အင်္ဂုတ္တရနိကာယ်

(၁ဝ) ၅-ဥပါလိဝဂ်

၄-ဝဇ္ဇိယမာဟိတသုတ်

၉၄။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် စမ္ပာပြည် ဂဂ္ဂရာရေကန်၏ကမ်းနား၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ဝဇ္ဇိယမာဟိတသူကြွယ်သည် နေမွန်းယိမ်းအချိန်၌ မြတ်စွာဘုရားအား ဖူးမြင်ရန် အလို့ငှါ စမ္ပာပြည်မှ ထွက်ခဲ့၏။ ထို့နောက် ဝဇ္ဇိယမာဟိတသူကြွယ်အား ဤအကြံသည် ဖြစ်၏၊ “မြတ်စွာဘုရားအား ဖူးမြင်ရန်အခါ မဟုတ်သေး၊ မြတ်စွာဘုရားသည် တစ်ပါးတည်း ကိန်းအောင်းနေတော်မူ၏၊ စိတ်နှလုံးကို ပွါးစေတတ်ကုန်သော ရဟန်းတို့အားလည်း ဖူးမြင်ရန်အခါ မဟုတ်သေး၊ စိတ်နှလုံးကို ပွါးစေတတ်ကုန်သော ရဟန်တို့သည်လည်း တစ်ပါးတည်း ကိန်းအောင်းနေတော်မူကုန်၏၊ ငါသည် သာသနာတော်မှ တစ်ပါးသောအယူရှိကြသည့် ပရိဗိုဇ်တို့၏ အရံသို့ ချဉ်းကပ်ရမူ ကောင်းပေရာ၏”ဟု အကြံဖြစ်၏။ ထို့နောက် ဝဇ္ဇိယမာဟိတသူကြွယ်သည် သာသနာတော်မှ တစ်ပါးသောအယူရှိကြသည့် ပရိဗိုဇ်တို့၏ အရံသို့ ချဉ်းကပ်၏။ ထိုအခါ သာသနာတော်မှ တစ်ပါးသော အယူရှိကြသည့် ပရိဗိုဇ်တို့သည် အညီ အညွတ် ပေါင်းဆုံလာရောက်ကြကုန်ပြီးလျှင် ပြင်းပြ ကျယ်လောင်သော အသံရှိကုန်၍ ပဲ့တင်ထပ်စေလျက် များစွာသော (မဂ်ဖိုလ်မှ) ဖီလာဖြစ်သောစကားကို ပြောဆိုကာ ထိုင်နေကုန်၏။ သာသနာတော်မှ တစ်ပါးသော အယူရှိကြသည့် ထိုပရိဗိုဇ်တို့သည် ဝဇ္ဇိယမာဟိတသူကြွယ်လာနေသည်ကို အဝေးမှပင် မြင်ကြ့သည်သာတည်း၊ မြင်ပြီးနောက် အချင်းချင်း ပြုပြင်ကုန်၏၊ “အသျှင်တို့ နည်းသော အသံရှိကြကုန်လော့၊ အသျှင်တို့ အသံကို မပြုကြကုန်လင့်။ ရဟန်းဂေါတမ၏တပည့် ဤဝဇ္ဇိယမာဟိတသူကြွယ်သည် အရံသို့ လာ၏။ ရဟန်းဂေါတမ၏ စမ္ပာပြည်နေ အဝတ်ဖြူဝတ်သူ လူတပည့်တို့တွင် ဤဝဇ္ဇိယမာဟိတသူကြွယ် သည် တစ်ယောက်အပါအဝင်တည်း။ ထိုအသျှင်တို့သည် အသံနည်းမှုကို အလိုရှိကုန်၏၊ အသံနည်းအောင် ဆုံးမထားကုန်၏၊ အသံနည်းမှု၏ ကျေးဇူးကို ဆိုလေ့ရှိကုန်၏၊ ပရိသတ် အသံနည်းသည်ကို သိ၍ ချဉ်းကပ်သင့်သည်”ဟု မှတ်ထင်ကောင်း မှတ်ထင်ရာ၏ဟု (အချင်းချင်းပြုပြင်ကုန်၏)။

