အင်္ဂုတ္တရနိကာယ်

(၁ဝ) ၅-ဥပါလိဝဂ်

၅-ဥတ္တိယသုတ်

၉၅။ ထိုအခါ ဥတ္တိယပရိဗိုဇ်သည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆို ပြီးဆုံးစေပြီးနောက် တစ်ခုသောနေရာ၌ ထိုင်လျက် “အသျှင်ဂေါတမ လောကသည် မြဲ၏၊ ဤအယူသည်သာ မှန်၏၊ အခြားအယူသည် အချည်းနှီးတည်းဟု ဖြေဆိုအပ်ပါသလော”ဟု လျှောက်၏။ ဥတ္တိယ ငါသည် “လောကသည် မြဲ၏၊ ဤအယူသည်သာ မှန်၏၊ အခြားအယူသည် အချည်းနှီးတည်း”ဟု ထိုအရာကို မဖြေဆိုအပ်ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ သို့ဖြစ်လျှင် လောကသည် မမြဲ၊ ဤအယူသည်သာ မှန်၏၊ အခြားအယူသည် အချည်းနှီးတည်းဟု ဖြေဆို အပ်ပါသလောဟု (လျှောက်၏)။ ဥတ္တိယ ငါသည် “လောကသည် မမြဲ၊ ဤအယူသည်သာ မှန်၏၊ အခြား အယူသည် အချည်းနှီးတည်း”ဟုလည်း ထိုအရာကို မဖြေဆိုအပ်။ အသျှင်ဂေါတမ လောကသည် အဆုံး ရှိ၏။ပ။ လောကသည် အဆုံးမရှိ။ ထိုအသက်သည်ပင် ထိုကိုယ်တည်း။ အသက်တခြား ကိုယ်တခြားတည်း။ သတ္တဝါသည် သေပြီးနောက်ဖြစ်၏။ သတ္တဝါသည် သေပြီးနောက် မဖြစ်။ သတ္တဝါသည် သေပြီး နောက် ဖြစ်လည်း ဖြစ်၏၊ ဖြစ်လည်းမဖြစ်။ သတ္တဝါသည် သေပြီးနောက် ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်၊ ဤအယူသည်သာ မှန်၏၊ အခြားအယူသည် အချည်းနှီးတည်းဟု ဖြေဆိုအပ် ပါသလောဟု (လျှောက်၏)။ ဥတ္တိယ ငါသည် “သတ္တဝါသည် သေပြီးနောက် ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်။ ဤအယူသည် သာမှန်၏၊ အခြားအယူသည် အချည်းနှီးတည်း”ဟုလည်း ထိုအရာကို မဖြေဆိုအပ်ဟု (မိန့်တော်မူ၏)။

“အသျှင်ဂေါတမ လောကသည် မြဲ၏၊ ဤအယူသည်သာ မှန်၏၊ အခြားအယူသည် အချည်းနှီးတည်းဟု ဖြေဆိုအပ်ပါသလော”ဟု ဤသို့မေးလတ်သော် “ဥတ္တိယ ငါသည် လောကသည် မြဲ၏၊ ဤအယူသည်သာ မှန်၏၊ အခြားအယူသည် အချည်းနှီးတည်း”ဟု ထိုအရာကို မဖြေဆိုအပ်ဟု ဆို၏။ “အသျှင်ဂေါတမ သို့ဖြစ်လျှင် လောကသည် မမြဲ၊ ဤအယူသည်သာ မှန်၏၊ အခြားအယူသည် အချည်းနှီးတည်းဟု ဖြေဆိုအပ်ပါသလော”ဟု ဤသို့ မေးလတ်သော် “ဥတ္တိယ ငါသည် လောကသည် မမြဲ၊ ဤအယူသည်သာ မှန်၏၊ အခြားအယူသည် အချည်းနှီးတည်း”ဟုလည်း ထိုအရာကို မဖြေဆိုအပ်ဟု ဆို၏။ အသျှင်ဂေါတမ လောကသည် အဆုံးရှိ၏။ပ။ လောကသည် အဆုံးမရှိ။ ထိုအသက်ပင် ထိုကိုယ်တည်း။ အသက်တခြား ကိုယ်တခြားတည်း။ သတ္တဝါသည် သေပြီးနောက် ဖြစ်၏။ သတ္တဝါသည် သေပြီးနောက် မဖြစ်။ သတ္တဝါသည် သေပြီးနောက် ဖြစ်လည်း ဖြစ်၏၊ မဖြစ်လည်း မဖြစ်။ သတ္တဝါသည် သေပြီးနောက် ဖြစ်သည်လည်းမဟုတ်၊ မဖြစ်သည်လည်း မဟုတ်။ ဤအယူသည်သာ မှန်၏၊ အခြားအယူသည် အချည်းနှီးတည်းဟု ဖြေဆိုအပ်ပါသလော”ဟု ဤသို့ မေးလတ်သော် “ဥတ္တိယ ငါသည် သတ္တဝါသည် သေပြီးနောက် ဖြစ်သည်လည်းမဟုတ်၊ မဖြစ်သည်လည်းမဟုတ် ဤအယူသည်သာ မှန်၏၊ အခြားအယူသည် အချည်းနှီးတည်း”ဟုလည်း ထိုအရာကို မဖြေဆိုအပ်ဟု ဆို၏။ ထိုသို့ ဖြစ်ခဲ့သော် အသျှင်ဂေါတမသည် အဘယ်သို့ ဖြေဆိုအပ်ပါသနည်းဟု (လျှောက်၏)။

