အင်္ဂုတ္တရနိကာယ်

(၁ဝ) ၅-ဥပါလိဝဂ်

၉-ဥပါလိသုတ်

၉၉။ ထိုအခါ အသျှင်ဥပါလိသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ပြီးနောက် ရှိခိုး၍ တစ်ခုသောနေရာ၌ ထိုင်နေကာ မြတ်စွာဘုရားအား— “အသျှင်ဘုရား အကျွန်ုပ်သည် တောစွန်တောင်ဖျားကျသော တောကျောင်းတို့ကို မှီဝဲရန် အလိုရှိပါ၏”ဟု လျှောက်၏။ ဥပါလိ တောစွန်တောင်ဖျားကျသော တောကျောင်းတို့သည် နေနိုင်ရန် ခဲယဉ်းကုန်၏၊ (အပေါင်းအဖော်မှ) ကင်းဆိတ်၍ နေခြင်းသည် ခဲယဉ်း၏၊ တစ်ယောက်တည်း မွေ့လျော်နိုင်ခဲ၏၊ တောတို့သည် သမာဓိ ‘တည်ကြည်မှု’မရသော ရဟန်း၏ စိတ်ကို ပယ်ထုတ်သကဲ့သို့ ဖြစ်၏။ ဥပါလိ သမာဓိမရဘဲ “တောစွန်တောင်ဖျားကျသော တောကျောင်းတို့ကို ငါမှီဝဲအံ့”ဟု ဆိုသော သူသည် “နစ်မူလည်း နစ်လိမ့်မည်၊ ပေါ်မူလည်း ပေါ်လိမ့်မည်”ဟူသော ဤအရာကိုသာ (မချွတ် ဖြစ်လိမ့်မည်ဟု) မျှော်လင့်နိုင်၏။ ဥပါလိ ဥပမာသော်ကား ရေအိုင်ကြီးတစ်ခုရှိ၏။ ထိုရေအိုင်ကြီးသို့ ခုနစ်တောင်၊ သို့မဟုတ် ခုနစ်တောင့်ထွာရှိသော ဆင်ပြောင်ကြီးသည် လာရာ၏၊ ထိုဆင်ကြီးအား ဤအကြံသည် ဖြစ်ရာ၏၊ “ငါသည် ဤရေအိုင်သို့ ဆင်း၍ နားရွက်ဆေးကစားခြင်းဖြင့် ကစားမည်၊ ကျောက်ကုန်းဆေးကစားခြင်းဖြင့် ကစားမည်၊ နားရွက်ဆေးကစားခြင်းဖြင့် ကစား၍ ကျောက်ကုန်းဆေးကစားခြင်းဖြင့် ကစားပြီးလျှင် ရေချိုး ရေသောက်ပြီးနောက် တစ်ဖန် တက်ကာ အလိုရှိရာသို့ ဖဲသွားရမူ ကောင်းလေစွ”ဟု (ဤအကြံသည် ဖြစ်ရာ၏)။ ထိုဆင်ပြောင်ကြီးသည် ထိုရေအိုင်သို့ သက်ဆင်း၍ နားရွက်ဆေးကစားခြင်း ဖြင့်လည်း ကစားရာ၏၊ ကျောက်ကုန်းဆေး ကစားခြင်းဖြင့်လည်း ကစားရာ၏၊ နားရွက်ဆေးကစားခြင်း ဖြင့်လည်း ကစား၍ ကျောက်ကုန်းဆေးကစားခြင်းဖြင့်လည်း ကစားပြီးလျှင် ရေချိုး ရေသောက်ပြီးနောက် တစ်ဖန်တက်ကာ အလိုရှိရာသို့ ဖဲသွားရာ၏။ ထိုဲ့သို့ပြုလုပ်နိုင်ခြင်းသည် အဘယ်ကြောင့်နည်း။ ဥပါလိ ကြီးသော အတ္တဘော’ကိုယ်’သည် နက်သောရေ၌ ထောက်တည်ရာကို ရသောကြောင့်တည်း။

