အင်္ဂုတ္တရနိကာယ်

၂-အနုဿတိဝဂ်

၁-ပဌမ မဟာနာမသုတ်

၁၁။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပ္ပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ “သင်္ကန်းချုပ်ဆိုးမှု ပြီးဆုံး၍ သုံးလလွန်မြောက်လျှင် မြတ်စွာဘုရား သည် ဒေသစာရီကြွချီတော်မူလိမ့်မည်”ဟု ရဟန်းများစွာတို့သည် မြတ်စွာဘုရား၏ သင်္ကန်းချုပ်ဆိုးခြင်း ကိစ္စကို ပြုကုန်၏။ “သင်္ကန်းချုပ်ဆိုးမှု ပြီးဆုံး၍ သုံးလလွန်မြောက်လျှင် မြတ်စွာဘုရားသည် ဒေသစာရီ ကြွချီတော်မူလိမ့်မည်ဟု ရဟန်းများစွာတို့သည် မြတ်စွာဘုရား၏ သင်္ကန်းချုပ်ဆိုးခြင်းကိစ္စကို ပြုကုန်၏”ဟု သာကီဝင်မဟာနာမ်မင်းသည် ကြားသိသည်သာတည်း။

ထိုအခါ သာကီဝင်မဟာနာမ်မင်းသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား—“အသျှင်ဘုရား သင်္ကန်းချုပ်ဆိုးမှု ပြီးဆုံး၍ သုံးလလွန်မြောက်လျှင် မြတ်စွာဘုရားသည် ဒေသစာရီ ကြွချီတော်မူလိမ့်မည်ဟု ရဟန်း များစွာတို့သည် မြတ်စွာဘုရား၏ သင်္ကန်းချုပ်ဆိုးခြင်းကိစ္စကို ပြုကြကုန်၏ဟု ဤစကားကို အကျွန်ုပ် ကြားရပါ၏။ အသျှင်ဘုရား အထူးထူးသော နေခြင်းတို့ဖြင့် နေကြရသော ထိုအကျွန်ုပ်တို့သည် အဘယ် နေခြင်းဖြင့် နေကြရပါမည်နည်း”ဟု လျှောက်၏။ မဟာနာမ် ကောင်းပေစွ ကောင်းပေစွ၊ သင်တို့သည် ငါဘုရားသို့ ချဉ်းကပ်၍ “အထူးထူးသော နေခြင်းတို့ဖြင့် နေကြရသော ထိုအကျွန်ုပ်တို့သည် အဘယ်နေခြင်းဖြင့် နေကြရပါမည်နည်း”ဟု မေး လျှောက်သော စကားသည် အမျိုးကောင်းသားဖြစ်ကြသော သင်တို့အား လျှောက်ပတ်သည်သာတည်း။ မဟာနာမ် ယုံကြည်မှုရှိသူသည် (မဂ်ဖိုလ်ကို) ပြီးစေနိုင်၏၊ ယုံကြည်မှုမရှိသူသည် မပြီးစေနိုင်။ ထက်သန်သောလုံ့လရှိသူသည် (မဂ်ဖိုလ်ကို) ပြီးစေနိုင်၏၊ ပျင်းရိသူသည် မပြီးစေနိုင်။ ထင်သော သတိရှိသူသည် (မဂ်ဖိုလ်ကို) ပြီးစေနိုင်၏၊ သတိမေ့လျော့ သူသည် မပြီးစေနိုင်။ တည်ကြည်သူသည် (မဂ်ဖိုလ်) ကို ပြီးစေနိုင်၏။ မတည်ကြည်သူသည် မပြီးစေနိုင်။ ပညာရှိသူသည် (မဂ်ဖိုလ်ကို) ပြီးစေနိုင်၏၊ ပညာမရှိသူသည် မပြီးစေနိုင်။ မဟာနာမ် ဤတရားငါးမျိုးတို့၌ တည်၍ ထို့ထက်အလွန် တရား ခြောက်မျိုးတို့ကို ပွါးများလေလော့။

