အင်္ဂုတ္တရနိကာယ်

၁-နိဿယဝဂ်

၉-သဒ္ဓသုတ်

၉။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် နာတိကရွာ အုတ်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အသျှင်သဒ္ဓသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားအား ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေ၏၊ တစ်ခုသောနေရာ၌ ထိုင်နေသော အသျှင်သဒ္ဓအား မြတ်စွာဘုရားသည်—သဒ္ဓ အာဇာနည်မြင်း၏ စဉ်းစားမှုမျိုးကို စဉ်းစားလော့၊ မြင်းယုတ်၏ စဉ်းစားမှုမျိုးကို မစဉ်းစားလင့်၊ မြင်းယုတ်၏ စဉ်းစားမှုဟူသည် အဘယ်နည်း။ သဒ္ဓ စားကျင်း၌ ချည်ထားသော မြင်းယုတ်သည် “မြက် မြက်”ဟု စဉ်းစား၏။ ထိုသို့ စဉ်းစားခြင်းသည် အဘယ့်ကြောင့်နည်း။ သဒ္ဓ စားကျင်း၌ ချည်ထားသော ထိုမြင်းယုတ်အား “ယနေ့ ငါ့အား မြင်းထိန်းသည် အဘယ်ပြုဖွယ်မျိုးကို ပြုလုပ်စေလိမ့်မည်နည်း၊ ငါသည် ထိုမြင်းထိန်းအား အဘယ်ပြုဖွယ်မျိုးကို အတုံ့အပြန်ပြုရမည်နည်း”ဟု ဤသို့ အကြံမဖြစ်သော ကြောင့်တည်း။ စားကျင်း၌ ချည်ထားသော ထိုမြင်းယုတ်သည် “မြက် မြက်”ဟုသာ စဉ်းစား၏။ သဒ္ဓ ဤအတူပင် ဤလောက၌ ယောကျာ်းယုတ်သည် တောသို့ ကပ်ရောက်သော်လည်းကောင်း၊ သစ်ပင်ရင်းသို့ ကပ်ရောက်သော်လည်းကောင်း၊ ဆိတ်ငြိမ်ရာသို့ ကပ်ရောက်သော်လည်းကောင်း ကာမရာဂ လွှမ်းမိုးသော ကာမရာဂနှိပ်စက်သော စိတ်ဖြင့် နေ၏၊ ဖြစ်ပေါ်လာသော ကာမရာဂ၏ ထွက်မြောက် ကြောင်းကိုဟုတ်တိုင်းမှန်စွာ မသိ။ ထိုသူသည် ကာမရာဂကိုသာလျှင် အတွင်းပြု၍ စဉ်းစား၏၊ အထွေ ထွေ စဉ်းစား၏၊ အမြဲ စဉ်းစား၏၊ စူးစူးစိုက်စိုက်စိုက် စဉ်းစား၏။ ဖျက်ဆီးလိုမှု လွှမ်းမိုးသော စိတ်ဖြင့် နေ၏။ ထိုင်းမှိုင်းမှု လွှမ်းမိုးသော စိတ်ဖြင့် နေ၏။ ပျံ့လွှင့်မှု နောင်တတစ်ဖန်ပူပန်မှု လွှမ်းမိုးသော စိတ် ဖြင့် နေ၏။ ယုံမှားမှု လွှမ်းမိုးသော ယုံမှားမှုနှိပ်စက်သော စိတ်ဖြင့် နေ၏။ ဖြစ်ပေါ်လာသော ယုံမှားမှု၏ ထွက်မြောက်ကြောင်းကိုဟုတ်တိုင်းမှန်စွာ မသိ။ ထိုသူသည် ယုံမှားမှုကိုသာလျှင် အတွင်းပြု၍ စဉ်းစား၏၊ အထွေထွေစဉ်းစား၏၊ အမြဲစဉ်းစား၏၊ စူးစူးစိုက်စိုက် စဉ်းစား၏။ ထိုသူသည် မြေကိုလည်း မှီ၍ စဉ်းစား၏၊ ရေကိုလည်း မှီ၍ စဉ်းစား၏၊ မီးကိုလည်း မှီ၍ စဉ်းစား၏၊ လေကိုလည်း မှီ၍ စဉ်းစား၏၊ အဆုံးမရှိသော ကောင်းကင်ဟူသော တည်ရာ ‘အာကာသာနဉ္စာယတနဈာန်’ကိုလည်း မှီ၍ စဉ်းစား၏၊ အဆုံးမရှိသော ဝိညာဏ်၏ တည်ရာ ‘ဝိညာဏဉ္စာယတနဈာန်’ကိုလည်း မှီ၍ စဉ်းစား၏၊ တစ်စုံတစ်ခုမျှ မရှိဟူသော တည်ရာ ‘အာကိဉ္စညာယတနဈာန်’ကိုလည်း မှီ၍ စဉ်းစား၏၊ သညာရှိသည်လည်း မဟုတ် သညာမရှိသည်လည်း မဟုတ်ဟူသော တည်ရာ ‘နေဝသညာ နာသညာယတနဈာန်’ ကိုလည်း မှီ၍ စဉ်းစား၏၊ ဤလောကကိုလည်း မှီ၍ စဉ်းစား၏၊ တစ်ပါးသော လောကကိုလည်း မှီ၍ စဉ်းစား၏၊ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံကိုလည်း