ထို့နောက် ယုန်သော်လည်းကောင်း၊ ကြောင်သော်လည်းကောင်း လာရာ၏၊ ထိုသတ္တဝါအား ဤအကြံသည် ဖြစ်ရာ၏၊ “ငါကား အဘယ်အမျိုးအစားနည်း၊ ဆင်ပြောင်ကြီးကား အဘယ် အမျိုးအစား နည်း၊ ငါသည် ဤရေအိုင်သို့ ဆင်း၍ နားရွက်ဆေးကစားခြင်းဖြင့်လည်း ကစားမည်၊ ကျောက်ကုန်း ဆေးကစားခြင်းဖြင့်လည်း ကစားမည်၊ နားရွက်ဆေး ကစားခြင်းဖြင့်လည်း ကစား၍ ကျောက်ကုန်းဆေး ကစားခြင်းဖြင့်လည်း ကစားပြီးလျှင် ရေချိုး ရေသောက်ပြီးနောက် တစ်ဖန်တက်ကာ အလိုရှိရာသို့ ဖဲသွား ရမူ ကောင်းလေစွ”ဟု (ဤအကြံသည် ဖြစ်ရာ၏)။ ထိုသတ္တဝါသည် ထိုရေအိုင်သို့ မဆင်ခြင်ဘဲ အဆော တလျင် သက်ဆင်းရာ၏၊ ထိုသတ္တဝါအား “နစ်မူလည်း နစ်လိမ့်မည်၊ ပေါ်မူလည်း ပေါ်လိမ့်မည်”ဟူသော ဤအရာကိုသာ (မချွတ်ဖြစ်လိမ့်မည်ဟု) မျှော်လင့်နိုင်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ဥပါလိ သေးငယ်သော အတ္တဘောသည် နက်သောရေ၌ ထောက်တည်ရာကို မရနိုင်သောကြောင့်တည်း။ ဥပါလိ ဤအတူပင် “သမာဓိကို မရဘဲ တောစွန် တောင်ဖျားကျသော တောကျောင်းတို့ကို ငါမှီဝဲအံ့”ဟု ဆိုသော သူသည် “နစ်မူလည်း နစ်လိမ့်မည်၊ ပေါ်မူလည်း ပေါ်လိမ့်မည်”ဟူသော ဤအရာကိုသာ (မချွတ်ဖြစ်လိမ့် မည်ဟု) မျှော်လင့်နိုင်၏။ ဥပါလိ ဥပမာသော်ကား မည်သို့မျှမသိသေးသော ပက်လက်အိပ်ရွယ် ကလေးသူငယ်သည် မိမိ ကျင်ကြီး ကျင်ငယ်ဖြင့် ကစား၏။ ဥပါလိ ထိုအရာကို မည်သို့မှတ်ထင်သနည်း၊ ဤကလေးငယ်၏ ကစားခြင်းသည် အလုံးစုံ ပြည့်စုံသည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မှန်ပါ၏။ ဥပါလိ ထိုသူငယ်သည် နောက်အခါ၌ ကြီးပွါးခြင်းသို့ ရောက်၍ ဣန္ဒြေတို့၏ ရင့်ကျက်ခြင်းသို့ ရောက်ရကား ထွန်ငယ်ဖြင့်ကစားခြင်း ကျည်းသားရိုက်ခြင်း ကျွမ်းထိုးခြင်း စကြာဖြင့်ကစားခြင်း ခြင်ခွက် ငယ်ဖြင့်ကစားခြင်း ရထားငယ်ဖြင့်ကစားခြင်း လေးငယ်ဖြင့်ကစားခြင်းဟူသော သူငယ်တို့၏ ကစားဖွယ်တို့ဖြင့် ကစား၏။ ဥပါလိ ထိုအရာကို မည်သို့မှတ်ထင်သနည်း၊ ဤပျော်မြူးခြင်းသည် ရှေးကစားခြင်းထက် သာလွန်၍ နှစ်သက်ဖွယ်ရှိသည် သာလွန်၍ ကောင်းမွန်သည် မဟုတ်လောဟု (မေးတော်မူ၏)။

အသျှင်ဘုရား မှန်ပါ၏။ ဥပါလိ ထိုသူငယ်သည် နောက်အခါ၌ ကြီးပွါးခြင်းသို့ ရောက်၍ ဣန္ဒြေတို့၏ ရင့်ကျက်ခြင်းသို့ ရောက်သည့်ပြင် ကာမဂုဏ်ငါးပါးတို့နှင့်ကုံလုံပြည့်စုံသည်ဖြစ်၍ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် နှလုံးကို ပွါးစေတတ်ကုန် ချစ်ဖွယ်သဘောရှိကုန် ကာမနှင့်စပ်ကုန် တပ်စွန်းဖွယ်ရှိကုန်သော စက္ခုဝိညာဏ်ဖြင့် သိအပ်ကုန်သော ရူပါရုံ။ သောတဝိညာဏ်ဖြင့် သိအပ်ကုန်သော သဒ္ဒါရုံ။ ဃာနဝိညာဏ်ဖြင့် သိအပ်ကုန်သော ဂန္ဓာရုံ။ ဇိဝှါဝိညာဏ်ဖြင့် သိအပ်ကုန်သော ရသာရုံ။ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် နှလုံးကို ပွါးစေတတ်ကုန် ချစ်ဖွယ်သဘောရှိကုန် ကာမနှင့်စပ်ကုန် တပ်စွန်းဖွယ်ရှိကုန်သော ကာယဝိညာဏ်ဖြင့် သိအပ်ကုန်သော ‘ဖောဋ္ဌဗ္ဗာရုံ’တို့ဖြင့် မွေ့လျော် ခံစားရ၏။ ဥပါလိ ထိုအရာကို မည်သို့ မှတ်ထင်သနည်း၊ ဤပျော်မြူးခြင်းသည် ရှေ့ပျော်မြူးခြင်းတို့ထက် သာလွန်၍ နှစ်သက်ဖွယ်ရှိသည် သာလွန်၍ ကောင်းမွန် သည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မှန်ပါ၏။၊

