အင်္ဂုတ္တရနိကာယ်
(၁ဝ) ၅-ဥပါလိဝဂ်
၃-ကိံဒိဋ္ဌိကသုတ်
၉၃။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အနာထပိဏ်သူဌေးသည် နေမွန်းယိမ်းအချိန်၌ မြတ်စွာဘုရားအား ဖူးမြင်ရန် အလို့ငှါ သာဝတ္ထိပြည်မှ ထွက်ခဲ့၏။ ထိုအခါ အနာထပိဏ်သူဌေးအား ဤအကြံသည် ဖြစ်၏ — “မြတ်စွာဘုရားအား ဖူးမြင်ရန် အခါမဟုတ်သေး၊ မြတ်စွာဘုရားသည် (တစ်ပါးတည်း) ကိန်းအောင်းနေတော်မူ၏၊ စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းတို့အားလည်း ဖူးမြင် ရန် အခါမဟုတ်သေး၊ စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းတို့သည် တစ်ပါးတည်း ကိန်းအောင်း နေတော်မူကုန်၏၊ ငါသည် သာသနာတော်မှ တစ်ပါးသော အယူရှိကြသည့် ပရိဗိုဇ်တို့၏ အရံသို့ ချဉ်းကပ် ရမူ ကောင်းပေရာ၏”ဟု (အကြံဖြစ်၏)။
ထို့နောက် အနာထပိဏ်သူဌေးသည် သာသနာတော်မှ တစ်ပါးသော အယူရှိကြသည့် ပရိဗိုဇ်တို့၏ အရံသို့ ချဉ်းကပ်၏၊ ထိုအခါ သာသနာတော်မှ တစ်ပါးသော အယူရှိကြသည့် ပရိဗိုဇ်တို့သည် အညီ အညွတ် ပေါင်းဆုံလာရောက်ကြကုန်ပြီးလျှင် ပြင်းပြကျယ်လောင်သော အသံရှိကုန်၍ ပဲ့တင်ထပ်စေလျက့်များစွာသော (မဂ်ဖိုလ်မှ) ဖီလာဖြစ်သောစကားကို ပြောဆိုကာ ထိုင်နေကုန်၏။ သာသနာတော်မှ တစ်ပါးသော အယူရှိကြသည့် ထိုပရိဗိုဇ်တို့သည် အနာထပိဏ်သူဌေး လာနေသည်ကို အဝေးမှပင် မြင်ကြသည် သာတည်း၊ မြင်ပြီးနောက် အချင်းချင်း ပြုပြင်ကုန်၏၊ “အသျှင်တို့ နည်းသောအသံ ရှိကြကုန်လော့ အသျှင်တို့ အသံကို မပြုကြကုန်လင့်၊ ဤရဟန်းဂေါတမ၏တပည့် အနာထပိဏ်သူဌေးသည် အရံသို့ လာ၏၊ ရဟန်းဂေါတမ၏ သာဝတ္ထိပြည်နေ အဝတ်ဖြူဝတ်သူ လူတပည့်တို့တွင် ဤအနာထပိဏ်သူဌေး သည် တစ်ယောက်အပါအဝင်တည်း၊ ထိုအသျှင်တို့သည် အသံနည်းမှုကို အလိုရှိကုန်၏၊ အသံနည်းအောင် ဆုံးမထားကုန်၏၊ အသံနည်းမှု၏ ကျေးဇူးကို ဆိုလေ့ရှိကုန်၏၊ ပရိသတ်အသံနည်းသည်ကို သိ၍ ချဉ်းကပ် သင့်သည်ဟု မှတ်ထင်ကောင်း မှတ်ထင်ရာ၏”ဟု (အချင်းချင်းပြုပြင်ကုန်၏)။ ထို့နောက် ထိုပရိဗိုဇ်တို့ သည် ဆိတ်ဆိတ်နေကုန်၏။ ထိုအခါ အနာထပိဏ်သူဌေးသည် ထိုပရိဗိုဇ်တို့ထံသို့ ချဉ်းကပ်ပြီးနောက် ထိုပရိဗိုဇ်တို့နှင့်အတူ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေ၏၊ တစ်ခုသောနေရာ၌ ထိုင်နေသော အနာထပိဏ်သူဌေးအား သာသနာတော်မှ တစ်ပါးသော အယူရှိကြသည့် ပရိဗိုဇ်တို့က သူကြွယ် ရဟန်းဂေါတမသည် အဘယ်အယူရှိသည်ဟု ပြောပါလော့ဟူ၍ မေးကြကုန်၏။ အသျှင်ဘုရားတို့ အကျွန်ုပ်သည် မြတ်စွာဘုရား၏ အယူအားလုံးကို မသိပါဟု (ဆို၏)။
သူကြွယ် သင် သည် ရဟန်းဂေါတမ၏ အယူအားလုံးကို မသိပါဟု ဆိုလျှင် ရဟန်းတို့သည် အဘယ်အယူ ရှိကြသည်ဟု ပြောပါလော့ဟူ၍ (မေးကြကုန်၏) အသျှင်ဘုရားတို့ အကျွန်ုပ်သည် ရဟန်းတို့၏ အယူအားလုံးကိုလည်း မသိပါဟု (ဆို၏)။
သူကြွယ် သင်သည် ရဟန်းဂေါတမ၏ အယူအားလုံးကို မသိပါ၊ ရဟန်းတို့၏ အယူအားလုံးကိုလည်း မသိပါဟု ဆိုလျှင် သင်သည် အဘယ်အယူရှိသည်ဟု ပြောပါလော့ဟူ၍ (မေးကြကုန်၏)။
အသျှင်ဘုရားတို့ အကျွန်ုပ်တို့သည် မည်သည့် အယူရှိကြပါသည်ဟုကား ထိုအရာကို ဖြေဆိုခြင်းငှါ အကျွန်ုပ်တို့အား မခဲယဉ်းပါ၊ အသျှင်ဘုရားတို့သည် ရှေးဦးစွာ မိမိတို့၏ အယူများကို ဖြေတော်မူကြပါ လော့ဟု တိုက်တွန်းလိုပါ၏၊ နောက်ထပ်လည်း အကျွန်ုပ်တို့သည် မည်သည့် အယူရှိကြပါသည်ဟု ထိုအရာကို ဖြေဆိုခြင်းငှါ ခဲယဉ်းမည် မဟုတ်ပါဟု (ဆို၏)။
ဤသို့ ဆိုလတ်သော် ပရိဗိုဇ်တစ်ဦးသည် အနာထပိဏ်သူဌေးအား — “လောကသည် မြဲ၏၊ ဤအယူသည်သာ မှန်၏၊ အခြားအယူသည် အချည်းအနှီးသာတည်း၊ သူကြွယ် ငါသည် ဤသို့ အယူရှိ၏”ဟု ဆို၏။ အခြားပရိဗိုဇ်တစ်ဦးကလည်း အနာထပိဏ်သူဌေးအား — “လောကသည် မမြဲ၊ ဤအယူသည် သာ မှန်၏၊ အခြားအယူသည် အချည်းအနှီးတည်း၊ သူကြွယ် ငါသည် ဤသို့ အယူရှိ၏”ဟု ဆို၏။ အခြားပရိဗိုဇ်တစ်ဦးကလည်း အနာထပိဏ်သူဌေးအား — “လောကသည် အဆုံးရှိ၏။ပ။ လောကသည် အဆုံးမရှိ။ ထိုအသက်သည်ပင် ထိုကိုယ်တည်း။ အသက်တခြား ကိုယ်တခြားတည်း။ သတ္တဝါသည် သေပြီးနောက် ဖြစ်၏။ သတ္တဝါသည် သေပြီးနောက် မဖြစ်။ သတ္တဝါသည် သေပြီးနောက် ဖြစ်လည်း ဖြစ်၏၊ မဖြစ်လည်း မဖြစ်။ သတ္တဝါသည် သေပြီးနောက် ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်၊ ဤအယူသည်သာ မှန်၏၊ အခြားအယူသည် အချည်းအနှီးတည်း၊ သူကြွယ် ငါသည် ဤသို့ အယူရှိ၏”ဟု ဆို၏။ ဤသို့ ဆိုကုန်လတ်သော် အနာထပိဏ်သူဌေးသည် ထိုပရိဗိုဇ်တို့အား ဤစကားကို ဆို၏၊ အသျှင်ဘုရားတို့ — “လောကသည် မြဲ၏၊ ဤအယူသည်သာ မှန်၏၊ အခြားအယူသည် အချည်းအနှီးတည်း၊ သူကြွယ် ငါသည် ဤသို့ အယူရှိ၏”ဟု ဤသို့ ဆိုသော အသျှင်၏ အယူသည် မိမိ၏ မသင့်မတင့် နှလုံး သွင်းခြင်း အကြောင်းကြောင့်သော်လည်းကောင်း၊ သူတစ်ပါး၏ စကားသံကြောင့်သော်လည်းကောင်း ဖြစ်၏။ ထိုအယူသည် ထင်ရှား ဖြစ်ပေါ်လာ၏၊ (အကြောင်းတို့သည်) ပြုပြင်အပ်၏၊စေ့ဆော်အပ်၏၊ (အကြောင်းကို) စွဲ၍ ဖြစ်ပေါ်၏။ အလုံးစုံသော တေဘုမ္မကတရားသည် ထင်ရှားဖြစ်ပေါ်လာ၏၊ (အကြောင်းတို့သည်) ပြုပြင်အပ်၏၊စေ့ဆော်အပ်၏၊ (အကြောင်းကို) စွဲ၍ ဖြစ်ပေါ်၏။ ထိုတရား အားလုံးသည် မမြဲ၊ အကြင်တရားသည် မမြဲ၊ ထိုတရားသည် ဆင်းရဲ၏၊ အကြင်တရားသည် ဆင်းရဲ၏၊ ထိုတရားကိုသာလျှင် ထိုအသျှင်သည် ငြိကပ်၏၊ ထိုတရားသို့ သာလျှင် ထိုအသျှင်သည် ကပ်ရောက်၏။ အသျှင်ဘုရားတို့ “လောကသည် မမြဲ၊ ဤအယူသည်သာ မှန်၏၊ အခြားအယူသည် အချည်းနှီးတည်း၊ သူကြွယ် ငါသည် ဤသို့ အယူရှိ၏”ဟု ဤသို့ဆိုသော အသျှင်၏ အယူသည်လည်း မိမိ၏ မသင့်မတင့် နှလုံးသွင်းခြင်း အကြောင်းကြောင့်သော်လည်းကောင်း၊ သူတစ်ပါး၏ စကားသံကြောင့်သော် လည်းကောင်း ဖြစ်၏။ ထိုအယူသည် ထင်ရှားဖြစ်ပေါ်လာ၏။ (အကြောင်းတို့သည်) ပြုပြင်အပ်၏၊စေ့ဆော်အပ်၏၊ (အကြောင်းကို) စွဲ၍ ဖြစ်ပေါ်၏။ အလုံးစုံသော တေဘုမ္မကတရားသည် ထင်ရှား ဖြစ်ပေါ်လာ၏၊ (အကြောင်းတို့သည်) ပြုပြင်အပ်၏၊စေ့ဆော်အပ်၏၊ (အကြောင်းကို) စွဲ၍ ဖြစ်ပေါ်၏၊ ထိုတရားအားလုံးသည် မမြဲ၊ အကြင်တရားသည် မမြဲ၊ ထိုတရားသည် ဆင်းရဲ၏၊ အကြင်တရားသည် ဆင်းရဲ၏၊ ထိုတရားကိုသာလျှင် ထိုအသျှင်သည် ငြိကပ်၏၊ ထိုတရားသို့သာလျှင် ထိုအသျှင်သည် ကပ်ရောက်၏။ အသျှင်ဘုရားတို့ “လောကသည် အဆုံးရှိ၏။ပ။ လောကသည် အဆုံးမရှိ။ ထိုအသက်ပင် ထိုကိုယ်တည်း။ အသက်တခြား ကိုယ်တခြားတည်း။ သတ္တဝါသည် သေပြီးနောက် ဖြစ်၏။ သတ္တဝါသည် သေပြီးနောက် မဖြစ်။ သတ္တဝါသည် သေပြီးနောက် ဖြစ်လည်း ဖြစ်၏၊ ဖြစ်လည်း မဖြစ်။ သတ္တဝါသည် သေပြီးနောက် ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်၊ ဤအယူသည်သာ မှန်၏၊ အခြား အယူသည် အချည်းနှီးတည်း၊ သူကြွယ် ငါသည် ဤသို့ အယူရှိ၏”ဟု ဤသို့ ဆိုသော အသျှင်၏ အယူ သည်လည်း မိမိ၏ မသင့်မတင့် နှလုံးသွင်းခြင်းအကြောင်းကြောင့်သော်လည်းကောင်း၊ သူတစ်ပါး၏ စကားသံကြောင့်သော်လည်းကောင်း ဖြစ်၏။ ထိုအယူသည် ထင်ရှားဖြစ်ပေါ်လာ၏၊ (အကြောင်းတို့သည် ) ပြုပြင်အပ်၏၊စေ့ဆော်အပ်၏၊ (အကြောင်းကို) စွဲ၍ ဖြစ်ပေါ်၏။ အလုံးစုံသော တေဘုမ္မကတရားသည် ထင်ရှားဖြစ်ပေါ်လာ၏၊ (အကြောင်းတို့သည်) ပြုပြင်အပ်၏၊စေ့ဆော်အပ်၏၊ (အကြောင်းကို) စွဲ၍ ဖြစ်ပေါ်၏၊ ထိုတရားအားလုံးသည် မမြဲ၊ အကြင်တရားသည် မမြဲ၊ ထိုတရားသည် ဆင်းရဲ၏၊ အကြင် တရားသည် ဆင်းရဲ၏၊ ထိုတရားကိုသာလျှင် ထိုအသျှင်သည် ငြိကပ်၏၊ ထိုတရားသို့သာလျှင် ထိုအသျှင် သည် ကပ်ရောက်၏ဟု (ဆို၏)။
ဤသို့ဆိုလတ်သော် ထိုပရိဗိုဇ်တို့သည် အနာထပိဏ်သူဌေအား “သူကြွယ် ငါတို့အားလုံးပင် မိမိတို့ အယူကို ပြောဆိုပြီးကြပြီ၊ သူကြွယ် သင်သည် အဘယ်အယူရှိသည်ဟု ပြောပါလော့ဟူ၍ မေးကြကုန်၏။ အသျှင်ဘုရားတို့ အလုံးစုံသော တေဘုမ္မကတရားသည် ထင်ရှားဖြစ်ပေါ်လာ၏။ (အကြောင်းတို့သည်) ပြုပြင်အပ်၏၊စေ့ဆော်အပ်၏၊ (အကြောင်းကို) စွဲ၍ ဖြစ်ပေါ်၏၊ ထိုတရားအားလုံးသည် မမြဲ၊ အကြင် တရားသည် မမြဲ၊ ထိုတရားသည် ဆင်းရဲ၏၊ အကြင်တရားသည် ဆင်းရဲ၏၊ ထိုတရားသည် “ငါ့ဥစ္စာ မဟုတ်၊ ထိုတရားသည် ငါမဟုတ်၊ ထိုတရားသည် ငါ၏ ‘အတ္တ’ မဟုတ်၊” အသျှင်ဘုရားတို့ အကျွန်ုပ် သည် ဤသို့ အယူရှိပါ၏ဟု (ဆို၏ )။
သူကြွယ် အလုံးစုံသော တေဘုမ္မကတရားသည် ထင်ရှားဖြစ်ပေါ်လာ၏၊ (အကြောင်းတို့သည်) ပြုပြင်အပ်၏၊စေ့ဆော်အပ်၏၊ (အကြောင်းကို) စွဲ၍ ဖြစ်ပေါ်၏၊ ထိုတရားအားလုံးသည် မမြဲ၊ အကြင်တရားသည် မမြဲ၊ ထိုတရားသည် ဆင်းရဲ၏၊ အကြင်တရားသည် ဆင်းရဲ၏၊ သူကြွယ် သင်သည် ထိုတရားကိုသာလျှင် ငြိကပ်၏၊ သူကြွယ် သင်သည် ထိုတရားသို့သာလျှင် ကပ်ရောက်၏ဟု (ဆို၏)။
