အင်္ဂုတ္တရနိကာယ်

၁-အာနိသံသဝဂ်

၉-သန္တဝိမောက္ခသုတ်

၉။ ရဟန်းတို့ ရဟန်းသည် သဒ္ဓါတရားကား ရှိ၏၊ သီလကား မရှိ။ပ။ သီလလည်း ရှိ၏။ အကြားအမြင်ကား မရှိ။ အကြားအမြင်လည်း ရှိ၏၊ ဓမ္မကထိကကား မဟုတ်၊ ဓမ္မကထိကလည်းဟုတ်၏၊ ပရိသတ်၌ ကျက်စားသူကား မဟုတ်။ ပရိသတ်၌ ကျက်စားသူကားဟုတ်၏၊ ပရိသတ်၌ ရဲရဲ ရင့်ရင့်ကား တရား မဟောနိုင်။ ပရိသတ်၌ ရဲရဲရင့်ရင့်လည်း တရားဟောနိုင်၏၊ ဝိနည်းဓိုရ်ကား မဟုတ်။ ဝိနည်းဓိုရ်လည်းဟုတ်၏၊ အစွန်အဖျားကျသော တောကျောင်း၌ နေသူ မဟုတ်။ အစွန်အဖျားကျသော တောကျောင်း၌ နေသူလည်းဟုတ်၏၊ ရုပ် (ရူပဈာန်)တို့ကို လွန်မြောက်၍ ငြိမ်သက်လွတ်မြောက်သော အရူပဈာန် ‘ဝိမောက္ခ’တို့ကိုကား ကိုယ်ဖြင့် တွေ့ထိ၍ မနေ။ ထိုတရားတို့ကိုလည်း ကိုယ်ဖြင့် တွေ့ထိ၍ နေ၏၊ အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တ ဖိုလ်’ ပညာကို ယခုဘဝ၌ပင်လျှင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ရောက်၍ မနေ၊ ဤသို့ဖြစ်သော် ထိုရဟန်းသည် ထိုအင်္ဂါနှင့် မပြည့်စုံ။ ထိုရဟန်းသည် ထိုအင်္ဂါကို “ငါသည် အဘယ်သို့လျှင် သဒ္ဓါတရားရှိသူသည်လည်းကောင်း၊ သီလရှိသူသည်လည်းကောင်း၊ အကြားအမြင်ရှိသူသည်လည်းကောင်း၊ ဓမ္မကထိကသည်လည်းကောင်း၊ ပရိသတ်၌ ကျက်စားသူသည် လည်းကောင်း ဖြစ်ရပါအံ့နည်း၊ ပရိသတ်၌ ရဲရဲရင့်ရင့် တရားဟောသူသည်လည်းကောင်း၊ ဝိနည်းဓိုရ်သည် လည်းကောင်း၊ အစွန်အဖျားကျသော တောကျောင်းနေသူသည်လည်းကောင်း၊ ရုပ်(ရူပဈာန်)တို့ကို လွန်မြောက်၍ ငြိမ်သက် လွတ်မြောက်သော အရူပဈာန်တို့ကို ကိုယ်ဖြင့် တွေ့ထိ၍ နေရသူသည်လည်းကောင်း ဖြစ်ပါအံ့နည်း၊ အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော ‘အရဟတ္တဖိုလ်’စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ပညာကို ယခုဘဝ၌ပင်လျှင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် နေရပါအံ့နည်း”ဟု ပြည့်စုံစေအပ်၏။ ရဟန်းတို့ အကြင်အခါ၌ကား ရဟန်းသည် သဒ္ဓါတရားလည်း ရှိ၏၊ သီလလည်း ရှိ၏၊ အကြား အမြင်လည်း ရှိ၏၊ ဓမ္မကထိကလည်းဟုတ်၏၊ ပရိသတ်၌ ကျက်စားသူလည်း ဖြစ်၏၊ ပရိသတ်၌ ရဲရဲရင့်ရင့် တရားဟောသူလည်း ဖြစ်၏၊ ဝိနည်းဓိုရ်လည်းဟုတ်၏၊ အစွန်အဖျားကျသော တောကျောင်း နေသူလည်းဟုတ်၏၊ ရုပ် (ရူပဈာန်)တို့ကို လွန်မြောက်၍ ငြိမ်သက်လွတ်မြောက်သော အရူပဈာန် ‘ဝိမောက္ခ’တို့ကိုလည်း ကိုယ်ဖြင့် တွေ့ထိ၍နေ၏၊ အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါ ကင်းသော လွတ်မြောက်သော ‘အရဟတ္တဖိုလ်’စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ပညာကို ယခု ဘဝ၌ပင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ရောက်၍နေ၏၊ ဤသို့ဖြစ်သော် ထိုရဟန်း သည် ထိုအင်္ဂါနှင့် ပြည့်စုံ၏။ ရဟန်းတို့ ဤတရားဆယ်ပါးတို့နှင့် ပြည့်စုံသောရဟန်းသည် ထက်ဝန်းကျင် ကြည်ညိုဖွယ်ရှိသူသည်လည်းကောင်း၊ အခြင်းအရာအားလုံးနှင့် ပြည့်စုံသူသည်လည်းကောင်း ဖြစ်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။