မဟာနာမ် သင်သည် မြတ်စွာဘုရားကို “ထိုမြတ်စွာဘုရားသည် ဤသို့ ပူဇော်အထူးကို ခံတော်မူ ထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့်’စရဏ’ နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏။ ကောင်းသော စကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း သုဂတ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း လောကဝိဒူ မည်တော်မူ၏။ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း အနုတ္တရော ပုရိသဒမ္မသာရထိ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္ထာ ဒေဝမနုဿာနံ မည်တော်မူ၏၊ သစ္စာလေးပါးကို သိတော်မူသော အကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်း ကြောင့်လည်း ဘဂဝါ မည်တော်မူ၏”ဟု အဖန်ဖန် အောက်မေ့လော ့။

မဟာနာမ် အရိယာတပည့်အား မြတ်စွာဘုရားကို အောက်မေ့သော အခါ၌ ရာဂလွှမ်းမိုးသော စိတ်သည် မဖြစ်၊ ဒေါသလွှမ်းမိုးသော စိတ်သည် မဖြစ်၊ မောဟလွှမ်းမိုးသော စိတ်သည် မဖြစ်၊ ထိုအခါ ထိုသူအား မြတ်စွာဘုရားကို အာရုံပြု၍ ဖြောင့်မတ်သော စိတ်သာ ဖြစ်၏။ မဟာနာမ် ဖြောင့်မတ်သော စိတ်ရှိသော အရိယာတပည့်သည် အနက်ကို သိနားလည်မှု ရ၏ ပါဠိကို သိနားလည်မှု ရ၏၊ တရားနှင့် စပ်သော ဝမ်းမြောက်မှုကို ရ၏၊ ဝမ်းမြောက်သူအား နှစ်သက်မှုဖြစ်၏၊ နှစ်သက်သော စိတ်ရှိသူအား ကိုယ်သည့်ငြိမ်းအေး၏၊ ကိုယ်ငြိမ်းအေးသူသည် ချမ်းသာကို ခံစားရ၏၊ ချမ်းသာသူအား စိတ်သည် တည်ကြည်၏။ မဟာနာမ် ဤအရိယာတပည့်ကို (ရာဂ,ဒေါသ,မောဟတိုဖြင့်) မငြိမ်မသက်ဖြစ်နေသော သတ္တဝါအပေါင်း၌ ငြိမ်သက်ခြင်းသို့ ရောက်၍ နေ၏ဟု ဆိုအပ်၏၊ ကြောင့်ကြမှုရှိသော သတ္တဝါအပေါင်း၌ ကြောင့်ကြမရှိဘဲ နေ၏ဟု ဆိုအပ်၏၊ တရားအလျဉ်သို့ ရောက်၍ မြတ်စွာဘုရား၏ ဂုဏ်တော်အောက်မေ့မှု ‘ဗုဒ္ဓါနုဿတိဘာဝနာ’ကို ပွါးများ၏ဟု ဆိုအပ်၏။ မဟာနာမ် နောက်တစ်မျိုးကား သင်သည် “တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောထားသော တရားတော်ပါပေတည်း၊ ကိုယ်တိုင်သိမြင်အပ်သော တရားတော်ပါပေတည်း၊ အခါမလင့် အကျိုးပေးသော တရားတော်ပါပေတည်း၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်သော တရားတော်ပါ ပေတည်း၊ မိမိကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူထားထိုက်သော တရားတော်ပါပေတည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င ှ သိနိုင်သော တရားတော်ပါပေတည်း”ဟု တရားတော်ကို အဖန်ဖန် အောက်မေ့လေ လော့။

