အင်္ဂုတ္တရနိကာယ်

၁-နိဿယဝဂ်

၈-မနသိကာရသုတ်

၈။ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား— အသျှင်ဘုရား ရဟန်းအား မျက်စိကို နှလုံးမသွင်းရာ၊ အဆင်းကို နှလုံး မသွင်းရာ၊ နားကို နှလုံးမသွင်းရာ၊ အသံကို နှလုံးမသွင်းရာ၊ နှာခေါင်းကို နှလုံး မသွင်းရာ၊ အနံ့ကို နှလုံးမသွင်းရာ၊ လျှာကို နှလုံးမသွင်းရာ၊ အရသာကို နှလုံးမသွင်းရာ၊ ကိုယ်ကို နှလုံးမသွင်းရာ၊ အတွေ့ကို နှလုံးမသွင်းရာ၊ မြေကို နှလုံးမသွင်းရာ၊ ရေကို နှလုံးမသွင်းရာ၊ မီးကို နှလုံးမသွင်းရာ၊ လေကို နှလုံးမသွင်းရာ၊ အဆုံးမရှိသော ကောင်းကင်ဟူသော တည်ရာ ‘အာကာသာနဉ္စာ ယတနဈာန်’ကို နှလုံးမသွင်းရာ၊ အဆုံးမရှိသော ဝိညာဏ်၏ တည်ရာ ‘ဝိညာဏဉ္စာယတနဈာန်’ကို နှလုံး မသွင်းရာ၊ တစ်စုံတစ်ခုမျှမရှိဟူသော တည်ရာ အာကိဉ္စညာယတနဈာန်ကို နှလုံးမသွင်းရာ၊ သညာ ရှိသည်လည်းမဟုတ် သညာမရှိသည်လည်းမဟုတ်ဟူသော တည်ရာ ‘နေဝသညာ နာသညာယတနဈာန်’ကို နှလုံးမသွင်းရာ၊ ဤလောကကို နှလုံးမသွင်းရာ၊ တစ်ပါးသော လောကကို နှလုံးမသွင်းရာ၊ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံကိုလည်း နှလုံး မသွင်းရာ၊ စိတ်၌သော်ကား နှလုံးသွင်းရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှုကို ရခြင်းသည် ဖြစ်နိုင်ရာပါသလောဟု လျှောက်၏။ အာနန္ဒာ ရဟန်းအား မျက်စိကို နှလုံးမသွင်းရာ၊ အဆင်းကို နှလုံးမသွင်းရာ၊ နားကို နှလုံး မသွင်းရာ၊ အသံကို နှလုံးမသွင်းရာ၊ နှာခေါင်းကို နှလုံးမသွင်းရာ၊ အနံ့ကို နှလုံးမသွင်းရာ၊ လျှာကို နှလုံးမသွင်းရာ၊ အရသာကို နှလုံးမသွင်းရာ၊ ကိုယ်ကို နှလုံးမသွင်းရာ၊ အတွေ့ကို နှလုံးမသွင်းရာ၊ မြေကို နှလုံးမသွင်းရာ၊ ရေကို နှလုံးမသွင်းရာ၊ မီးကို နှလုံးမသွင်းရာ၊ လေကို နှလုံးမသွင်းရာ၊ အဆုံး မရှိသော ကောင်းကင်ဟူသော တည်ရာ ‘အာကာသာနဉ္စာယတနဈာန်’ကို နှလုံးမသွင်းရာ၊ အဆုံး မရှိသော ဝိညာဏ်၏ တည်ရာ ‘ဝိညာဏဉ္စာယတနဈာန်’ကို နှလုံးမသွင်းရာ၊ တစ်စုံတစ်ခုမျှမရှိဟူသော တည်ရာ ‘အာကိဉ္စညာယတနဈာန်’ကို နှလုံးမသွင်းရာ၊ သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်းမဟုတ်ဟူသော တည်ရာ ‘နေဝသညာ နာသညာယတနဈာန်’ကို နှလုံးမသွင်းရာ၊ ဤလောကကို နှလုံးမသွင်းရာ၊ တစ်ပါးသော လောကကို နှလုံးမသွင်းရာ၊ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံကိုလည်း နှလုံးမသွင်းရာ၊ စိတ်၌သော်ကား နှလုံးသွင်းရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှုကို ရခြင်းသည် ဖြစ်နိုင်ရာ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား ရဟန်းအား မျက်စိကို နှလုံးမသွင်းရာ၊ အဆင်းကို နှလုံးမသွင်းရာ။ပ။ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံကိုလည်း နှလုံး မသွင်းရာ၊ စိတ်၌သော်ကား နှလုံးသွင်းရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှုကို ရခြင်းသည် အဘယ်သို့လျှင် ဖြစ်နိုင်ရာပါသနည်းဟု (လျှောက်၏)။

အာနန္ဒာ ဤလောက၌ ရဟန်းသည် “သင်္ခါရအားလုံးငြိမ်းရာ ဥပဓိ အားလုံးကို စွန့်ရာ တဏှာ ကုန်ရာ တပ်စွန်းမှုကင်းရာ ချုပ်ရာဖြစ်သော နိဗ္ဗာန်တရားသည် ငြိမ်သက်၏၊ နိဗ္ဗာန်တရားသည် မွန်မြတ်၏”ဟု ဤသို့ နှလုံးသွင်းသူ ဖြစ်၏။ အာနန္ဒာ ဤသို့လျှင် ရဟန်းအား မျက်စိကို နှလုံး မသွင်းရာ၊ အဆင်းကို နှလုံးမသွင်းရာ။ပ။ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံကိုလည်း နှလုံးမသွင်းရာ၊ စိတ်၌သော်ကား နှလုံးသွင်းရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှုကို ရခြင်းသည် ဖြစ်နိုင်ရာ၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။