ဥတ္တိယ ငါသည် ထူးသောဉာဏ်ဖြင့် သိ၍ သတ္တဝါတို့ စင်ကြယ်ရန်၊ စိုးရိမ်မှု ငိုကြွေးမှုတို့ကို လွန်မြောက်ရန်၊ ဆင်းရဲခြင်း နှလုံးမသာယာခြင်းတို့ ချုပ်ပျောက်ရန်၊ နည်းလမ်း (မဂ်) ကို ရရန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် တပည့်တို့အား တရားကို ဟော၏ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ ထူးသောဉာဏ်ဖြင့် သိ၍ သတ္တဝါတို့ စင်ကြယ်ရန်၊ စိုးရိမ်မှု ငိုကြွေးမှုတို့ကို လွန်မြောက်ရန်၊ ဆင်းရဲခြင်း နှလုံးမသာယာခြင်းတို့ ချုပ်ရန်၊ နည်းလမ်း (မဂ်) ကို ရရန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် အကြင်တရားကို ဟော၏။ ထိုတရားဖြင့် လောကအားလုံးကို ထုတ်ဆောင်အပ်ပါ သလော။ ထက်ဝက်၊ သို့မဟုတ် သုံးပုံတစ်ပုံကို ထုတ်ဆောင်အပ်ပါသလောဟု (လျှောက်၏)။ ဤသို့ ဆိုလတ်သော် မြတ်စွာဘုရားသည် ဆိတ်ဆိတ် နေတော်မူ၏။

ထိုအခါ အသျှင်အာနန္ဒာအား ဤအကြံသည် ဖြစ်၏၊ “ဥတ္တိယပရိဗိုဇ်သည် ‘ရဟန်းဂေါတမကို အားလုံးတို့ထက် သာလွန်သော ပြဿနာကို ငါမေးလိုက်သဖြင့် ဆုတ်နစ်၏၊ မဖြေဆိုနိုင်၊ မဖြေဆိုဝံ့ ယောင်တကား”ဟု ယုတ်ညံ့သော မိစ္ဆာအယူကို မရပါစေလင့်၊ ထိုအယူသည် ထိုဥတ္တိယပရိဗိုဇ်အား နေ့ညဉ့် ရှည်ကြာစွာ စီးပွါးမဲ့ရန် ဆင်းရဲရန် အလို့ငှါ ဖြစ်လေရာ၏”ဟု (အကြံဖြစ်၏ )။