မဟာနာမ် အရိယာတပည့်အား တရားတော်ကို အောက်မေ့သောအခါ၌ ရာဂလွှမ်းမိုးသောစိတ်သည် မဖြစ်၊ ဒေါသလွှမ်းမိုးသောစိတ်သည် မဖြစ်၊ မောဟလွှမ်းမိုးသောစိတ်သည် မဖြစ်၊ ထိုအခါ ထိုသူအား တရားတော်ကို အာရုံပြု၍ ဖြောင့်မတ်သော စိတ်သာ ဖြစ်၏။ မဟာနာမ် ဖြောင့်မတ်သော စိတ်ရှိသော အရိယာတပည့်သည် အနက်ကို သိနားလည်မှု ရ၏၊ ပါဠိကို သိနားလည်မှု ရ၏၊ တရားနှင့် စပ်သော ဝမ်းမြောက်မှုကို ရ၏၊ ဝမ်းမြောက်သူအား နှစ်သက်မှုဖြစ်၏၊ နှစ်သက်သော စိတ်ရှိသူအား ကိုယ်သည် ငြိမ်းအေး၏၊ ကိုယ်ငြိမ်းအေးသူသည် ချမ်းသာကို ခံစားရ၏။ ချမ်းသာသူအား စိတ်သည် တည်ကြည်၏၊ မဟာနာမ် ဤအရိယာတပည့်ကို မငြိမ်မသက်ဖြစ်နေသော သတ္တဝါအပေါင်း၌ ငြိမ်သက်ခြင်းသို့ ရောက်၍ နေ၏ဟု ဆိုအပ်၏၊ ကြောင့်ကြမှုရှိသော သတ္တဝါအပေါင်း၌ ကြောင့်ကြမရှိဘဲ နေ၏ဟု ဆိုအပ်၏၊ တရား အလျဉ်သို့ ရောက်၍ တရား၏ဂုဏ်တော် အောက်မေ့မှု ‘ဓမ္မာနုဿတိဘာဝနာ’ကို ပွါးများ၏ဟု ဆိုအပ်၏။

မဟာနာမ် နောက်တစ်မျိုးကား သင်သည်”မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် ကောင်းသော အကျင့်ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ဖြောင့်မတ်သောအကျင့် ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် မှန်သောအကျင့်ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် လျော်ကန်သော အကျင့်ရှိတော်မူပါပေ၏၊ အစုံအားဖြင့် လေးစုံ, ပုဂ္ဂိုလ်အားဖြင့် ရှစ်ပါးအရေအတွက်ရှိသော ဤမြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်တော်မူပါပေ၏၊ ဧည့်သည်တို့အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်း ခံတော်မူထိုက်ပါပေ၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံတော်မူထိုက်ပါပေ၏၊ လက်အုပ်ချီခြင်းငှါ ထိုက်ပါပေ၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေ ဖြစ်တော်မူပါပေ၏”ဟု သံဃာ့ဂုဏ်တော်ကို အဖန်ဖန် အောက်မေ့လေလော့။