ထို့နောက် ထိုပရိဗိုဇ်တို့သည် ဆိတ်ဆိတ်နေကုန်၏။ ထိုအခါ ဝဇ္ဇိယမာဟိတသူကြွယ်သည် ထိုပရိဗိုဇ်တို့အထံသို့ ချဉ်းကပ်ပြီးနောက် ထိုပရိဗိုဇ်တို့နှင့်အတူ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေ၏၊ တစ်ခုသောနေရာ၌ ထိုင်နေသော ဝဇ္ဇိယ မာဟိတသူကြွယ်အား သာသနာတော်မှ တစ်ပါးသောအယူရှိကြသည့် ထိုပရိဗိုဇ်တို့က “သူကြွယ် ရဟန်း ဂေါတမသည် ခြိုးခြံသော အကျင့်အားလုံးကို ကဲ့ရဲ့၏။ ခြိုးခြံစွာကျင့်သူ ဆင်းရဲစွာကျင့်၍ အသက်မွေး လေ့ရှိသူ အားလုံးကို စင်စစ်အားဖြင့် ပြက်ရယ်ပြု၏၊ စွပ်စွဲ၏ဟူသည် မှန်သလော”ဟု မေးကြကုန်၏။ အသျှင်ဘုရားတို့ မြတ်စွာဘုရားသည် ခြိုးခြံသော အကျင့်အားလုံးကို ကဲ့ရဲ့တော်မမူပါ၊ ခြိုးခြံစွာ ကျင့်လေ့ရှိသူ ဆင်းရဲစွာကျင့်၍ အသက်မွေးလေ့ရှိသူ အားလုံးကိုလည်း စင်စစ်အားဖြင့် ပြက်ရယ်ပြုတော် မမူပါ၊ စွပ်စွဲတော် မမူပါ။ အသျှင်ဘုရားတို့ မြတ်စွာဘုရားသည် ကဲ့ရဲ့သင့်သူကိုကား ကဲ့ရဲ့တော်မူပါ၏၊ ချီမွမ်းသင့်သူကို ချီးမွမ်းတော်မူပါ၏။ အသျှင်ဘုရားတို့ မြတ်စွာဘုရားသည် ကဲ့ရဲ့သင့်သူကို ကဲ့ရဲ့တော်မူ၍ ချီးမွမ်းသင့်သူကို ချီးမွမ်းတော်မူရကား မြတ်စွာဘုရားသည် ဝေဖန်၍ ဆိုလေ့ရှိတော်မူပါ၏၊ ဤအရာ၌ မြတ်စွာဘုရားသည် တစ်ဖက်သတ် ဆိုတော်မမူပါဟု (ပြောဆို၏ )။

ဤသို့ဆိုလတ်သော် ပရိဗိုဇ်တစ်ယောက်က ဝဇ္ဇိယမာဟိတသူကြွယ်အား— “သူကြွယ် သင်ဆိုင်း လင့်ဦး၊ သင်သည် ယင်းရဟန်းဂေါတမ၏ ဂုဏ်ကို ဆို၏၊ ရဟန်းဂေါတမသည် ဆုံးမထိုက်သူတည်း၊ မပညတ်တတ်သူတည်း”ဟု ဆို၏။ အသျှင်ဘုရားတို့ ဤအရာ၌လည်း အကျွန်ုပ်က အသျှင်တို့ကို အကြောင်းနှင့်တကွ ဆိုပါအံ့၊ အသျှင်ဘုရားတို့ မြတ်စွာဘုရားသည် “ဤသည်ကား ကုသိုလ်တရားတည်း”ဟု ပညတ်တော်မူပါ၏၊ အသျှင်ဘုရားတို့ မြတ်စွာဘုရားသည် “ဤသည်ကား အကုသိုလ်တရားတည်း”ဟု ပညတ်တော်မူပါ၏၊ မြတ်စွာဘုရားသည် ဤသို့ ကုသိုလ်အကုသိုလ်ကို ပညတ်တော်မူရကား မြတ်စွာဘုရားသည် ပညတ်တော်မူတတ်သူပါတည်း၊ ထိုမြတ်စွာဘုရားသည် ဆုံးမထိုက်သူ မပညတ်တတ် သူ မဟုတ်ပါဟု (ပြောဆို၏)။

ဤသို့ဆိုလတ်သော် ထိုပရိဗိုဇ်တို့သည် ဆိတ်ဆိတ်နေကုန် မျက်နှာမသာကုန်၍ ခေါင်းငုံ့ကုန် မျက်နှာအောက်စိုက်ကုန်သည်ဖြစ်၍ မှိုင်ကုန်လျက် ကြံရာမရကုန်ဘဲ ထိုင်နေကုန်၏။ ထို့နောက် ဝဇ္ဇိယ မာဟိတသူကြွယ်သည် ဆိတ်ဆိတ်နေကုန် မျက်နှာမသာကုန် ခေါင်းငုံ့ကုန် မျက်နှာအောက်စိုက်ကုန်သည် ဖြစ်၍ မှိုင်ကုန်လျက် ကြံရာမရကုန်ဘဲ ထိုင်နေကုန်သော ထိုပရိဗိုဇ်တို့ကိုသိ၍ နေရာမှ ထကာ မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ပြီးနောက် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်ကာ ထိုသာသနာတော်မှ တစ်ပါးသော အယူရှိကြသည့် ပရိဗိုဇ်တို့နှင့် အတူ ပြောဆိုခဲ့သမျှ စကားအားလုံးကို မြတ်စွာဘုရားအား လျှောက်ထား၏။ သူကြွယ် ကောင်းပေစွ ကောင်းပေစွ၊ သူကြွယ် သင်သည် ဤသို့ပင် ထိုအချည်းနှီးဖြစ်သော ယောကျာ်းတို့ကို အခါအားလျော်စွာ အကြောင်းနှင့်တကွ ကောင်းစွာ နှိပ်ခြင်းဖြင့် နှိပ်အပ်ကုန်၏။ သူကြွယ် ခြိုးခြံသောအကျင့် အားလုံးကို “ခြိုးခြံစွာ ကျင့်ရမည်”ဟု ငါမဆို၊ သူကြွယ် ခြိုးခြံသော အကျင့်အားလုံးကို “ခြိုးခြံစွာ မကျင့်ရ”ဟု လည်း ငါမဆို။ သူကြွယ် ဆောက်တည်မှုအားလုံးကို “ဆောက်တည်ရမည်”ဟု ငါမဆို၊ သူကြွယ် ဆောက်တည်မှုအားလုံးကို “မဆောက်တည်ရ”ဟုလည်းငါမဆို။ သူကြွယ် တရား အားထုတ်မှုအားလုံးကို “အားထုတ်ရမည်”ဟု ငါမဆို၊ သူကြွယ် တရားအားထုတ်မှုအားလုံးကို “အားမထုတ်ရ”ဟုလည်း ငါမဆို။ သူကြွယ် စွန့်လွှတ်မှုအားလုံးကို “စွန့်လွှတ်ရမည်”ဟု ငါမဆို၊ သူကြွယ် စွန့်လွှတ်မှုအားလုံးကို “မစွန့်လွှတ်ရ”ဟုလည်း ငါမဆို။ သူကြွယ် နှလုံးသွင်းမှုအားလုံးကို “နှလုံးသွင်းရမည်”ဟု ငါမဆို၊ သူကြွယ် နှလုံးသွင်းမှုအားလုံးကို “နှလုံးမသွင်းရ”ဟုလည်း ငါမဆို။