ဥပါလိ ဤသာသနာတော်၌ ပူဇော်အထူးကို ခံတော်မူထိုက်သော၊ (အလုံးစုံသောတရားတို့ကို ) ကိုယ်တိုင်မှန်စွာ သိတော်မူသော၊ အသိဉာဏ် ‘ဝိဇ္ဇာ’အကျင့် ‘စရဏ’နှင့် ပြည့်စုံတော်မူသော၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော၊ လောကကို သိတော်မူသော၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ ပုဂ္ဂိုလ်ဖြစ်တော်မူသော၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော၊ ဘုန်းတန်ခိုးကြီးတော်မူသော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။ ထိုမြတ်စွာဘုရားသည် နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောကကို ကိုယ်တိုင်ထူးသော ဥာဏ်ဖြင့် မျက်မှောက်ပြုလျက် ဟောကြားတော်မူ၏။

ထိုမြတ်စွာဘုရား သည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော တရားကို ဟောတော်မူ၏၊ အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော အလုံးစုံ ပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ပြတော်မူ၏။

ထိုတရားတော်ကို သူကြွယ်သည်လည်းကောင်း၊ သူကြွယ်သားသည်လည်းကောင်း၊ အခြားဇာတ် တစ်မျိုးမျိုး၌ဖြစ်သော သူသည်လည်းကောင်း ကြားနာရ၏။ ထိုသူသည် ထိုတရားတော်ကို ကြားနာရသော ကြောင့် မြတ်စွာဘုရား၌ ယုံကြည်မှုကို ရ၏၊ ထိုသူသည် ယုံကြည်မှုကို ရခြင်းနှင့် ပြည့်စုံသည်ဖြစ်၍ ဤသို့ ဆင်ခြင်၏ — “လူ့ဘောင်၌ နေရခြင်းသည် ကျဉ်းမြောင်း၏၊ (ကိလေသာ) မြူထရာ လမ်းကြောင်း ဖြစ်၏၊ ရဟန်းအဖြစ်သည် လွင်ပြင်နှင့် တူ၏၊ လူ့ဘောင်၌ နေသူသည် ဤမြတ်သော အကျင့်ကို စင်စစ် ပြည့်စုံစွာ စင်စစ် စင်ကြယ်စွာ ခရုသင်းပွတ်သစ်နှင့်တူစွာ ကျင့်ရန် မလွယ်၊ ငါသည် ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရမူ ကောင်း လေစွ”ဟု (ဆင်ခြင်၏)။

ထိုသူသည် နောင်အခါ၌ နည်းသော ဥစ္စာစုကို စွန့်၍ဖြစ်စေ များသော ဥစ္စာစုကို စွန့်၍ဖြစ်စေ နည်းသော ဆွေမျိုးစုကို စွန့်၍ဖြစ်စေ များသော ဆွေမျိုးစုကို စွန့်၍ဖြစ်စေ ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၏။ ထိုသူသည် ဤသို့ ဝင်ရောက်ပြီးသော် (အဓိသီလ)ဟူသော ရဟန်းတို့၏ သိက္ခာ၊ သိက္ခာပုဒ်တော်ဟူသော သာဇီဝသို့ ကောင်းစွာ ရောက်လျက် အသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင် ကြဉ်၏၊ တုတ်ကို ချထားပြီး ဖြစ်၏၊ လက်နက်ကို ချထားပြီး ဖြစ်၏၊ ရှက်ခြင်းရှိ၏၊ သနားတတ်၏၊ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွါးကို လိုလားလျက် နေ၏။ မပေးသည်ကို ယူခြင်းကို ပယ်၍ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ပေးသည်ကိုသာ ယူ၏၊ ပေးသည်ကိုသာ အလိုရှိ၏၊ မခိုး မဝှက်၊ စင်ကြယ်သော ကိုယ်ဖြင့် နေ၏။

မမြတ်သော အကျင့်ကို ပယ်၍ မြတ်သော အကျင့်ကို ကျင့်၏၊ ယုတ်သော အကျင့်ကို ကျင့်လေ့ မရှိ၊ ရွာသူတို့၏ အလေ့ဖြစ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်၏။ မဟုတ်မမှန် ပြောခြင်းကို ပယ်၍ မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဉ်၏၊ အမှန်ကိုသာ ဆိုလေ့ရှိ၏၊ မှန်သော စကားချင်း ဆက်စပ်စေ၏၊ တည်သော စကားရှိ၏၊ ယုံကြည်ထိုက်သော စကား ရှိ၏၊ လောကကို လှည့်စားတတ်သူ မဟုတ်။