မဟာနာမ် အရိယာတပည့်အား သံဃာ့ဂုဏ်တော်ကို အောက်မေ့သော အခါ၌ ရာဂလွှမ်းမိုးသော စိတ်သည် မဖြစ်၊ ဒေါသလွှမ်းမိုးသော စိတ်သည် မဖြစ်၊ မောဟလွှမ်းမိုးသော စိတ်သည် မဖြစ်၊ ထိုအခါ ထိုသူအား သံဃာ့ဂုဏ်တော်ကို အာရုံပြု၍ ဖြောင့်မတ်သော စိတ်သာ ဖြစ်၏။ မဟာနာမ် ဖြောင့်မတ်သော စိတ်ရှိသော အရိယာတပည့်သည် အနက်ကို သိနားလည်မှု ရ၏၊ ပါဠိကို သိနားလည်မှု ရ၏၊ တရားနှင့် စပ်သော ဝမ်းမြောက်မှုကို ရ၏၊ ဝမ်းမြောက်သူအား နှစ်သက်မှု ဖြစ်၏၊ နှစ်သက်သော စိတ်ရှိသူအား ကိုယ်သည် ငြိမ်းအေး၏၊ ကိုယ်ငြိမ်းအေးသူသည် ချမ်းသာကို ခံစားရ၏၊ ချမ်းသာသူအား စိတ်သည် တည်ကြည်၏။ မဟာနာမ် ဤအရိယာတပည့်ကို မငြိမ်မသက်ဖြစ်နေသော သတ္တဝါအပေါင်း၌ ငြိမ်သက်ခြင်းသို့ ရောက်၍ နေ၏ဟု ဆိုအပ်၏၊ ကြောင့်ကြမှုရှိသော သတ္တဝါအပေါင်း၌ ကြောင့်ကြမရှိဘဲ နေ၏ဟု ဆိုအပ်၏၊ တရားအလျဉ်သို့ ရောက်၍ သံဃာ၏ ဂုဏ်တော်အောက်မေ့မှု ‘သံဃာနုဿတိ ဘာဝနာ’ကို့ပွါးများ၏ဟု ဆိုအပ်၏။ မဟာနာမ် နောက်တစ်မျိုးကား သင်သည် မကျိုး မပေါက် မပြောက် မကျားကုန်သော၊ တဏှာကျွန် (အဖြစ်မှ) လွတ်မြောက်ကုန်သော၊ ပညာရှိတို့ ချီးမွမ်းအပ်ကုန်သော၊ အမှား မသုံးသပ်အပ်ကုန်သော၊ တည်ကြည်မှု ‘သမာဓိ’ကိုဖြစ်စေတတ်ကုန်သော မိမိ၏ သီလတို့ကို အဖန်ဖန် အောက်မေ့လေလော့။ မဟာနာမ် အရိယာတပည့်အား သီလကို အောက်မေ့သောအခါ၌ ရာဂလွှမ်းမိုးသော စိတ်သည် မဖြစ်၊ ဒေါသလွှမ်းမိုးသော စိတ်သည် မဖြစ်၊ မောဟလွှမ်းမိုးသော စိတ်သည် မဖြစ်၊ ထိုအခါ၌ ထိုသူအား သီလကို အာရုံပြု၍ ဖြောင့်မတ်သော စိတ်သာ ဖြစ်၏။ မဟာနာမ် ဖြောင့်မတ်သော စိတ်ရှိသော အရိယာတပည့်သည် အနက်ကို သိနားလည်မှု ရ၏၊ ပါဠိကို သိနားလည်မှု ရ၏၊ တရားနှင့် စပ်သော ဝမ်းမြောက်မှုကို ရ၏၊ ဝမ်းမြောက်သူအား နှစ်သက်မှု ဖြစ်၏၊ နှစ်သက်သော စိတ်ရှိသူအား ကိုယ်သည် ငြိမ်းအေး၏။ ကိုယ်ငြိမ်းအေးသူသည် ချမ်းသာကို ခံစားရ၏။ ချမ်းသာသူအား စိတ်သည် တည်ကြည်၏။ မဟာနာမ် ဤအရိယာတပည့်ကို မငြိမ်မသက်ဖြစ်နေသော သတ္တဝါအပေါင်း၌ ငြိမ်သက်ခြင်း သို့ ရောက်၍ နေ၏၊ ကြောင့်ကြမှုရှိသော သတ္တဝါအပေါင်း၌ ကြောင့်ကြမရှိဘဲ နေ၏၊ တရားအလျဉ်သို့ ရောက်၍ သီလအောက်မေ့မှု ‘သီလာနုဿတိဘာဝနာ’ကို ပွါးများ၏ဟု ဆိုအပ်၏။ မဟာနာမ် နောက်တစ်မျိုးကား “ငါ့အား အရတော်လေစွ၊ ငါသည် ကောင်းစွာ ရအပ်ပေ၏၊ အကြင် ငါသည် ဝန်တိုမှုအညစ်အကြေးလွှမ်းမိုးသော သတ္တဝါအပေါင်း၌ ဝန်တိုမှုအညစ်အကြေးကင်းသော စိတ်ဖြင့် အိမ်ကို စိုးအုပ်နေ၏၊ လွတ်လွတ် စွန့်ကြဲ၏၊ ဆေးပြီးသောလက် ရှိ၏။ စွန့်ကြဲခြင်း၌ မွေ့လျော်၏၊ တောင်းခံထိုက်၏၊ လှူဒါန်းခြင်း ဝေဖန်ခြင်း၌ မွေ့လျော်၏”ဟု သင်သည် မိမိ၏ စွန့်ကြဲမှု ‘စာဂ’ ကို အောက်မေ့လေလော့။

