အင်္ဂုတ္တရနိကာယ်

၂-အနုဿတိဝဂ်

၆-အဋ္ဌကနာဂရသုတ်

၁၆။ အခါတစ်ပါး၌ အသျှင်အာနန္ဒာသည် ဝေသာလီပြည် ဗေဠုဝရွာငယ်၌ (သီတင်းသုံး) နေတော်မူ၏။

ထိုအခါ အဋ္ဌကမြို့သား ဒသမသူကြွယ်သည် ပါဋလိပုတ်မြို့သို့ တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စဖြင့် ရောက်လာ၏။ ထိုအခါ အဋ္ဌကမြို့သား ဒသမသူကြွယ်သည် ကုက္ကုဋာရုံကျောင်း၌ ရဟန်းတစ်ပါးထံသို့ ချဉ်းကပ်ပြီးလျှင် ထိုရဟန်းအား “အသျှင်ဘုရား အသျှင်အာနန္ဒာသည် ယခုအခါ အဘယ်အရပ်၌ သီတင်းသုံး နေတော်မူပါသနည်း၊ တပည့်တော်တို့သည် ထိုအသျှင်အာနန္ဒာကို ဖူးမြော်လိုပါကုန်၏”ဟု လျှောက်၏။ သူကြွယ် ဤအသျှင်အာနန္ဒာသည် ဝေသာလီပြည် ဗေဠုဝရွာငယ်၌ သီတင်းသုံးနေတော်မူပေ၏ဟု (ဆို၏)။

ထိုအခါ အဋ္ဌကမြို့သား ဒသမသူကြွယ်သည် ပါဋလိပုတ်မြို့၌ ထိုပြုဖွယ်ကိစ္စကို ပြီးဆုံးစေပြီးနောက် ဝေသာလီပြည် ဗေဠုဝရွာငယ် အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်၍ အသျှင်အာနန္ဒာကို ရိုသေစွာ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေလျက် အသျှင်အာနန္ဒာအား—“အသျှင်ဘုရား အာနန္ဒာ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် ဟောကြားတော်မူသော (ဤသို့သဘောရှိသော) တရားတစ်ခုသည် ရှိပါသလော။ ယင်း တရား၌ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့)စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသော ရဟန်းအား မလွတ်မြောက်သေးသော စိတ်သည်လည်း လွတ်မြောက်ရ၏၊ မကုန်ခန်းသေးသော အာသဝေါ တရားတို့သည်မူလည်း ကုန်ခန်းခြင်းသို့ ရောက်ကုန်၏၊ မရောက်ရသေးသော အတုမဲ့ ယောဂကုန်ရာ သို့လည်း ရောက်နိုင်၏၊ (ဤသို့ သဘောရှိသော) တရားတစ်ခုသည် ရှိပါသလော”ဟု လျှောက်၏။ သူကြွယ် သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် ဟောကြားတော်မူသော တရားတစ်ခုသည် ရှိပေ၏၊ ယင်းတရား၌ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့)စေလွှတ်သော စိတ်ရှိသည်ဖြစ်၍ နေသော ရဟန်းအား မလွတ်မြောက်သေးသော စိတ်သည်လည်း လွတ်မြောက်ရ၏၊ မကုန်ခန်းသေးသော အာသဝေါ တရားတို့သည်မူလည်း ကုန်ခန်းခြင်းသို့ ရောက်ကုန်၏၊ မရောက်ရသေးသော အတုမဲ့ ယောဂကုန်ရာ သို့လည်း ရောက်နိုင်၏။ (ဤသို့သဘောရှိသော) တရားတစ်ခုသည် ရှိပေ၏ဟု (မိန့်ဆို၏)။

အသျှင်ဘုရားအာနန္ဒာ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် ဟောကြားထားတော်မူသော တရား တစ်ခုသည် ရှိ၏၊ ယင်းတရား၌ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့)စေလွှတ်သော စိတ်ရှိသည်ဖြစ်၍ နေသော ရဟန်းအား မလွတ်မြောက်သေးသော စိတ်သည်လည်း လွတ်မြောက်ရ၏၊ မကုန်ခန်းသေးသော အာသဝေါတရားတို့သည်မူလည်း ကုန်ခန်းခြင်းသို့ ရောက်ကုန်၏၊ မရောက် ရသေးသော အတုမဲ့ ယောဂကုန်ရာသို့လည်း ရောက်နိုင်၏။ (ဤသို့သဘောရှိသော) တရားတစ်ခုဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။

