပေါင်းတည်းဖြစ်ရန် အလို့ငှါ မဖြစ်။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် စဉ်းလဲ၏၊ စဉ်းလဲခြင်းကို ပယ်ဖျောက်ခြင်း၏ ကျေးဇူးကို မဆိုတတ်။ ရဟန်းတို့ ဤစဉ်းလဲခြင်း စဉ်းလဲခြင်းကို ပယ်ဖျောက်ခြင်း၏ ကျေးဇူးကို မဆိုတတ်ခြင်းဟူသော တရားသည်လည်း ချစ်ခင်ရန် အလေးပြုရန် ပွါးများရန် ရဟန်းတရားဖြစ်ရန် တစ်ပေါင်းတည်းဖြစ်ရန် အလို့ငှါ မဖြစ်။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် လှည့်စားတတ်၏၊ လှည့်စားမှုကို ပယ်ဖျောက်ခြင်း၏ ကျေးဇူးကို မဆိုတတ်။ ရဟန်းတို့ လှည့်စားခြင်း လှည့်စားမှုကို ပယ်ဖျောက်ခြင်း၏ ကျေးဇူးကို မဆိုတတ်ခြင်းဟူသော ဤတရားသည်လည်း ချစ်ခင်ရန် အလေးပြုရန် ပွါးများရန် ရဟန်းတရားဖြစ်ရန် တစ်ပေါင်းတည်းဖြစ်ရန် အလို့ငှါ မဖြစ်။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် တရားတို့ကို မှတ်ဆောင်ထားခြင်းသဘောရှိသူ မဟုတ်၊ တရားတို့ကို မှတ်ဆောင်ထားခြင်း၏ ကျေးဇူးကို မဆိုတတ်၊ ရဟန်းတို့ တရားတို့ကို မှတ်ဆောင် ထားခြင်း သဘောရှိသူမဟုတ်ခြင်း တရားတို့ကို မှတ်ဆောင်ထားခြင်း၏ ကျေးဇူးကို မဆိုတတ်ခြင်းဟူသော ဤတရားသည်လည်း ချစ်ခင်ရန် အလေးပြုရန် ပွါးများရန် ရဟန်းတရားဖြစ်ရန် တစ်ပေါင်းတည်းဖြစ်ရန် အလို့ငှါ မဖြစ်။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် တစ်ယောက်တည်း ကိန်းအောင်းတတ်သူ မဟုတ်၊ တစ်ယောက်တည်း ကိန်းအောင်းခြင်း၏ ကျေးဇူးကို မဆိုတတ်။ ရဟန်းတို့ ဤတစ်ယောက်တည်း ကိန်းအောင်းသူမဟုတ်ခြင်း တစ်ယောက်တည်း ကိန်းအောင်းခြင်း၏ ကျေးဇူးကို မဆိုတတ်ခြင်းဟူသော ဤတရားသည်လည်း ချစ်ခင်ရန် အလေးပြုရန် ပွါးများရန် ရဟန်းတရားဖြစ်ရန် တစ်ပေါင်းတည်းဖြစ်ရန် အလို့ငှါ မဖြစ်။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် သီတင်းသုံးဖော်တို့အား ပဋိသန္ထာရ ‘အစေ့အစပ်’ ပြုတတ်သူ မဟုတ်၊ ပဋိသန္ထာရပြုခြင်း၏ ကျေးဇူးကို မဆိုတတ်။ ရဟန်းတို့ ပဋိသန္ထာရပြုတတ်သူ မဟုတ်ခြင်း ပဋိသန္ထာရပြုခြင်း၏ ကျေးဇူးကို မဆိုတတ်ခြင်းဟူသော တရားသည်လည်း ချစ်ခင်ရန် အလေးပြုရန် ပွါးများရန် ရဟန်းတရားဖြစ်ရန် တစ်ပေါင်းတည်းဖြစ်ရန် အလို့ငှါ မဖြစ်။