မဟာနာမ် အရိယာတပည့်အား စွန့်ကြဲမှုကို အောက်မေ့သောအခါ၌ ရာဂလွှမ်းမိုးသော စိတ်သည် မဖြစ်၊ ဒေါသ လွှမ်းမိုးသော စိတ်သည် မဖြစ်၊ မောဟလွှမ်းမိုးသော စိတ်သည် မဖြစ်၊ ထိုအခါ၌ ထိုသူအား စွန့်ကြဲမှုကို အာရုံပြု၍ ဖြောင့်မတ်သော စိတ်သာ ဖြစ်၏။ မဟာနာမ် ဖြောင့်မတ်သော စိတ်ရှိသော အရိယာတပည့်သည် အနက်ကို သိနားလည်မှု ရ၏၊ ပါဠိကို သိနားလည်မှု ရ၏၊ တရားနှင့် စပ်သော ဝမ်းမြောက်မှုကို ရ၏၊ ဝမ်းမြောက်သူအား နှစ်သက်မှုဖြစ်၏၊ နှစ်သက်သော စိတ်ရှိသူအား ကိုယ်သည် ငြိမ်းအေး၏၊ ကိုယ်ငြိမ်းအေးသူသည် ချမ်းသာကို ခံစားရ၏၊ ချမ်းသာသူအား စိတ်သည် တည်ကြည်၏။ မဟာနာမ် ဤအရိယာတပည့်ကို မငြိမ်မသက်ဖြစ်နေသော သတ္တဝါအပေါင်း၌ ငြိမ်သက်ခြင်းသို့ ရောက်၍ နေ၏၊ ကြောင့်ကြမှုရှိသော သတ္တဝါအပေါင်း၌ ကြောင့်ကြမရှိဘဲ နေ၏၊ တရားအလျဉ်သို့ ရောက်၍ စွန့်ကြဲမှုကိုအောက်မေ့မှု ‘စာဂါနုဿတိဘာဝနာ’ကို ပွါးများ၏ဟု ဆိုအပ်၏။ မဟာနာမ် နောက်တစ်မျိုးကား”စာတုမဟာရာဇ်နတ် တာဝတိံသာနတ် ယာမာနတ် တုသိတာနတ် နိမ္မာနရတိနတ် ပရနိမ္မိတဝသဝတ္တီနတ် ဗြဟ္မာ အထက်ထက်ဗြဟ္မာတို့သည် ထင်ရှားရှိကုန်၏၊ ယုံကြည်မှု ‘သဒ္ဓါ’နှင့် ပြည့်စုံကုန်သော နတ်ဗြဟ္မာတို့သည် ဤလူ့ဘုံမှ စုတေကြ၍ ထိုနတ်တို့ဘုံ၌ ဖြစ်ကြကုန်၏၊ ငါ့အားလည်း ထိုယုံကြည်မှု ‘သဒ္ဓါ’မျိုးသည် ရှိ၏၊ သီလနှင့် ပြည့်စုံကြသော ထိုနတ်တို့သည် ဤလူ့ဘုံမှ စုတေ၍ ထိုနတ်တို့ဘုံ၌ ဖြစ်ကြကုန်၏၊ ငါ့အားလည်း ထိုသီလမျိုးသည် ရှိ၏၊ အကြားအမြင်နှင့် ပြည့်စုံသော ထိုနတ်တို့သည် ဤလူ့ဘုံမှ စုတေ၍ ထိုနတ်တို့ဘုံ၌ ဖြစ်ကြကုန်၏၊ ငါ့အားလည်း ထိုအကြား အမြင်မျိုးသည် ရှိ၏၊ စွန့်ကြဲမှုနှင့် ပြည့်စုံသော ထိုနတ်တို့သည် ဤလူ့ဘုံမှ စုတေ၍ နတ်တို့ဘုံ၌ ဖြစ်ကြကုန်၏၊ ငါ့အားလည်း ထိုစွန့်ကြဲမှုမျိုးသည် ရှိ၏၊ ပညာနှင့် ပြည့်စုံသော ထိုနတ်တို့သည် ဤလူ့ဘုံမှ စုတေ၍ ထိုနတ်တို့ဘုံ၌ ဖြစ်ကြကုန်၏၊ ငါ့အားလည်း ထိုပညာမျိုးသည် ရှိ၏”ဟု သင်သည် နတ်တို့ကို (သက်သေထား၍ မိမိ၏ သဒ္ဓါစသော ဂုဏ်ကို) အဖန်ဖန် အောက်မေ့လေလော့။