အသျှင်ဘုရားတို့ အလုံးစုံသော တေဘုမ္မကတရားသည် ထင်ရှားဖြစ်ပေါ်လာ၏၊ (အကြောင်းတို့ သည်) ပြုပြင်အပ်၏၊စေ့ဆော်အပ်၏၊ (အကြောင်းကို)စွဲ၍ ဖြစ်ပေါ်၏၊ ထိုတရားအားလုံးသည် မမြဲ၊ အကြင်တရားသည် မမြဲ၊ ထိုတရားသည် ဆင်းရဲ၏၊ အကြင်တရားသည် ဆင်းရဲ၏၊ ထိုတရားသည် “ငါ့ဥစ္စာ မဟုတ်၊ ထိုတရားသည် ငါမဟုတ်၊ ထိုတရားသည် ငါ၏ ‘အတ္တ’ မဟုတ်”ဟု ဤသို့ အကျွန်ုပ် သည်ဟုတ်တိုင်းမှန်စွာ ကောင်းသော ပညာဖြင့် ကောင်းစွာ မြင်ပါ၏၊ ထို့ထက်အလွန်လည်း ထွက်မြောက်ကြောင်းကိုဟုတ်တိုင်းမှန်စွာ သိပါ၏ဟု (ပြောဆို၏)။
ဤသို့ဆိုလတ်သော် ထိုပရိဗိုဇ်တို့သည် ဆိတ်ဆိတ်နေကုန် မျက်နှာမသာကုန်၍ ခေါင်းငုံ့ကုန် မျက်နှာအောက်စိုက်ကုန်သည်ဖြစ်၍ မှိုင်ကုန်လျက် ကြံရာမရကုန်ဘဲ ထိုင်နေကုန်၏။ ထို့နောက် အနာထပိဏ်သူဌေးသည် ဆိတ်ဆိတ်နေကုန် မျက်နှာမသာကုန် ခေါင်းငုံ့ကုန် မျက်နှာအောက်စိုက် ကုန်သည်ဖြစ်၍ မှိုင်ကုန်လျက် ကြံရာမရကုန်ဘဲ ထိုင်နေကုန်သော ထိုပရိဗိုဇ်တို့ကို သိ၍ နေရာမှ ထကာ မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ပြီးနောက် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်ကာ ထိုသာသနာတော်မှ တစ်ပါးသောအယူရှိကြသည့် ပရိဗိုဇ်တို့နှင့်အတူ ပြောဆိုခဲ့သမျှ စကားအားလုံးကို မြတ်စွာဘုရားအား လျှောက်ထား၏။ သူကြွယ် ကောင်းပေစွ ကောင်းပေစွ၊ သူကြွယ် သင်သည် ဤသို့ပင် ထိုအချည်းနှီးဖြစ်သော ယောကျာ်းတို့ကို အခါအားလျော်စွာ အကြောင်းတရားနှင့်တကွ ကောင်းစွာ နှိပ်ခြင်းဖြင့် နှိပ်အပ်ကုန်၏ဟု (မိန့်တော်မူ၏)။ ထို့နောက် မြတ်စွာဘုရားသည် အနာထပိဏ်သူဌေးကို တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေ၏။ ထိုအခါ အနာထပိဏ်သူဌေးသည် မြတ်စွာဘုရားက တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေပြီးသော် နေရာမှ ထကာ မြတ်စွာဘုရားကို ရှိခိုး၍ ဖဲသွားလေ၏။ ထို့နောက် မြတ်စွာဘုရားသည် အနာထပိဏ်သူဌေး ဖဲသွား၍ မကြာမီ ရဟန်းတို့ကို “ရဟန်းတို့ ဤဓမ္မဝိနယ ‘သာသနာတော်’၌ ရဟန်းပြု၍ အနှစ်တစ်ရာရှိပြီးသော ရဟန်းသော်လည်း သာသနာတော်မှ တစ်ပါးသောအယူရှိကြသည့် ထိုပရိဗိုဇ်တို့ကို အနာထပိဏ်သူဌေးက နှိပ်အပ်ကုန်ဘိသကဲ့သို့ ဤအတူပင် အကြောင်းနှင့်တကွ ကောင်းစွာ နှိပ်ခြင်းကို နှိပ်ကြရာ၏”ဟု မိန့်တော်မူ၏။
တတိယသုတ်။