ရဟန်းတို့ ဤသို့ သဘောရှိသော ရဟန်းအား “အကယ်၍ ငါ့ကို သီတင်းသုံးဖော်တို့သည် အရိုအသေပြုကြကုန်မူ အလေးပြုကြကုန်မူ မြတ်နိုးကြကုန်မူ ပူဇော်ကြကုန်မူ ကောင်းလေရာ၏”ဟု ဤသို့ အလိုသည် ဖြစ်ရာ၏။ ထိုသို့ ဖြစ်သော်လည်း ထိုရဟန်းကို စင်စစ်အားဖြင့် သီတင်းသုံးဖော်တို့သည် အရိုအသေလည်း မပြုကြကုန်၊ အလေးလည်း မပြုကြကုန်၊ မြတ်နိုးလည်း မမြတ်နိုးကြကုန့်ပူဇော်လည်း မပူဇော်ကြကုန်။ ထိုသို့ ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း။ ရဟန်းတို့ သိနားလည်သော သီတင်းသုံးဖော်တို့သည် ထိုရဟန်း၏ ထိုယုတ်ညံ့သော အကုသိုလ်တရားတို့ မပယ်ရသေးသည်ကို မြင်ကြသောကြောင့်တည်း။

ရဟန်းတို့ ဥပမာသော်ကား မြင်းယုတ် မြင်းကြမ်းအား “ငါ့ကို အကယ်၍ လူတို့သည် အာဇာနည် ရာထူး၌ ထားကြမူ အာဇာနည်အစာကို ကျွေးကြမူ အာဇာနည်ပွတ်သပ်ခြင်းဖြင့် ပွတ်သပ်ကြမူ ကောင်းလေ ရာ၏”ဟု ဤသို့ အလိုသည် ဖြစ်ရာ၏။ ထိုသို့ပင် ဖြစ်သော်လည်း ထိုမြင်းယုတ်ကို စင်စစ်အားဖြင့် လူတို့သည် အာဇာနည်ရာထူးတို့၌လည်း မထားကြကုန်၊ အာဇာနည်အစာကိုလည်း မကျွေးကြကုန်၊ အာဇာနည်ပွတ်သပ်ခြင်းဖြင့်လည်း မပွတ်သပ်ကြကုန်။ ထိုသို့ ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း။ ရဟန်းတို့ သိနားလည်သော လူတို့သည် ထိုမြင်း၏ ထိုစဉ်းလဲခြင်း ကောက်ကျစ်ခြင်း မဖြောင့်မတ်ခြင်း ကောက် ကွေးခြင်းတို့ မပယ်ရသေးသည်ကို မြင်သောကြောင့်တည်း။ ရဟန်းတို့ ဤအတူပင် ဤသို့သဘောရှိသော ရဟန်းအား “အကယ်၍ ငါ့ကို သီတင်းသုံးဖော်တို့သည် အရိုအသေပြုကြကုန်မူ အလေးပြုကြကုန်မူ မြတ်နိုးကြကုန်မူ ပူဇော်ကြကုန်မူ ကောင်းလေရာ၏”ဟု ဤသို့ အလိုသည် ဖြစ်ရာ၏။ ထိုသို့ပင် ဖြစ်သော်လည်း ထိုရဟန်းကို သီတင်းသုံးဖော်တို့သည် အရိုအသေလည်း မပြုကြကုန်၊ အလေးလည်း မပြုကြကုန်၊ မြတ်နိုးလည်း မမြတ်နိုးကြကုန် ပူဇော်လည်း မပူဇော်ကြကုန်။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း။ ရဟန်းတို့ သိနားလည်သော သီတင်းသုံးဖော်တို့သည် ထိုရဟန်း၏ ထိုယုတ်ညံ့သော အကုသိုလ်တရားတို့ မပယ်ရသေးသည်ကို မြင်ကြသောကြောင့်တည်း။

ရဟန်းတို့ ဤ (သာသနာတော်) ၌ ရဟန်းသည် အဓိကရုဏ်းကို မပြုတတ်၊ အဓိကရုဏ်း ငြိမ်းခြင်း၏ ကျေးဇူးကို ဆိုတတ်၏။ ရဟန်းတို့ ဤအဓိကရုဏ်းကို မပြုခြင်း အဓိကရုဏ်းငြိမ်းခြင်း၏ ကျေးဇူးကို ဆိုတတ်ခြင်းဟူသော တရားသည်လည်း ချစ်ခင်ရန် အလေးပြုရန် ပွါးများရန် ရဟန်းတရား ဖြစ်ရန် တစ်ပေါင်းတည်းဖြစ်ရန် အလို့ငှါ ဖြစ်၏။ ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် သိက္ခာကို လိုလား၏၊ သိက္ခာကို လိုလားခြင်း၏ ကျေးဇူးကို ဆိုတတ်၏။ ရဟန်းတို့ သိက္ခာကို လိုလားခြင်း သိက္ခာကို လိုလားခြင်း၏ ကျေးဇူးကို ဆိုတတ်ခြင်းဟူသော ဤတရားသည်လည်း