ကုန်းစကားကို ပယ်၍ ကုန်းစကားမှ ရှောင်ကြဉ်၏၊ ဤသူတို့ထံမှ နားထောင်၍ (ထိုသူတို့နှင့်) ဤသူတို့ ကွဲပြားခြင်းငှါ ထိုသူတို့အထံ၌ မပြောတတ်၊ ထိုသူ့တို့ထံမှ နားထောင်၍ (ဤသူတို့နှင့်) ထိုသူတို့ ကွဲပြားခြင်းငှါ ဤသူတို့အထံ၌ မပြောတတ်၊ ဤသို့ ကွဲပြားသူတို့ကိုလည်းစေ့စပ်တတ်၏၊ ညီညွတ်သူတို့လည်း အားပေးတတ်၏။ ညီညွတ်ခြင်း၌ မွေ့လျော်၏၊ ညီညွတ်ခြင်း၌ ပျော်ပိုက်၏၊ ညီညွတ်ခြင်းကို နှစ်သက်၏၊ ညီညွတ်ခြင်းကို ပြုသောစကားကို ဆိုလေ့ရှိ၏။ ကြမ်းသော စကားကို ပယ်၍ ကြမ်းသော စကားမှ ရှောင်ကြဉ်၏၊ အကြင်စကားသည် အပြစ် ကင်း၏၊ နားချမ်းသာ၏၊ နှစ်လိုဖွယ်ရှိ၏၊ နှလုံးသို့ သက်ဝင်၏၊ ယဉ်ကျေး၏၊ လူအများ နှစ်ခြိုက်၏၊ ထိုသို့သဘော ရှိသော စကားကိုသာ ဆို၏။ ပြိန်ဖျင်းသော စကားကိုပယ်၍ ပြိန်ဖျင်းသော စကားမှ ရှောင်ကြဉ်၏၊ (သင့်သော) အခါ၌သာ ဆိုလေ့ရှိ၏၊ဟုတ်မှန်သည်ကိုသာ ဆိုလေ့ရှိ၏၊ အကျိုးနှင့်စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ တရားနှင့်စပ်သည် ကိုသာ ဆိုလေ့ရှိ၏၊ အဆုံးအမနှင့်စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ (သင့်သော) အခါ၌ အကြောင်းနှင့်တကွသော အပိုင်းအခြားရှိသော အစီးအပွါးနှင့်စပ်သော မှတ်သားလောက်သော စကားကိုသာ ဆိုလေ့ရှိ၏။ ထိုရဟန်းသည် မျိုးစေ့အပေါင်း အပင်အပေါင်းကို ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်၏။ ဆွမ်းတစ်နပ်သာ စားလေ့ရှိ၏၊ ညစာစားခြင်းမှ ရှောင်ကြဉ်၏၊ နေလွဲစားခြင်းမှ ရှောင်ကြဉ်၏။ ကခြင်း သီခြင်း တီးမှုတ်ခြင်း (သူတော်ကောင်းတရား၏) ဆူးငြောင့်ဖြစ်သော ပွဲကြည့်ခြင်းမှ ရှောင်ကြဉ်၏။ ပန်းပန်ခြင်း နံ့သာခြယ်ခြင်း နံ့သာပျောင်းလိမ်းခြင်းမှ ရှောင်ကြဉ်၏။ မြင့်သောနေရာ မြတ်သောနေရာမှ ရှောင်ကြဉ်၏။ ရွှေငွေကို ခံယူခြင်းမှ ရှောင်ကြဉ်၏။ ကောက်စိမ်းကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ အသားစိမ်းကို ခံယူခြင်းမှ ရှောင်ကြဉ်၏။ မိန်းမအို၊ မိန်းမပျိုကို ခံယူခြင်းမှ ရှောင်ကြဉ်၏။ ကျွန်မိန်းမ ကျွန်ယောကျာ်းကို ခံယူခြင်းမှ ရှောင်ကြဉ်၏။ ဆိတ်နှင့် သိုးကို ခံယူခြင်းမှ ရှောင်ကြဉ်၏။ ကြက် ဝက်ကို ခံယူခြင်းမှ ရှောင်ကြဉ်၏။ ဆင် နွား မြင်း မြည်းကို ခံယူခြင်းမှ ရှောင်ကြဉ်၏။ လယ်နှင့် ယာကို ခံယူခြင်းမှ ရှောင်ကြဉ်၏။ တမန်အမှု အစေအပါးအမှုကို ဆောင်ရွက်ခြင်းမှ ရှောင်ကြဉ်၏။ ဝယ်မှု ရောင်းမှုမှ ရှောင်ကြဉ်၏။ ချိန်စဉ်းလဲ အသပြာစဉ်းလဲ ခြင်တွယ်တိုင်းတာ စဉ်းလဲခြင်းမှ ရှောင် ကြဉ်၏။ တံစိုးယူခြင်း လှည့်ဖြားခြင်း အတုပြု၍ လိမ်ခြင်းတည်းဟူသော ကောက်ကျစ်ခြင်းမှ ရှောင် ကြဉ်၏။ ဖြတ်ခြင်း သတ်ခြင်း နှောင်ဖွဲ့ခြင်း (ခရီးသွားတို့ကို) လုယက်ခြင်း (ရွာနိဂုံးတို့ကို) ဖျက်ဆီးခြင်း ဓားပြတိုက်ခြင်းမှ ရှောင်ကြဉ်၏။ ထိုရဟန်းသည် ကိုယ်ကို မျှတစေနိုင်ရုံသော သင်္ကန်းဖြင့်, ဝမ်းကို မျှတစေနိုင်ရုံသော ဆွမ်းဖြင့် ရောင့်ရဲ၏။ ထိုရဟန်းသည် သွားလေရာရာသို့ (ကိုယ်နှင့်အတူ ပါမြဲ ပရိက္ခရာမျှသာရှိသဖြင့်) တစ်ပါတည်း ယူပြီးဖြစ်၍သာလျှင် သွား၏။ အတောင်ရှိသော ငှက်သည် ပျံလေရာရာသို့ မိမိအတောင်သာ ဝန်ရှိသည် ဖြစ်၍ ပျံသကဲ့သို့၊ ဤအတူ ရဟန်းသည် ကိုယ်ကို မျှတစေနိုင်ရုံသော သင်္ကန်းဖြင့်, ဝမ်းကို မျှတစေနိုင်ရုံသော ဆွမ်းဖြင့် ရောင့်ရဲ၏။ ထိုရဟန်းသည် သွားလေရာရာသို့ (ကိုယ်နှင့် အတူ ပါမြဲ ပရိက္ခရာမျှသာ ရှိသဖြင့်) တစ်ပါတည်း ယူပြီးဖြစ်၍သာလျှင် သွား၏။ ထိုရဟန်းသည် ဤမြတ်သော သီလအစုနှင့် ပြည့်စုံသည်ဖြစ်၍ မိမိသန္တာန်၌ အပြစ်မရှိသော ချမ်းသာကို ခံစား၏။ ထိုရဟန်းသည် မျက်စိဖြင့် အဆင်း ‘ရူပါရုံ’ ကို မြင်သော် (မိန်းမယောကျာ်းစသော) သဏ္ဌာန် နိမိတ်ကို့စွဲယူလေ့ မရှိ၊ (လက်ခြေစသော အင်္ဂါ ပြုံးဟန်ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့ မရှိ၊ (အကယ်၍) စက္ခုန္ဒြေကို မစောင့်စည်းဘဲနေလျှင် ယင်း (စက္ခုန္ဒြေကို မစောင့်စည်းခြင်းဟူသော) အကြောင်းကြောင့် မက်မောခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း’ဒေါမနဿ’ဟူသော ယုတ်ညံ့သော အကုသိုလ် တရားတို့သည် ထိုမစောင့်စည်းသူကို လိုက်၍ နှိပ်စက်ကုန်ရာ၏။ (ထို့ကြောင့် ရဟန်းသည် ) ထိုစက္ခုန္ဒြေကိုစောင့်စည်းခြင်းငှါ ကျင့်၏၊ စက္ခုန္ဒြေကိုစောင့်စည်း၏၊ စက္ခုန္ဒြေ၌စောင့်စည်းခြင်းသို့ ရောက်၏။ နားဖြင့် အသံ ‘သဒ္ဒါရုံ’ကို ကြားသော်။ နှာခေါင်းဖြင့် အနံ့ ‘ဂန္ဓာရုံ’ကို နမ်းသော်။ လျှာဖြင့် အရသာ ‘ရသာရုံ’ကို လျက်သော်။ ကိုယ်ဖြင့် အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’ကို တွေ့ထိသော်။ စိတ်ဖြင့် သဘော ‘ဓမ္မာရုံ’ကို သိသော် (မိန်းမယောကျာ်းစသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ့မရှိ၊ (လက်ခြေစသော အင်္ဂါ ပြုံးဟန်ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့ မရှိ၊ အကယ်၍ မနိန္ဒြေကို မစောင့်စည်း ဘဲ နေလျှင် ယင်း (မနိန္ဒြေကို မစောင့်စည်းခြင်းဟူသော) အကြောင်းကြောင့် မက်မောခြင်း’အဘိဇ္ဈာ’ နှလုံး မသာခြင်း’ဒေါမနဿ’ဟူသော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ထိုမစောင့်စည်းသူကို လိုက်၍ နှိပ်စက်ကုန်ရာ၏။ ထို့ကြောင့် ရဟန်းသည် ထိုမနိန္ဒြေကိုစောင့်စည်းခြင်းငှါ ကျင့်၏၊ မနိန္ဒြေကိုစောင့်စည်း၏၊ မနိန္ဒြေ၌စောင့်စည်းခြင်းသို့ ရောက်၏၊ ထို (ရဟန်း) သည် ဤမြတ်သော ဣန္ဒြေကိုစောင့်စည်းခြင်းနှင့် ပြည့်စုံသည် ဖြစ်၍ မိမိသန္တာန်၌ (ကိလေသာနှင့်) မရောသော ချမ်းသာကို ခံစား၏။ ထိုရဟန်းသည် ရှေ့သို့တက်ရာ နောက်သို့ဆုတ်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏။ တူရူကြည့်ရာ တစောင်းကြည့်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ ကွေးရာ ဆန့်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏။ ဒုကုဋ် သပိတ် သင်္ကန်းကို ဆောင်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ စားရာ သောက်ရာ ခဲရာ လျက်ရာ၌ ဆင်ခြင် လျက် ပြုလေ့ရှိ၏၊ ကျင်ကြီး ကျင်ငယ်စွန့်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ သွားရာ ရပ်ရာ ထိုင်ရာ အိပ်ရာ နိုးရာ ပြောရာ ဆိတ်ဆိတ်နေရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊

ထိုရဟန်းသည် ဤမြတ်သော သီလအစုနှင့်လည်း ပြည့်စုံသည်ဖြစ်၍ ဤမြတ်သော ဣန္ဒြေစောင့်စည်းမှုနှင့်လည်း ပြည့်စုံသည်ဖြစ်၍ ဤမြတ်သော အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’နှင့် လည်း ပြည့်စုံသည်ဖြစ်၍ ဆိတ်ငြိမ်သော ကျောင်းအိပ်ရာနေရာကို မှီဝဲ၏၊ တောကို သစ်ပင်ရင်းကို တောင်ကို ချောက်ကို တောင်ခေါင်းကို သင်္ချိုင်းကို တောအုပ်ကို လွင်ပြင်ကို ကောက်ရိုးပုံကို (မှီဝဲ၏)။

ထို (ရဟန်း) သည် တောသို့ဖြစ်စေ သစ်ပင်ရင်းသို့ဖြစ်စေ ဆိတ်ငြိမ်ရာသို့ဖြစ်စေ ကပ်ရောက်သည် ဖြစ်၍ ထက်ဝယ်ဖွဲ့ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ ကမ္မဋ္ဌာန်းသို့ ရှေးရှု သတိကိုဖြစ်စေလျက် ထိုင်၏၊ ထိုရဟန်းသည် (ဥပါဒါနက္ခန္ဓာငါးပါးဟူသော) လောက၌ မက်မောမှု ‘အဘိဇ္ဈာ’ကို ပယ်၍ မက်မောမှု ‘အဘိဇ္ဈာ’ ကင်းသော စိတ်ဖြင့် နေ၏၊ မက်မောမှု ‘အဘိဇ္ဈာ’မှ စိတ်ကို စင်ကြယ်စေ၏။ ပျက်စီးစေလိုသော ဒေါသကို ပယ်၍ မပျက်စီးစေလိုသော စိတ်ရှိသည်ဖြစ်၍ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွါးကို လိုလားလျက် နေ၏၊ ပျက်စီးစေလိုသော ဒေါသမှ စိတ်ကို စင်ကြယ်စေ၏။ လေးလံ ထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ကို ပယ်၍ လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’မှ ကင်းသည်ဖြစ်၍ အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ရှိလျက် အလင်းရောင်ကို မှတ်ခြင်းရှိသည်ဖြစ်၍ နေ၏၊ လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’မှ စိတ်ကို စင်ကြယ်စေ၏။ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ နောင်တတစ်ဖန် ပူပန်မှု ‘ကုက္ကုစ္စ’ကို ပယ်၍ မိမိသန္တာန်၌ ငြိမ်းအေးသော စိတ်ရှိသည် ဖြစ်၍ မပျံ့လွင့်သည် ဖြစ်၍ နေ၏၊ ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ နောင်တ တစ်ဖန်ပူပန်မှု ‘ကုက္ကုစ္စ’မှ စိတ်ကို စင်ကြယ်စေ၏။ ယုံမှားမှု ‘ဝိစိကိစ္ဆာ’ကို ပယ်၍ ယုံမှားမှု ‘ဝိစိကိစ္ဆာ’ကို လွန်မြောက်သည် ဖြစ်၍ ကုသိုလ်တရားတို့၌ သို့လော သို့လော မရှိသည်ဖြစ်၍ နေ၏၊ ယုံမှားမှု’ဝိစိကိစ္ဆာ’မှ စိတ်ကို စင်ကြယ်စေ၏။ ထိုရဟန်းသည် စိတ်၏ ညစ်နွမ်းကြောင်း ဖြစ်ကုန်သော၊ ပညာအားနည်းခြင်းကို ပြုတတ်ကုန်သော ဤအပိတ်အပင်’နီဝရဏ’တရား ငါးပါးတို့ကို ပယ်၍ ကာမတို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်မှု ‘ဝိတက်’နှင့် တကွဖြစ်သော၊ သုံးသပ်ဆင်ခြင်မှု ‘ဝိစာရ’နှင့် တကွ ဖြစ်သော (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော၊ နှစ်သိမ့်မှု ‘ပီတိ’ချမ်းသာမှု ‘သုခ’ရှိသော ပဌမဈာန် သို့ ရောက်၍ နေ၏။ ဥပါလိ ထိုအရာကို မည်သို့မှတ်ထင်သနည်း၊ ဤနေခြင်းသည် ရှေးနေခြင်းတို့ ထက် သာလွန်နှစ်သက်ဖွယ်ရှိသည် သာလွန်မွန်မြတ်သည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မှန်ပါ၏။ ဥပါလိ ငါ၏ တပည့်တို့သည် မိမိ၌ ဤတရားကို ကောင်းစွာ မြင်ကြသဖြင့် တောစွန်တောင်ဖျား တောကျောင်းတို့ကို မှီဝဲကုန်၏၊ ထိုမျှဖြင့် မိမိ မျှော်မှန်းချက် အကျိုး (အရဟတ္တဖိုလ်) သို့ အစဉ်ရောက်၍ နေကြသည် မဟုတ်ကုန်သေး။