သူကြွယ် ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ့ကင်းဆိတ်၍သာလျှင် ကြံစည်မှု ‘ဝိတက်’ နှင့်တကွသော၊ သုံးသပ်မှု ‘ဝိစာရ’ နှင့်တကွသော၊ (နီဝရဏ) ကင်းဆိတ်မှုကြောင့်ဖြစ်သော၊ နှစ်သိမ့်မှု ‘ပီတိ’ ချမ်းသာမှု ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏၊ ထိုရဟန်းသည် ဤသို့ ဆင်ခြင်၏။ “ဤပဌမဈာန်သည်လည်း အပြုပြင်ခံတရား ဖြစ်၏၊စေ့ဆော် အားထုတ်မှုကြောင့် ဖြစ်ပေါ်၏၊ အပြုပြင်ခံတရားစေ့ဆော်အားထုတ်မှုကြောင့် ဖြစ်သော တရားအားလုံး သည်လည်း အမြဲမရှိ၊ ချုပ်ပျောက်ခြင်း သဘောရှိ၏”ဟု သိ၏။ ထိုရဟန်းသည် ထိုတရား၌ တည်လျက် အာသဝေါတရားကုန်ခြင်းသို့ ရောက်၏၊ အကယ်၍ အာသဝေါတရားကုန်ခြင်းသို့ မရောက်သေးသည် ဖြစ်ခဲ့မူ ထိုတရား၌ တပ်မက်ခြင်းဖြင့် ထိုတရား၌ နှစ်သက်ခြင်းဖြင့် အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် (ဗြဟ္မာ့ဘုံ၌) ဥပပါတ် (ပဋိသန္ဓေ) နေသူ ဖြစ်၏၊ ထို (ဗြဟ္မာ့ဘုံ) ၌သာ ပရိနိဗ္ဗာန်စံရ၏၊ ထို (ဗြဟ္မာ့ဘုံ) မှ ပြန်လည်တတ်သော သဘော မရှိ။ သူကြွယ် ဤတရားသည်လည်း သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ဟောကြားထားတော်မူသော တရားတစ်ခု ဖြစ်ပေ၏။ ယင်းတရား၌ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့)စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသော ရဟန်းအား မလွတ် မြောက်သေးသော စိတ်သည်လည်း လွတ်မြောက်ရ၏၊ မကုန်ခန်းသေးသော အာသဝေါတရားတို့သည်မူ လည်း ကုန်ခန်းခြင်းသို့ ရောက်ကုန်၏၊ မရောက်ရသေးသော အတုမဲ့ ယောဂကုန်ရာသို့လည်း ရောက် နိုင်၏။ သူကြွယ် နောက်တစ်မျိုးကား ရဟန်းသည် ဝိတက်ဝိစာရတို့၏ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော၊ စိတ်တည်ကြည်မှု ‘သမာဓိ’ ကို ဖြစ်ပွါးစေတတ်သော၊ ကြံစည်မှု ‘ဝိတက်’ မရှိသော၊ သုံးသပ်မှု ‘ဝိစာရ’ မရှိသော၊ တည်ကြည်မှု ‘သမာဓိ’ ကြောင့်ဖြစ်သော၊ နှစ်သိမ့်မှု ‘ပီတိ’ ချမ်းသာမှု ‘သုခ’ ရှိသော ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏၊ ထိုရဟန်းသည် ဤသို့ ဆင်ခြင်၏ “ဤဈာန်သည်လည်း အပြုပြင်ခံ တရားဖြစ်၏၊စေ့ဆော် အားထုတ်မှု ကြောင့် ဖြစ်ပေါ်၏၊ အပြုပြင်ခံတရားစေ့ဆော်အားထုတ်မှုကြောင့်ဖြစ်သော တရားအားလုံးသည်လည်း အမြဲမရှိ၊ ချုပ်ပျောက်ခြင်းသဘောရှိ၏”ဟု သိ၏။ ထိုရဟန်းသည် ထိုတရား၌ တည်လျက် အာသဝေါ တရားကုန်ခြင်းသို့ ရောက်၏၊ အကယ်၍ အာသဝေါတရားကုန်ခြင်းသို့ မရောက်သေးသည် ဖြစ်ခဲ့မူ ထိုတရား၌ တပ်မက်ခြင်းဖြင့် ထိုတရား၌ နှစ်သက်ခြင်းဖြင့် အောက်ပိုင်း သံယောဇဉ်ငါးပါးတို့ ကုန်ခြင်း ကြောင့် (ဗြဟ္မာ့ဘုံ၌) ဥပပါတ် (ပဋိသန္ဓေ) နေသူ ဖြစ်၏၊ ထို (ဗြဟ္မာ့ဘုံ) ၌သာ ပရိနိဗ္ဗာန်စံရ၏၊ ထို (ဗြဟ္မာ့ဘုံ) မှ ပြန်လည်တတ်သော သဘောမရှိ။ သူကြွယ် ဤတရားသည်လည်း သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ဟောထားတော်မူသော တရားတစ်ခု ဖြစ်ပေ၏။ ယင်းတရား၌ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့)စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသော ရဟန်းအား မလွတ်မြောက်သေးသော စိတ်သည်လည်း လွတ်မြောက်ရ၏၊ မကုန်ခန်းသေးသော အာသဝေါတရားတို့သည်မူလည်း ကုန်ခန်းခြင်းသို့ ရောက်ကုန်၏၊ မရောက်ရသေးသော အတုမဲ့ ယောဂကုန်ရာသို့လည်း ရောက်နိုင်၏။ သူကြွယ် နောက်တစ်မျိုးကား ရဟန်းသည် မေတ္တာနှင့် တကွဖြစ်သော စိတ်ဖြင့် တစ်ခုသော အရပ် မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ဤနည်းဖြင့် အထက် အောက် ဖီလာ အလုံးစုံသော အရပ်မျက်နှာတို့၌ သတ္တဝါအားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်မှုမရှိသော မေတ္တာနှင့် တကွ ဖြစ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏၊ ထိုရဟန်းသည် ဤသို့ ဆင်ခြင်၏။ (ဆန့်ကျင်ဘက်မှ) လွတ့်မြောက်သော ဤ “မေတ္တာစိတ်သည်လည်း အပြုပြင်ခံ တရားဖြစ်၏၊စေ့ဆော်အားထုတ်မှုကြောင့် ဖြစ်ပေါ်၏၊ အပြုပြင်ခံတရားစေ့ဆော်အားထုတ်မှုကြောင့် ဖြစ်သော တရားအားလုံးသည်လည်း အမြဲမရှိ၊ ချုပ်ပျောက်ခြင်းသဘောရှိ၏”ဟု သိ၏။ ထိုရဟန်းသည် ထိုတရား၌ တည်လျက် အာသဝေါတရား ကုန်ခြင်းသို့ ရောက်၏၊ အကယ်၍ အာသဝေါတရားကုန်ခြင်းသို့ မရောက်သေးသည် ဖြစ်ခဲ့မူ ထိုတရား၌ တပ်မက်ခြင်းဖြင့် ထိုတရား၌ နှစ်သက်ခြင်းဖြင့် အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် (ဗြဟ္မာ့ဘုံ၌) ဥပပါတ် (ပဋိသန္ဓေ) နေသူ ဖြစ်၏၊ ထို (ဗြဟ္မာ့ဘုံ) ၌သာ ပရိနိဗ္ဗာန်စံရ၏၊ ထို (ဗြဟ္မာ့ဘုံ) မှ ပြန်လည်တတ်သော သဘောမရှိ။ သူကြွယ် ဤတရားသည်လည်းသိတော်မူ။ပ။ မရောက်ရသေးသော အတုမဲ့ ယောဂကုန်ရာသို့လည်း ရောက်နိုင်၏။ သူကြွယ် နောက်တစ်မျိုးကား ရဟန်းသည် ကရုဏာနှင့်တကွဖြစ်သော စိတ်ဖြင့်။ပ။ မုဒိတာနှင့် တကွဖြစ်သော စိတ်ဖြင့်။ပ။ ဥပေက္ခာနှင့် တကွဖြစ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ဤနည်းဖြင့် အထက် အောက် ဖီလာ အလုံးစုံသော အရပ် မျက်နှာတို့၌ သတ္တဝါအားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည် မရှိသော ရန်မရှိသော ငြိုငြင်ခြင်းမရှိသော ဥပေက္ခာနှင့် တကွ ဖြစ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏၊ ထိုရဟန်းသည် ဤသို့ ဆင်ခြင်၏။ (ဆန့်ကျင်ဘက်မှ) လွတ်မြောက်သော ဤ“ဥပေက္ခာစိတ်သည်လည်း အပြုပြင်ခံတရားဖြစ်၏၊စေ့ဆော်အားထုတ်မှုကြောင့် ဖြစ်၏၊ အပြုပြင်ခံတရားစေ့ဆော်အားထုတ်မှုကြောင့် ဖြစ်ပေါ်လာသော တရားအားလုံးသည်လည်း အမြဲမရှိ၊ ချုပ်ပျောက်ခြင်းသဘောရှိ၏”ဟု သိ၏။ ထိုရဟန်းသည် ထိုတရား၌ တည်လျက် အာသဝေါ တရားကုန်ခြင်းသို့ ရောက်၏၊ အကယ်၍ အာသဝေါတရားကုန်ခြင်းသို့ မရောက်သေးသည် ဖြစ်ခဲ့မူ ထိုတရား၌ တပ်မက်ခြင်းဖြင့် ထိုတရား၌ နှစ်သက်ခြင်းဖြင့် အောက်ပိုင်း သံယောဇဉ်ငါးပါးတို့ ကုန်ခြင်း ကြောင့် (ဗြဟ္မာ့ဘုံ၌) ဥပပါတ် (ပဋိသန္ဓေ) နေသူ ဖြစ်၏၊ ထို (ဗြဟ္မာ့ဘုံ) ၌သာ ပရိနိဗ္ဗာန်စံရ၏၊ ထို(ဗြဟ္မာ့ဘုံ) မှ ပြန်လည်တတ်သော သဘောမရှိ။ သူကြွယ် ဤတရားသည်လည်း သိတော်မူ။ပ။ မရောက်ရသေးသော အတုမဲ့ ယောဂကုန်ရာသို့လည်း ရောက်နိုင်၏။ သူကြွယ် နောက်တစ်မျိုးကား ရဟန်းသည် ရူပသညာတို့ကို လုံးဝလွန်မြောက်၍ ပဋိဃသညာတို့ လုံးဝချုပ်သည့်ပြင် နာနာတ္တသညာတို့ကို လုံးဝနှလုံးမသွင်းမူ၍ “ကောင်းကင်သည် အဆုံးမရှိ”ဟု (နှလုံးသွင်းလျက်) အာကာသာနဉ္စာယတနဈာန်သို့ ရောက်၍ နေ၏၊ ထိုရဟန်းသည် ဤသို့ ဆင်ခြင်၏။ ဤအာကာသာနဉ္စာယတန သမာပတ်သည်လည်း အပြုပြင်ခံ တရားဖြစ်၏၊စေ့ဆော်အားထုတ်မှုကြောင့် ဖြစ်ပေါ်၏၊ အပြုပြင်ခံတရားစေ့ဆော်အားထုတ်မှုကြောင့် ဖြစ်ပေါ်လာသော တရားအားလုံးသည် အမြဲမရှိ၊ ချုပ်ပျောက်ခြင်းသဘောရှိ၏”ဟု သိ၏။ ထိုရဟန်းသည် ထိုတရား၌ တည်လျက် အာသဝေါတရား ကုန်ခြင်းသို့ ရောက်၏၊ အကယ်၍ အာသဝေါတရားကုန်ခြင်းသို့ မရောက်သေးသည်ဖြစ်ခဲ့မူ ထိုတရား၌ တပ်မက်ခြင်းဖြင့် ထိုတရား၌ နှစ်သက်ခြင်းဖြင့် အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် (ဗြဟ္မာ့ဘုံ၌) ဥပပါတ် (ပဋိသန္ဓေ) နေသူ ဖြစ်၏၊ ထို (ဗြဟ္မာ့ဘုံ) ၌သာ ပရိနိဗ္ဗာန်စံရ၏၊ ထို(ဗြဟ္မာ့ဘုံ)မှ ပြန်လည်တတ်သော သဘောမရှိ။ သူကြွယ် ဤတရားသည်လည်း သိတော်မူ။ပ။ မရောက်ရသေးသော အတုမဲ့ ယောဂကုန်ရာသို့လည်း ရောက်နိုင်၏။ သူကြွယ် နောက်တစ်မျိုးကား ထိုရဟန်းသည် အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “ဝိညာဏ်သည် အဆုံးမရှိ”ဟု (နှလုံးသွင်းလျက်) ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍ နေ၏။ပ။ ဝိညာဏဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “တစ်စုံတစ်ခုမျှမရှိ”ဟု (နှလုံးသွင်းလျက်) အာကိဉ္စညာ ယတနဈာန်သို့ ရောက်၍နေ၏၊ ထိုရဟန်းသည် ဤသို့ ဆင်ခြင်၏။ “ဤအာကိဉ္စညာယတနဈာန့်သမာပတ်သည်လည်း အပြုပြင်ခံ တရားဖြစ်၏၊စေ့ဆော်အားထုတ်မှုကြောင့် ဖြစ်၏၊ အပြုပြင်ခံတရားစေ့ဆော်အားထုတ်မှုကြောင့် ဖြစ်ပေါ်သော တရားအားလုံးသည် အမြဲမရှိ၊ ချုပ်ပျောက်သောသဘောရှိ၏”ဟု သိ၏။ ထိုရဟန်းသည် ထိုတရား၌ တည်လျက် အာသဝေါတရားကုန်ခြင်းသို့ ရောက်၏၊ အကယ်၍ အာသဝေါတရားကုန်ခြင်းသို့ မရောက်သေးသည်ဖြစ်ခဲ့မူ ထိုတရား၌ တပ်မက်ခြင်းဖြင့် ထိုတရား၌ နှစ်သက်ခြင်းဖြင့် အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် (ဗြဟ္မာ့ဘုံ၌) ဥပပါတ် (ပဋိသန္ဓေ) နေသူ ဖြစ်၏၊ ထို(ဗြဟ္မာ့ဘုံ) ၌သာ ပရိနိဗ္ဗာန်စံရ၏၊ ထို (ဗြဟ္မာ့ဘုံ) မှ ပြန်လည်တတ်သော သဘောမရှိ။ သူကြွယ် ဤတရားသည်လည်း သိတော်မူ၏။ပ။ မရောက်ရသေးသော အတုမဲ့ ယောဂကုန်ရာသို့လည်း ရောက်နိုင်၏ဟု (မိန့်ဆို၏)။