မဟာနာမ် မိမိ၏လည်းကောင်း၊ ထိုနတ်တို့၏လည်းကောင်း သဒ္ဓါ သီလ သုတ စာဂ ပညာကို အဖန်ဖန် အောက်မေ့သောအခါ၌ အရိယာတပည့်အား ရာဂလွှမ်းမိုးသော စိတ်သည် မဖြစ်၊ ဒေါသ လွှမ်းမိုးသော စိတ်သည် မဖြစ်၊ မောဟလွှမ်းမိုးသောစိတ်သည် မဖြစ်၊ ထိုအခါ၌ ထိုသူအား နတ်တို့ကို (သက်သေထား၍ မိမိ၏ သဒ္ဓါစသော ဂုဏ်ကို) အာရုံပြု၍ ဖြောင့်မတ်သော စိတ်သာ ဖြစ်၏။ မဟာနာမ် ဖြောင့်မတ်သော စိတ်ရှိသော အရိယာတပည့်သည် အနက်ကို သိနားလည်မှု ရ၏။ ပါဠိကို သိနားလည်မှု ရ၏၊ တရားနှင့်စပ်သော ဝမ်းမြောက်မှုကို ရ၏၊ ဝမ်းမြောက်သူအား နှစ်သက်မှု ဖြစ်၏၊ နှစ်သက်စိတ် ရှိသူအား ကိုယ်သည် ငြိမ်းအေး၏၊ ကိုယ်ငြိမ်းအေးသူသည် ချမ်းသာကို ခံစားရ၏၊ ချမ်းသာသူအား စိတ်သည် တည်ကြည်၏။ မဟာနာမ် ဤအရိယာတပည့်ကို မငြိမ်မသက်ဖြစ်နေသော သတ္တဝါအပေါင်း၌ ငြိမ်သက်ခြင်းသို့ ရောက်၍ နေ၏။ ကြောင့်ကြမှုရှိသော သတ္တဝါအပေါင်း၌ ကြောင့်ကြမရှိဘဲ နေ၏၊ တရား အလျဉ်သို့ ရောက်၍ နတ်တို့ကို (သက်သေထားလျက် မိမိ၏ သဒ္ဓါစသော ဂုဏ်ကို) အဖန်ဖန် အောက်မေ့ခြင်း ‘ဒေဝတာနုဿတိဘာဝနာ’ကို ပွါးများ၏ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။