ဥပါလိ နောက်တစ်မျိုးကား ရဟန်းသည် ဝိတက် ဝိစာရတို့၏ ငြိမ်းခြင်းကြောင့်။ပ။ ဒုတိယ ဈာန်သို့ ရောက်၍ နေ၏။ ဥပါလိ ထိုအရာကို မည်သို့ မှတ်ထင်သနည်း၊ ဤနေခြင်းသည် ရှေးနေခြင်းတို့ထက် သာလွန် နှစ်သက်ဖွယ်ရှိသည် သာလွန်မွန်မြတ်သည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မှန်ပါ၏။ ဥပါလိ ငါ၏ တပည့်တို့သည် မိမိ၌ ဤတရားကို ကောင်းစွာ မြင်ကြသဖြင့် တောစွန်တောင်ဖျား ကျသော တောကျောင်းတို့ကို မှီဝဲကုန်၏၊ ထိုမျှဖြင့် မိမိ မျှော်မှန်းချက် အကျိုး (အရဟတ္တဖိုလ်) သို့ အစဉ်ရောက်၍ နေကြသည် မဟုတ်ကုန်သေး။

ဥပါလိ နောက်တစ်မျိုးကား ရဟန်းသည် နှစ်သက်မှု ‘ပီတိ’ကိုလည်း တပ်ခြင်းကင်းခြင်းကြောင့်။ပ။ တတိယဈာန်သို့ ရောက်၍ နေ၏။ ဥပါလိ ထိုအရာကို မည်သို့မှတ်ထင်သနည်း၊ ဤနေခြင်းသည် ရှေးနေခြင်းတို့ထက် သာလွန်နှစ်သက်ဖွယ်ရှိသည် သာလွန်မွန်မြတ်သည် မဟုတ်လောဟု (မေးတော်မူ၏)။

အသျှင်ဘုရား မှန်ပါ၏၊

ဥပါလိ ငါ၏ တပည့်တို့သည် မိမိ၌ ဤတရားကိုလည်းကောင်းစွာ မြင်ကြသဖြင့် တောစွန် တောင်ဖျားကျသော တောကျောင်းတို့ကို မှီဝဲကုန်၏၊ ထိုမျှဖြင့် မိမိ မျှော်မှန်းချက် အကျိုး (အရဟတ္တဖိုလ်) သို့ အစဉ် ရောက်၍ နေကြသည် မဟုတ်ကုန်သေး။

ဥပါလိ နောက်တစ်မျိုးကား ရဟန်းသည် ချမ်းသာမှုကိုလည်း ပယ်ခြင်းကြောင့်။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ပ။