ချစ်ခင်ရန် အလေးပြုရန် ပွါးများရန် ရဟန်းတရားဖြစ်ရန် တစ်ပေါင်းတည်းဖြစ်ရန် အလို့ငှါ ဖြစ်၏။ ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် အလိုနည်း၏၊ အလိုဆိုးကို ပယ်ဖျောက်ခြင်း၏ ကျေးဇူးကို ဆိုတတ်၏။ ရဟန်းတို့ အလိုနည်းခြင်း အလိုဆိုးကို ပယ်ဖျောက်ခြင်း၏ ကျေးဇူးကို ဆိုတတ်ခြင်းဟူသော ဤတရားသည်လည်း။ပ။ တစ်ပေါင်းတည်းဖြစ်ရန် အလို့ငှါ ဖြစ်၏။ ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် အမျက် မထွက်တတ်၊ အမျက်ထွက်မှုကို ပယ်ဖျောက်ခြင်း၏ ကျေးဇူးကို ဆိုတတ်၏။ ရဟန်းတို့ အမျက်မထွက်ခြင်း အမျက်ထွက်မှုကို ဖျောက်ခြင်း၏ ကျေးဇူးကို ဆိုတတ်ခြင်းဟူသော ဤတရားသည်လည်း။ပ။ တစ်ပေါင်းတည်းဖြစ်ရန် အလို့ငှါ ဖြစ်၏။ ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် သူ့ကျေးဇူးကို မချေဖျက်တတ်၊ သူ့ကျေးဇူး ချေဖျက်မှုကို ပယ်ဖျောက်ခြင်း၏ ကျေးဇူးကို ဆိုတတ်၏။ ရဟန်းတို့ သူ့ကျေးဇူးကို မချေဖျက်ခြင်း သူ့ကျေးဇူးချေဖျက်မှုကို ပယ်ဖျောက်ခြင်း၏ ကျေးဇူးကို ဆိုတတ်ခြင်းဟူသော ဤတရားသည်လည်း။ပ။ တစ်ပေါင်းတည်းဖြစ်ရန် အလို့ငှါ ဖြစ်၏။ ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် မစဉ်းလဲတတ်၊ စဉ်းလဲမှုကို ပယ်ဖျောက်ခြင်း၏ ကျေးဇူးကို ဆိုတတ်၏။ ရဟန်းတို့ မစဉ်းလဲခြင်း စဉ်းလဲမှုကို ပယ်ဖျောက်ခြင်း၏ ကျေးဇူးကို ဆိုတတ်ခြင်းဟူသော ဤတရားသည်လည်း။ပ။ တစ်ပေါင်းတည်းဖြစ်ရန် အလို့ငှါ ဖြစ်၏။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် မလှည့်စားတတ်၊ လှည့်စားမှုကို ပယ်ဖျောက်ခြင်း၏ ကျေးဇူးကို ဆိုတတ်၏။ ရဟန်းတို့ မလှည့်စားခြင်း လှည့်စားမှုကို ပယ်ဖျောက်ခြင်း၏ ကျေးဇူးကို ဆိုတတ်ခြင်းဟူသော ဤတရားသည်လည်း။ပ။ တစ်ပေါင်းတည်းဖြစ်ရန် အလို့ငှါ ဖြစ်၏။ ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် တရားတို့ကို မှတ်ဆောင်ထားတတ်၏၊ တရားတို့ကို မှတ်ဆောင်ထားခြင်း၏ ကျေးဇူးကို ဆိုတတ်၏။ ရဟန်းတို့ တရားတို့ကို မှတ်ဆောင်ထားခြင်း တရားတို့ကို မှတ်ဆောင်ထားခြင်း၏ ကျေးဇူးကို ဆိုတတ်ခြင်းဟူသော ဤတရားသည်လည်း။ပ။ တစ်ပေါင်းတည်းဖြစ်ရန်အလို့ငှါ ဖြစ်၏။ ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် တစ်ယောက်တည်း ကိန်းအောင်းတတ်၏၊ တစ်ယောက်တည်း ကိန်းအောင်းခြင်း၏ ကျေးဇူးကို ဆိုတတ်၏။ ရဟန်းတို့ တစ်ယောက်တည်း ကိန်း အောင်းခြင်း တစ်ယောက်တည်း ကိန်းအောင်းခြင်း၏ ကျေးဇူးကို ဆိုတတ်ခြင်းဟူသော ဤတရားသည် လည်း။ပ။ တစ်ပေါင်းတည်းဖြစ်ရန်အလို့ငှါ ဖြစ်၏။ ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် သီတင်းသုံးဖော်တို့အား ပဋိသန္ထာရ ‘အစေ့အစပ်’ ပြုတတ်၏၊ ပဋိသန္ထာရပြုခြင်း၏ ကျေးဇူးကို ဆိုတတ်၏။ ရဟန်းတို့ ဤပဋိသန္ထာရပြုခြင်း ပဋိသန္ထာရ ပြုခြင်း၏ ကျေးဇူးကို ဆိုတတ်ခြင်းဟူသော ဤတရားသည်လည်း ချစ်ခင်ရန် အလေးပြုရန် ပွါးများရန် ရဟန်းတရားဖြစ်ရန် တစ်ပေါင်းတည်းဖြစ်ရန် အလို့ငှါ ဖြစ်၏။ ရဟန်းတို့ ဤသို့ သဘောရှိသော ရဟန်းအား “အကယ်၍ ငါ့ကို သီတင်းသုံးဖော်တို့သည် အရိုအသေပြုကြကုန်မူ အလေးပြုကြကုန်မူ မြတ်နိုးကြကုန်မူ ပူဇော်ကြကုန်မူ ကောင်းလေရာ၏”ဟု ဤသို့ အလိုသည် မဖြစ်ရာ။ ထိုသို့ မဖြစ်သော်လည်း ထိုရဟန်းကို စင်စစ်အားဖြင့် သီတင်းသုံးဖော်တို့သည် အရိုအသေ ပြုကြကုန်၏၊ အလေးပြုကြကုန်၏၊ မြတ်နိုးကြကုန်၏၊ ပူဇော်ကြကုန်၏။ ထိုသို့ ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း။ ရဟန်းတို့ သိနားလည်သော သီတင်းသုံးဖော်တို့သည် ထိုရဟန်း၏ ထိုယုတ်ညံ့သော အကုသိုလ်တရားတို့ ပယ်ပြီးသည်ကို မြင်သောကြောင့်တည်း။

ရဟန်းတို့ ဥပမာသော်ကား အမျိုးကောင်း အာဇာနည်မြင်းအား “အကယ်၍ ငါ့ကို လူတို့က အာဇာနည်ရာထူး၌ ထားကြကုန်မူ အာဇာနည်အစာကို ကျွေးကြကုန်မူ အာဇာနည်ပွတ်သပ်ခြင်းဖြင့် ပွတ်သပ်ကြကုန်မူ ကောင်းလေရာ၏”ဟု ဤသို့အလိုသည် မဖြစ်ရာ။ ထိုသို့ပင် မဖြစ်သော်လည်း ထိုမြင်း ကို လူတို့က အာဇာနည်ရာထူး၌ ထားကြကုန်၏၊ အာဇာနည်အစာကို ကျွေးကြကုန်၏၊ အာဇာနည်ပွတ် သပ်ခြင်းဖြင့် ပွတ်သပ်ကြကုန်၏။ ထိုသို့ ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း။ ရဟန်းတို့ သိနား လည်သော လူတို့က ထိုမြင်း၏ ထိုစဉ်းလဲခြင်း ကောက်ကျစ်ခြင်း မဖြောင့်မတ်ခြင်း ကောက်ကွေးခြင်းတို့ ပယ်ပြီးသည်ကို မြင်ကုန်သောကြောင့်တည်း။ ရဟန်းတို့ ဤအတူပင် ဤသို့ သဘောရှိသော ရဟန်းအား “အကယ်၍ ငါ့ကို သီတင်းသုံးဖော်တို့သည် အရိုအသေပြုကြကုန်မူ အလေးပြုကြကုန်မူ မြတ်နိုးကြကုန်မူ ပူဇော်ကြကုန်မူ ကောင်းလေရာ၏”ဟု ဤသို့ အလိုသည် မဖြစ်ရာ။ ထိုသို့ မဖြစ်သော်လည်း ထိုရဟန်း ကို သီတင်းသုံးဖော်တို့သည် အရိုအသေပြုကြကုန်၏၊ အလေးပြုကြကုန်၏၊ မြတ်နိုးကြကုန်၏၊ ပူဇော်ကြကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း။ ရဟန်းတို့ သိနားလည်သော သီတင်းသုံးဖော်တို့ သည် ထိုရဟန်း၏ ထိုယုတ်ညံ့သော အကုသိုလ်တရားတို့ ပယ်ပြီးသည်ကို မြင်ကုန်သောကြောင့်တည်းဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။