အင်္ဂုတ္တရနိကာယ်

(၁ဝ) ၅-ဥပါလိဝဂ်

၆-ကောကနုဒသုတ်

၉၆။ အခါတစ်ပါး၌ အသျှင်အာနန္ဒာသည် ရာဇဂြိုဟ်ပြည် တပေါဒါရုံကျောင်း၌ (သီတင်းသုံး) နေ၏။ ထိုအခါ အသျှင်အာနန္ဒာသည် ညဉ့်၏မိုးသောက်ချိန်၌စောစောထကာ တပေါဒါမြစ်သို့ ကိုယ်လက်တို့ကို ရေချိုးသုတ်သင်ရန် ချဉ်းကပ်တော်မူ၏၊ တပေါဒါမြစ်၌ ကိုယ်လက်တို့ကို ရေချိုးသုတ်သင်ပြီး နောက် သင်္ကန်းတစ်ထည်တည်းဖြင့် ကိုယ်လက်တို့ကို ရှေးအတိုင်းဖြစ်စေလျက် ရပ်နေတော်မူ၏။ ကောကနုဒပရိဗိုဇ် သည်လည်း ညဉ့်၏ မိုးသောက်ချိန်၌ ထကာ တပေါဒါမြစ်သို့ ကိုယ်လက်တို့ကို ရေချိုး သုတ်သင်ရန် ချဉ်းကပ်၏၊ ကောကနုဒပရိဗိုဇ်သည် အသျှင်အာနန္ဒာ လာနေသည်ကို အဝေးမှ မြင်၍—“ငါ့သျှင် ဤနေရာ၌ မည်သူနည်း”ဟု မေး၏။ “ငါ့သျှင် ငါကား ရဟန်းတည်း”ဟု (ဆို၏)။

ငါ့သျှင် မည်သည့်ရဟန်းတို့၏ ရဟန်းနည်းဟု (မေး၏)။ ငါ့သျှင် သာကီဝင်မင်းသား ဘုရားသားတော်တို့၏ ရဟန်းတည်းဟု (ဆို၏)။ အကျွန်ုပ်တို့သည် အကယ်၍ အသျှင်က ပြဿနာ ဖြေဆိုရန် ခွင့်ပြုပါလျှင် အသျှင်ကို တစ်စုံတစ်ရာ အမြွက်မျှ မေးလိုပါကုန်၏ဟု (ဆို၏)။ ငါ့သျှင် မေးလော့၊ ကြားနာရလျှင် သိကြပါကုန်အံ့ဟု (ဆို၏ )။

