အင်္ဂုတ္တရနိကာယ်

၂-အနုဿတိဝဂ်

၈-ပဌမ သမာဓိသုတ်

၁၈။ ထိုအခါ များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ကြပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေကြလျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်ကြကုန်၏—အသျှင်ဘုရား ရဟန်းအား မြေ၌ မြေဟု အမှတ်ရှိသူ မဖြစ်ရာ၊ ရေ၌ ရေဟု အမှတ်ရှိသူ မဖြစ်ရာ၊ မီး၌ မီးဟု အမှတ်ရှိသူ မဖြစ်ရာ၊ လေ၌ လေဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ကောင်းကင်တည်ရာ၌ အဆုံးမရှိသော ကောင်းကင်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ဝိညာဏ်တည်ရာ၌ အဆုံးမရှိသော ဝိညာဏ်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်စုံတစ်ခုမျှမရှိဟူသော တည်ရာ၌ တစ်စုံတစ်ခုမျှမရှိဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်းမဟုတ်ဟူသော တည်ရာ၌ သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်းမဟုတ်ဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ် ရာ၊ ဤလောက၌ ဤလောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်ပါးသော လောက၌ တစ်ပါးသော လောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ မြင်အပ် ကြားအပ် တွေ့ထိအပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်း အပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှု ‘သမာဓိ’ ကို ရခြင်းသည် ဖြစ်နိုင်ရာပါသလောဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ ရဟန်းအား မြေ၌ မြေဟု အမှတ်ရှိသူ မဖြစ်ရာ။ပ။ မြင်အပ် ကြားအပ် တွေ့ထိအပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင် ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသော တည်ကြည်မှု ‘သမာဓိ’ကို ရခြင်းသည် ဖြစ်နိုင်ရာ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား ရဟန်းအား မြေ၌ မြေဟု အမှတ်ရှိသူ မဖြစ်ရာ။ပ။ မြင်အပ် ကြားအပ် တွေ့ထိအပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင် ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှု ‘သမာဓိ’ ကို ရခြင်း သည် အဘယ်သို့ ဖြစ်နိုင်ပါသနည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် “သင်္ခါရအားလုံးငြိမ်းရာ ဥပဓိအားလုံးကိုစွန့်ရာ တဏှာကုန်ရာ တပ်စွန်းမှုကင်းရာ ချုပ်ရာဖြစ်သော နိဗ္ဗာန်သည် ငြိမ်သက်၏၊ ထိုနိဗ္ဗာန်သည် မွန်မြတ်၏”ဟု ဤသို့ အမှတ်ရှိသူ ဖြစ်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းအား မြေ၌ မြေဟု အမှတ် ရှိသူ မဖြစ်ရာ၊ ရေ၌ ရေဟု အမှတ်ရှိသူ မဖြစ်ရာ၊ မီး၌ မီးဟု အမှတ်ရှိသူ မဖြစ်ရာ၊ လေ၌ လေဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ကောင်းကင်တည်ရာ၌ အဆုံးမရှိသော ကောင်းကင်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ဝိညာဏ်တည်ရာ၌ အဆုံးမရှိသော ဝိညာဏ်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်စုံတစ်ခုမျှမရှိဟူသော တည်ရာ၌ တစ်စုံတစ်ခုမျှမရှိဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ် ရာ၊ သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်း မဟုတ်ဟူသော တည်ရာ၌ သညာရှိသည်လည်း မဟုတ် သညာမရှိသည်လည်းမဟုတ်ဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ ဤလောက၌ ဤ လောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်ပါးသောလောက၌ တစ်ပါးသော လောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ မြင်အပ် ကြားအပ် တွေ့ထိအပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှု ‘သမာဓိ’ ကို ရခြင်းသည် ဖြစ်ရာ၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။