အင်္ဂုတ္တရနိကာယ်

(၉) ၄-ထေရဝဂ်

၈-အက္ကောသကသုတ်

၈၈။ ရဟန်းတို့ သီတင်းသုံးဖော်တို့အား ဆဲရေးသူ၊ ရေရွတ်သူ၊ အရိယာတို့အား (အန္တိမဝတ္ထုဖြင့်) စွပ်စွဲသူ ရဟန်းသည် ဆယ်မျိုးသော ပျက်စီးခြင်းတို့တွင် တစ်မျိုးမျိုးသော ပျက်စီးခြင်းသို့ ရောက်ရာသော အကြောင်းအခွင့်ရှိသည်သာတည်း။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ — မရသေးသည့် တရားထူးကို မရ၊ ရပြီးသော တရားထူးမှ ဆုတ်ယုတ်၏၊ ထိုရဟန်း၏ သူတော်ကောင်းတရားတို့သည် မဖြူစင်ကုန်၊ သူတော်ကောင်းတရားတို့၌သော်လည်း (မရဘဲ ရပြီဟု) အထင်ကြီးသူ ဖြစ်၏၊ မမွေ့လျော်ဘဲသော်လည်း မြတ်သောအကျင့်ကို ကျင့်သုံးရ၏၊ ညစ်နွမ်းသော အာပတ်တစ်ခုခုသို့သော်လည်း ရောက်ရ၏၊ ပြင်းပြသော ဆေးကုခက်သော ရောဂါသို့သော်လည်း ရောက်ရ၏၊ ရူးသွပ်ခြင်း စိတ်ပျံ့လွင့်ခြင်းသို့သော်လည်း ရောက်ရ၏၊ တွေတွေဝေဝေ သေရ၏၊ ကိုယ် (ခန္ဓာ) ပျက်စီး၍ သေသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောသူတို့လားရာ ဖရိုဖရဲကျရောက်ရာ ငရဲသို့ ကပ်ရောက်ရ၏။ ရဟန်းတို့ သီတင်းသုံးဖော်တို့အား ဆဲရေးသူ၊ ရေရွတ်သူ၊ အရိယာတို့အား (အန္တိမဝတ္ထုဖြင့်) စွပ်စွဲသူ ရဟန်းသည် ဆယ်မျိုးသော ပျက်စီးခြင်းတို့တွင် တစ်မျိုးမျိုးသော ပျက်စီးခြင်းသို့ ရောက်ရာသော အကြောင်းအခွင့် ရှိသည်သာတည်းဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။