အသျှင် “လောကသည် မြဲ၏၊ ဤအယူသည်သာ မှန်၏၊ အခြားအယူသည် အချည်းနှီးတည်း”ဟု အသျှင်သည် ဤသို့ အယူရှိပါသလောဟု (မေး၏)။ ငါ့သျှင် “လောကသည် မြဲ၏၊ ဤအယူသည်သာ မှန်၏၊ အခြားအယူသည် အချည်းနှီးတည်း”ဟု ငါသည်ဤသို့ အယူမရှိပါဟု ဆို၏။ အသျှင် “လောက သည် မမြဲ၊ ဤအယူသည်သာ မှန်၏၊ အခြားအယူသည် အချည်းနှီးတည်း”ဟု အသျှင်သည် ဤသို့သော အယူရှိပါသလောဟု မေး၏။ ငါ့သျှင် “လောကသည် မမြဲ၊ ဤအယူသည်သာ မှန်၏၊ အခြားအယူသည် အချည်းနှီးတည်း”ဟု ငါသည် ဤသို့လည်း အယူမရှိပါဟု ဆို၏။ အသျှင် “လောကသည် အဆုံးရှိ၏။ပ။ လောကသည် အဆုံးမရှိ။ ထိုအသက်သည်ပင် ထိုကိုယ်တည်း။ အသက်တခြား ကိုယ်တခြားတည်း။ သတ္တဝါသည် သေပြီးနောက် ဖြစ်၏။ သတ္တဝါသည် သေပြီးနောက် မဖြစ်၊ သတ္တဝါသည် သေပြီးနောက် ဖြစ်လည်း ဖြစ်၏၊ ဖြစ်လည်း မဖြစ်။ သတ္တဝါသည် သေပြီးနောက် ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည် လည်း မဟုတ်၊ ဤအယူသည်သာ မှန်၏၊ အခြားအယူသည် အချည်းနှီးတည်းဟု အသျှင်သည် ဤသို့ အယူရှိပါသလောဟု” (မေး၏)။ ငါ့သျှင် “သတ္တဝါသည် သေပြီးနောက် ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်၊ ဤအယူသည်သာ မှန်၏၊ အခြားအယူသည် အချည်းနှီးတည်း”ဟု ငါသည် ဤသို့ အယူမရှိပါဟု ဆို၏။ ထိုသို့ဖြစ်လျှင် အသျှင်သည် မသိသလော၊ မမြင်သလောဟု (မေး၏ )။ ငါ့သျှင် ငါသည် မသိသည် မဟုတ်၊ မမြင်သည် မဟုတ်၊ ငါသည် သိ၏၊ မြင်၏ဟု ဆို၏။ “အသျှင် လောကသည် မြဲ၏၊ ဤအယူသည်သာ မှန်၏၊ အခြားအယူသည် အချည်းနှီးတည်းဟု အသျှင်သည် ဤသို့ အယူရှိပါသလော”ဟု မေးလတ်သော် “ငါ့သျှင် လောကသည် မြဲ၏၊ ဤအယူသည် သာ မှန်၏၊ အခြားအယူသည် အချည်းနှီး”ဟု ငါသည် ဤသို့ အယူမရှိပါဟု ဆို၏၊ “အသျှင် လောက သည် မမြဲ၊ ဤအယူသည်သာ မှန်၏၊ အခြားအယူသည် အချည်းနှီးတည်း”ဟု အသျှင်သည် ဤသို့ အယူရှိပါသလော”ဟု မေးလတ်သော် “ငါ့သျှင် လောကသည် မမြဲ၊ ဤအယူသည်သာ မှန်၏၊ အခြား အယူသည် အချည်းနှီးတည်း”ဟု ငါသည် ဤသို့လည်း အယူမရှိပါဟု ဆို၏။ “အသျှင် လောကသည် အဆုံးရှိ၏။ပ။ လောကသည် အဆုံးမရှိ။ ထိုအသက်သည် ထိုကိုယ်တည်း။ အသက်တခြား ကိုယ် တခြားတည်း။ သတ္တဝါသည် သေပြီးနောက် ဖြစ်၏။ သတ္တဝါသည် သေပြီးနောက် မဖြစ်။ သတ္တဝါသည် သေပြီးနောက် ဖြစ်လည်း ဖြစ်၏၊ ဖြစ်လည်း မဖြစ်။ သတ္တဝါသည် သေပြီးနောက် ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်၊ ဤအယူသည်သာ မှန်၏၊ အခြားအယူသည် အချည်းနှီးတည်းဟု အသျှင်သည် ဤသို့ အယူရှိပါသလော”ဟု မေးလတ်သော် “ငါ့သျှင် သတ္တဝါသည် သေပြီးနောက် ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်၊ ဤအယူသည်သာ မှန်၏၊ အခြားအယူသည် အချည်းနှီးတည်း”ဟု ငါသည် ဤသို့ အယူမရှိပါဟု ဆို၏။ “ထိုသို့ဖြစ်လျှင် အသျှင်သည် မသိသလော မမြင်သလော”ဟု ဤသို့မေးလတ်သာ် “ငါ့သျှင် ငါသည် မသိသည် မဟုတ်၊ မမြင်သည် မဟုတ်၊ ငါ့သျှင် ငါသည် သိ၏၊ မြင်၏ဟု”ဤသို့ ဆို၏။ ငါ့သျှင် ဤဆိုပြီး စကား၏ အနက်ကို အဘယ်အခြင်းအရာ အားဖြင့် မှတ်ရမည်နည်းဟု (မေး၏)။