သူကြွယ် မှန်၏၊ အကြင်ခြိုးခြံသော အကျင့်ကို ခြိုးခြံစွာ ကျင့်သူအား အကုသိုလ်တရားတို့သည် တိုးပွါးကုန်၏၊ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏၊ ဤသို့သဘောရှိသော ခြိုးခြံသော အကျင့်ကို “ခြိုးခြံစွာ မကျင့်ရ”ဟု ငါဆို၏။ သူကြွယ် အကြင်ခြိုးခြံသော အကျင့်ကို ခြိုးခြံစွာ ကျင့်သူအား အကုသိုလ် တရားတို့သည် ဆုတ်ယုတ်ကုန်၏၊ ကုသိုလ်တရားတို့သည် တိုးပွါးကုန်၏။ ဤသို့သဘောရှိသော ခြိုးခြံသော အကျင့်ကို ခြိုးခြံစွာ ကျင့်ရမည်”ဟု ငါဆို၏။ သူကြွယ် အကြင်ဆောက်တည်မှုကို ဆောက်တည်သူအား အကုသိုလ်တရားတို့သည် တိုးပွါးကုန်၏၊ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏၊ ဤသို့သဘောရှိသော ဆောက်တည်မှုကို “မဆောက်တည်ရ”ဟု ငါဆို၏။ သူကြွယ် အကြင်ဆောက်တည်မှုကို ဆောက်တည်သူအားကား အကုသိုလ်တရားတို့သည် ဆုတ် ယုတ်ကုန်၏၊ ကုသိုလ်တရားတို့သည် တိုးပွါးကုန်၏။ ဤသို့သဘောရှိသော ဆောက်တည်မှုကို “ဆောက် တည်ရမည်”ဟု ငါဆို၏။ သူကြွယ် အကြင်တရားအားထုတ်မှုကို အားထုတ်သူအား အကုသိုလ်တရားတို့သည် တိုးပွါးကုန်၏၊ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏။ ဤသို့သဘောရှိသော တရားအားထုတ်မှုကို “အားမထုတ်ရ”ဟု ငါဆို၏။ သူကြွယ် အကြင်တရားအားထုတ်မှုကို အားထုတ်သူအားကား အကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏၊ ကုသိုလ်တရားတို့သည် တိုးပွါးကုန်၏။ ဤသို့သဘောရှိသော တရားအားထုတ်မှုကို “အားထုတ်ရမည်”ဟု ငါဆို၏။ သူကြွယ် အကြင်စွန့်လွှတ်မှုကို စွန့်လွှတ်သူအား အကုသိုလ်တရားတို့သည် တိုးပွါးကုန်၏၊ ကုသိုလ် တရားတို့သည် ဆုတ်ယုတ်ကုန်၏။ ဤသို့သဘောရှိသော စွန့်လွှတ်မှုကို “မစွန့်လွှတ်ရ”ဟု ငါဆို၏။ သူကြွယ် အကြင်စွန့်လွှတ်မှုကို စွန့်လွှတ်သူအား အကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏၊ ကုသိုလ် တရားတို့သည် တိုးပွါးကုန်၏။ ဤသို့သဘောရှိသော စွန့်လွှတ်မှုကို “စွန့်လွှတ်ရမည်”ဟု ငါဆို၏။

သူကြွယ် အကြင်နှလုံးသွင်းမှုကို နှလုံးသွင်းသူအား အကုသိုလ်တရားတို့သည် တိုးပွါးကုန်၏၊ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏။ ဤသို့သဘောရှိသော နှလုံးသွင်းမှုကို “နှလုံးမသွင်းရ”ဟု ငါဆို၏။ သူကြွယ် အကြင်နှလုံးသွင်းမှုကို နှလုံးသွင်းသူအားကား အကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏၊ ကုသိုလ်တရားတို့သည် တိုးပွါးကုန်၏။ ဤသို့သဘောရှိသော နှလုံးသွင်းမှုကို”နှလုံးသွင်းရမည်”ဟု ငါဆို၏ဟု (မိန့်တော်မူ၏)။

ထိုအခါ ဝဇ္ဇိယမာဟိတသူကြွယ်သည် မြတ်စွာဘုရားက တရားနှင့်စပ်သော စကားဖြင့် (အကျိုး စီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေအပ်သည်ဖြစ်၍ နေရာမှ ထကာ ရှိခိုးလျက် အရိုအသေပြုပြီးလျှင် ဖဲသွားလေ၏။ ထိုအခါ မြတ်စွာဘုရားသည် ဝဇ္ဇိယမာဟိတ သူကြွယ် ဖဲသွား၍ မကြာမီ ရဟန်းတို့ကို “ရဟန်းတို့ ဤဓမ္မဝိနယ ‘သာသနာတော်’၌ ကြာမြင့်စွာ ကိလေသာမြူနည်းသော ရဟန်းသည်လည်း သာသနာတော်မှ တစ်ပါးသော အယူရှိသည့် ပရိဗိုဇ်တို့ကို ဝဇ္ဇိယမာဟိတသူကြွယ်က နှိပ်အပ်ကုန်ဘိသကဲ့သို့ ဤအတူပင် အကြောင်းနှင့်တကွ ကောင်းစွာ နှိပ်ခြင်းကို နှိပ်ကြရာ၏”ဟု မိန့်တော်မူ၏။

စတုတ္ထသုတ်။