ဤသို့ မိန့်ဆိုသော် အဋ္ဌကမြို့သား ဒသမသူကြွယ်သည် အသျှင်အာနန္ဒာအား ဤသို့ လျှောက်၏— “အသျှင်ဘုရားအာနန္ဒာ တစ်ခုသော ရွှေအိုး၏ မျက်နှာဝကို ရှာသော ယောကျာ်းသည် တစ်ကြိမ်တည်း သာလျှင် တစ်ဆယ့်တစ်လုံးသော ရွှေအိုးတို့၏ မျက်နှာဝတို့ကို ရရာသကဲ့သို့၊ ဤအတူသာလျှင် အကျွန်ုပ် သည် တစ်ခုသော အမြိုက်နိဗ္ဗာန်တံခါးကို ရှာပါလျက် တစ်ကြိမ်တည်းဖြင့်သာလျှင် တစ်ဆယ့်တစ်ခုသော အမြိုက်နိဗ္ဗာန်တံခါးတို့ကို မှီဝဲရန် ရရှိပါပြီ။ အသျှင်ဘုရား ယောကျာ်းတစ်ယောက်အား တံခါးပေါက် တစ်ဆယ့်တစ်ခုရှိသော အိမ်ရှိရာ၏၊ ထိုယောကျာ်းသည် ထိုအိမ်ကို မီးလောင်သည်ရှိသော် တစ်ခုခုသော တံခါးပေါက်ဖြင့်လည်း မိမိကိုယ်ကို ချမ်းသာအောင် ပြုရန် စွမ်းနိုင်ရာသကဲ့သို့၊ အသျှင်ဘုရား ဤအတူ သာလျှင် တပည့်တော်သည် ဤအမြိုက်နိဗ္ဗာန်တံခါးပေါက် တစ်ဆယ့်တစ်ခုတို့တွင် တစ်ခုခုသော အမြိုက် နိဗ္ဗာန်တံခါးပေါက်ဖြင့်ပင် မိမိကိုယ်ကို ချမ်းသာအောင် ပြုရန် စွမ်းနိုင်ပါလိမ့်မည်။ အသျှင်ဘုရား အယူ တစ်ပါးရှိကြကုန်သော ဤတိတ္ထိတို့သည်ပင် ဆရာအတွက် ဆရာစားဥစ္စာကို ရှာမှီးကြတုံဘိသေး၏၊ တပည့်တော်သည် အသျှင်မြတ် အာနန္ဒာအား ပူဇော်မှုကို အဘယ်ကြောင့်မပြုဘဲ ရှိပါအံ့နည်း”ဟု လျှောက်၏။ ထို့နောက် အဋ္ဌကမြို့သား ဒသမသူကြွယ်သည် ဝေသာလီပြည် ပါဋလိပုတ်မြို့နေ ရဟန်းသံဃာကို စည်းဝေးစေ၍ မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် ရောင့်ရဲသည်တိုင်အောင် တားမြစ်သည်တိုင်အောင် မိမိ ကိုယ်တိုင် လုပ်ကျွေး၏၊ ရဟန်းတစ်ပါး တစ်ပါးအားလည်း သင်္ကန်းတစ်စုံစီ တစ်စုံစီ လှူဒါန်း၏၊ အသျှင် အာနန္ဒာအားလည်း သုံးထည်သော သင်္ကန်းကို လှူဒါန်း၏၊ အသျှင်အာနန္ဒာအတွက် ငါးရာတန် ကျောင်းကို ဆောက်လုပ်စေ၏။

ဆဋ္ဌသုတ်။