“ငါ့သျှင် လောကသည် မြဲ၏၊ ဤအယူသည်သာ မှန်၏၊ အခြားအယူသည် အချည်းနှီးတည်း”ဟူသော ဤစကားသည် မိစ္ဆာအယူ ဖြစ်၏။ “ငါ့သျှင် လောကသည် မမြဲ၊ ဤအယူသည်သာ မှန်၏၊ အခြားအယူသည် အချည်းနှီးတည်း”ဟူသော ဤစကားသည် မိစ္ဆာအယူ ဖြစ်၏။ “ငါ့သျှင် လောကသည် အဆုံးရှိ၏။ပ။ လောကသည် အဆုံးမရှိ။ ထိုအသက်သည်ပင် ထိုကိုယ်တည်း။ အသက်တခြား ကိုယ် တခြားတည်း။ သတ္တဝါသည် သေပြီးနောက် ဖြစ်၏၊ သတ္တဝါသည် သေပြီးနောက် မဖြစ်။ သတ္တဝါသည် သေပြီးနောက် ဖြစ်လည်း ဖြစ်၏၊ ဖြစ်လည်းမဖြစ်။ သတ္တဝါသည် သေပြီးနောက် ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်၊ ဤအယူသည်သာ မှန်၏၊ အခြားအယူသည် အချည်းနှီးတည်း”ဟူသော ဤစကားသည် မိစ္ဆာအယူ ဖြစ်၏။ ငါ့သျှင် အယူရှိသမျှ အယူအကြောင်း’ဌာန’ ရှိသမျှ အယူ၏ တည်ရာရှိသမျှ အယူသောင်းကျန်းမှုရှိသမျှ အယူဖြစ်ကြောင်း ရှိသမျှ အယူပယ်ခွါကြောင်းရှိသမျှကို ငါသည် သိ၏၊ ငါသည် မြင်၏။ ငါသည် ထိုအယူကို သိလျက် ငါသည် ထိုအယူကို မြင်လျက် “ငါသည် မသိ မမြင်”ဟု အဘယ်ကြောင့် ဆိုရမည်နည်း။ ငါ့သျှင် ငါသည် သိ၏၊ မြင်၏ဟု (မိန့်ဆို၏)။

အသျှင်သည် အဘယ်အမည်ရှိပါသနည်း၊ အဘယ်သို့လျှင် အသျှင့်ကို သီတင်းသုံးဖော်တို့က သိကြ ပါကုန်သနည်းဟု (မေး၏)။ ငါ့သျှင် ငါ၏အမည်ကား “အာနန္ဒာ”တည်း၊ ငါ့ကို သီတင်းသုံးဖော်တို့က “အာနန္ဒာ”ဟုသာ သိကြကုန်၏ဟု(မိန့်ဆို၏)။ အချင်းတို့ ဆရာကြီးနှင့်အတူ ဆွေးနွေးတိုင်ပင်ကြရပါလျက် “အသျှင်အာနန္ဒာ”ဟု မသိခဲ့ကြပါ၊ မှန်ပါ၏၊ “ဤအသျှင်သည် အာနန္ဒာ”ဟုသာ အကျွန်ုပ်တို့ သိကြပါလျှင် ဤမျှလောက်ပင် ပြောဆိုကြမည် မဟုတ်ပါ၊ အသျှင်အာနန္ဒာသည် အကျွန်ုပ်၏အပြစ်ကို သည်းခံ တော်မူပါလော့ဟု လျှောက်၏။

ဆဋ္ဌသုတ်။