ထိုအခါ အသျှင်အာနန္ဒာသည် ဥတ္တိယပရိဗိုဇ်အား—“ငါ့သျှင်ဥတ္တိယ ထိုသို့ဖြစ်လျှင် သင့်အား ဥပမာကို ပြုမည်၊ ဤလောက၌ သိနားလည်ကြသော ယောကျာ်းအချို့တို့သည် ဥပမာအားဖြင့် ဆိုလိုရင်း စကား၏ အနက်ကို သိကြကုန်၏။ ငါ့သျှင်ဥတ္တိယ ဥပမာသော်ကား မင်း၏ အစွန်အဖျားကျသောမြို့သည် တံတိုင်းအခြေ ခိုင်ခံ့၏၊ တံတိုင်း၊ နံရံ၊ တုရိုဏ်းတိုင်၊ တံခါးပေါင် ခိုင်ခံ့၏၊ တံခါးတစ်ပေါက်ရှိ၏၊ ထိုမြို့၏ တံခါးမှူးသည် ပညာရှိ၏၊ ထက်မြက်၏၊ လိမ္မာ၏၊ မသိသူတို့အား တားမြစ်၍ သိသူတို့အား သွင်း၏၊ ထိုတံခါးမှူးသည် ထိုမြို့၏ ပတ်ဝန်းကျင် မြို့ပတ်လမ်းကို အစဉ်လျှောက်၏၊ မြို့ပတ်လမ်းကို အစဉ် လျှောက်လတ်သော် မြို့ရိုးစပ်ကိုလည်းကောင်း၊ မြို့ရိုးပေါက်ကိုလည်းကောင်း၊ အယုတ်သဖြင့် ကြောင်ထွက် လောက်ရုံမျှ အပေါက်ကိုလည်း မမြင်ရာ။ ထိုတံခါးမှူးအား ‘ဤမျှလောက် သတ္တဝါတို့သည် ဤမြို့ကို ဝင်ကုန်၏ဟူ၍လည်းကောင်း၊ ထွက်ကုန်၏ဟူ၍လည်းကောင်း’ ဤသို့ အသိဉာဏ် မဖြစ်။ စင်စစ်အားဖြင့် ဤအရာ၌ ထိုတံခါးမှူးအား ‘ဤမြို့ကို ဝင်ကုန်ထွက်ကုန်သော ကြီးမားသော သတ္တဝါအားလုံးတို့သည် ဤတံခါးဖြင့်သာ ဝင်ကုန်၏၊ ထွက်ကုန်၏’ဟု ဤသို့သာ အသိဉာဏ် ဖြစ်၏၊

ငါ့သျှင်ဥတ္တိယ ဤအတူပင် မြတ်စွာဘုရားအား ‘ထိုတရားဖြင့် သတ္တဝါအားလုံးကို ထက်ဝက်၊ သို့မဟုတ် သုံးပုံတစ်ပုံကို ထုတ်ဆောင်သည်’ဟု ကြောင့်ကြမှုသည် မဖြစ်။ စင်စစ်အားဖြင့် ‘ဤအရာ၌ မြတ်စွာဘုရားအား လောကမှ ထုတ်ဆောင်ပြီး ထုတ်ဆောင်ဆဲ ထုတ်ဆောင်လတ္တံ့သော သတ္တဝါအားလုံးတို့သည် စိတ်ညစ်ညူးကြောင်း ဖြစ်ကုန်သော ပညာအားနည်းမှုကို ပြုတတ်ကုန်သော နီဝရဏငါးပါးတို့ကို ပယ်ကာ သတိပဋ္ဌာန်လေးပါးတို့၌ စိတ်တည်ကြ၍ ဗောဇ္ဈင်ခုနှစ်ပါးတို့ကိုဟုတ်တိုင်းမှန်စွာ ပွါးစေပြီး နောက် ဤသို့ ထိုတရားဖြင့် လောကမှ ထုတ်ဆောင်ပြီး ထုတ်ဆောင်ဆဲ ထုတ်ဆောင်လတ္တံ့’ဟု ဤသို့သာ ကြောင့်ကြမှု ဖြစ်တော်မူ၏။ ငါ့သျှင်ဥတ္တိယ မြတ်စွာဘုရားအား ယခင်မေးပြီး ပြဿနာကိုသာလျှင် နည်း တစ်မျိုးဖြင့် မေး၏၊ ထို့ကြောင့် သင်၏ ထိုပြဿနာကို မြတ်စွာဘုရားသည် ဖြေတော်မမူ”ဟု မိန့်ဆို၏။

ပဉ္စမသုတ်။