ဥပါလိ နောက်တစ်မျိုးကား ရဟန်းသည် အချင်းခပ်သိမ်း ရုပ်သညာတို့ကို လွန်မြောက်ခြင်းကြောင့် ထိခိုက်မှုသညာတို့၏ ချုပ်ပျောက်ခြင်းကြောင့် သညာအထူးထူးကို နှလုံးမသွင်းခြင်းကြောင့် “ကောင်းကင် သည် အဆုံးမရှိ”ဟု (စီးဖြန်းပွားများလျက်) အာကာသာနဉ္စာယတနဈာန်သို့ ရောက်၍နေ၏။ ဥပါလိ ထိုအရာကို မည်သို့ မှတ်ထင်သနည်း၊ ဤနေခြင်းသည် ရှေးနေခြင်းတို့ထက် သာလွန်နှစ်သက်ဖွယ်ရှိသည် သာလွန်မွန်မြတ်သည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မှန်ပါ၏။ ဥပါလိ ငါ၏ တပည့်တို့သည် မိမိ၌ ဤတရားကိုလည်းကောင်းစွာ မြင်ကြသဖြင့် တောစွန် တောင်ဖျားကျသော တောကျောင်းတို့ကို မှီဝဲကုန်၏၊ ထိုမျှဖြင့် မိမိ မျှော်မှန်းချက် အကျိုး (အရဟတ္တ ဖိုလ်) သို့ အစဉ်ရောက်၍ နေကြသည် မဟုတ်ကုန်သေး။

ဥပါလိ နောက်တစ်မျိုးကား ရဟန်းသည် အချင်းခပ်သိမ်း အာကာသာနဉ္စာယတနဈာန်ကို လွန် မြောက်၍ “ဝိညာဏ်သည် အဆုံးမရှိ”ဟု (စီးဖြန်းပွားများလျက်) ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍ နေ၏။ပ။

အချင်းခပ်သိမ်း ဝိညာဏဉ္စာယတနဈာန်ကို လွန်မြောက်၍ “တစ်စုံတစ်ခုမျှမရှိ”ဟု (စီးဖြန်း ပွားများလျက်) အာကိဉ္စညာယတနဈာန်သို့ ရောက်၍ နေ၏။ပ။

အချင်းခပ်သိမ်း အာကိဉ္စညာယတနဈာန်ကို လွန်မြောက်၍ “ဤဈာန်သည် ငြိမ်သက်၏၊ ဤဈာန် သည့်မွန်မြတ်၏”ဟု (စီးဖြန်းပွားများလျက်) နေဝသညာနာသညာယတနဈာန်သို့ ရောက်၍ နေ၏။ ဥပါလိ ထိုအရာကို မည်သို့ မှတ်ထင်သနည်း၊ ဤနေခြင်းသည် ရှေးနေခြင်းတို့ထက် သာလွန် နှစ်သက် ဖွယ်ရှိသည် သာလွန် မွန်မြတ်သည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မှန်ပါ၏။ ဥပါလိ ငါ၏ တပည့်တို့သည် မိမိ၌ ဤတရားကိုလည်းကောင်းစွာ မြင်ကြသဖြင့် တောစွန် တောင်ဖျားကျသော တောကျောင်းတို့ကို မှီဝဲကုန်၏၊ ထိုမျှဖြင့်လည်း မိမိ မျှော်မှန်းချက် အကျိုး (အရဟတ္တဖိုလ်) သို့ အစဉ် ရောက်၍ နေကြသည် မဟုတ်ကုန်သေး။

ဥပါလိ နောက်တစ်မျိုးကား ရဟန်းသည် အချင်းခပ်သိမ်း နေဝသညာနာသညာယတနဈာန်ကို လွန်မြောက်၍ သညာ ဝေဒနာတို့၏ ချုပ်ရာ (နိရောဓသမာပတ်) သို့ ရောက်၍ နေ၏။ ထိုသူအား ပညာဖြင့် လည်း မြင်၍ အာသဝေါတရားတို့ ကုန်ခန်းကုန်၏။ ဥပါလိ ထိုအရာကို မည်သို့ မှတ်ထင်သနည်း၊ ဤနေခြင်းသည် ရှေးနေခြင်းတို့ထက် သာလွန်နှစ်သက်ဖွယ်ရှိသည် သာလွန်မွန်မြတ်သည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မှန်ပါ၏။ ဥပါလိ ငါ၏ တပည့်တို့သည် မိမိ၌ ဤတရားကိုလည်းကောင်းစွာ မြင်ကြသဖြင့် တောစွန် တောင်ဖျားကျသော တောကျောင်းတို့ကို မှီဝဲကုန်၏၊ မိမိ မျှော်မှန်းချက် အကျိုး (အရဟတ္တဖိုလ်) သို့ အစဉ်ရောက်၍လည်း နေကုန်၏။ ဥပါလိ တိုက်တွန်းပါ၏၊ သင်သည် သံဃာ၌ နေလော့၊ သံဃာ၌ နေသော သင့်အား ချမ်းသာမှုဖြစ်လိမ့်မည်ဟု (မိန့်တော်မူ၏)။

နဝမသုတ်။