မှီ၍ စဉ်းစား၏။ သဒ္ဓ ဤသို့လျှင် ယောကျာ်းယုတ်၏ စဉ်းစားမှုသည် ဖြစ်၏။ သဒ္ဓ အဘယ်သို့လျှင် အာဇာနည်မြင်း၏ စဉ်းစားမှုသည် ဖြစ်သနည်း။ သဒ္ဓ စားကျင်း၌ ချည်ထားသော အာဇာနည်မြင်းကောင်းသည် “မြက် မြက်”ဟု မစဉ်းစား၊ ထိုသို့ မစဉ်းစားခြင်းသည် အဘယ့် ကြောင့်နည်း။ သဒ္ဓ စားကျင်း၌ ချည်ထားသော အာဇာနည်မြင်းကောင်းအား “ယနေ့ ငါ့အား မြင်းထိန်း သည် အဘယ်ပြုဖွယ်မျိုးကို ပြုလုပ်စေလိမ့်မည်နည်း၊ ငါသည် ထိုမြင်းထိန်းအား အဘယ်ပြုဖွယ်မျိုးကို အတုံ့အပြန် ပြုရမည်နည်း”ဟု ဤသို့ အကြံဖြစ်သောကြောင့်တည်း။ စားကျင်း၌ ချည်ထားသော ထို အာဇာနည်မြင်းကောင်းသည် “မြက် မြက်”ဟု မစဉ်းစား၊ သဒ္ဓအာဇာနည်မြင်းကောင်းသည် ကြွေးမြီနှင့် တူစွာ အနှောင်အဖွဲ့နှင့်တူစွာ ဆုံးရှုံးမှုနှင့်တူစွာ အပြစ်ကြီးနှင့်တူစွာ နှင်တံ၏ လွှမ်းမိုးကျရောက်ခြင်းကို ကောင်းစွာ ကြည့်ရှု၏။ သဒ္ဓ ဤအတူပင် (ဤလောက၌) အာဇာနည် ယောကျာ်းကောင်းသည် တောသို့ ကပ်ရောက်သော် လည်းကောင်း၊ သစ်ပင်ရင်းသို့ ကပ်ရောက်သော်လည်းကောင်း၊ ဆိတ်ငြိမ်ရာသို့ ကပ်ရောက်သော်လည်းကောင်း ကာမရာဂလွှမ်းမိုးသော ကာမရာဂနှိပ်စက်သော စိတ်ဖြင့် မနေ၊ ဖြစ်ပေါ်လာသော ကာမရာဂ၏ ထွက်မြောက်ကြောင်းကိုဟုတ်တိုင်းမှန်စွာ သိ၏။ ဖျက်ဆီးလိုမှု လွှမ်းမိုးသော စိတ်ဖြင့် မနေ၊ ထိုင်းမှိုင်းမှု လွှမ်းမိုးသော စိတ်ဖြင့် မနေ၊ ပျံ့လွင့်မှု နောင်တတစ်ဖန်ပူပန်မှု လွှမ်းမိုးသော စိတ်ဖြင့် မနေ၊ ယုံမှားမှု လွှမ်းမိုးသော ယုံမှားမှု နှိပ်စက်သော စိတ်ဖြင့် မနေ၊ ဖြစ်ပေါ်လာသော ယုံမှားမှု၏ ထွက်မြောက် ကြောင်းကိုဟုတ်တိုင်းမှန်စွာ သိ၏။ ထိုသူသည် မြေကို မှီ၍ မစဉ်းစား၊ ရေကို မှီ၍ မစဉ်းစား၊ မီးကို မှီ၍ မစဉ်းစား၊ လေကို မှီ၍ မစဉ်းစား၊ အဆုံးမရှိသော ကောင်းကင်ဟူသော တည်ရာ ‘အာကာသာနဉ္စာ ယတနဈာန်’ကို မှီ၍ မစဉ်းစား၊ အဆုံးမရှိသော ဝိညာဏ်၏တည်ရာ ‘ဝိညာဏဉ္စာယတနဈာန်’ကို မှီ၍ မစဉ်းစား၊ တစ်စုံတစ်ခုမျှမရှိဟူသော တည်ရာ ‘အာကိဉ္စညာယတနဈာန်’ကို မှီ၍ မစဉ်းစား၊ သညာ ရှိသည်လည်း မဟုတ် သညာမရှိသည်လည်း မဟုတ်ဟူသော တည်ရာ ‘နေဝသညာ နာသညာယတနဈာန်’ ကို မှီ၍ မစဉ်းစား၊ ဤလောကကို မှီ၍ မစဉ်းစား၊ တစ်ပါးသော လောကကို မှီ၍ မစဉ်းစား၊ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံကိုလည်း မှီ၍ မစဉ်းစား၊ သို့သော်လည်း စဉ်းစားနေသည်သာတည်း၊ သဒ္ဓ ဤသို့ စဉ်းစားလေ့ရှိသော အာဇာနည် ယောကျာ်းကောင်းကို သိကြားနှင့်တကွ ဗြဟ္မာနှင့်တကွ ဗြဟ္မာမင်းကြီးနှင့်တကွသော နတ်တို့သည် အဝေးကပင်— အို—ယောကျာ်းအာဇာနည် အသျှင်ဘုရားအား ရှိခိုးပါ၏။ အို—ယောကျာ်းမြတ် အသျှင်ဘုရားအား ရှိခိုးပါ၏။ အသျှင်ဘုရားသည် အကြင်တရားကို မှီ၍ စဉ်းစား၏၊ အသျှင်ဘုရား၏ (ထိုတရားကို) အကျွန်ုပ်တို့ မသိကြပါကုန်ဟု ရှိခိုးကြကုန်၏ဟု (မိန့်တော်မူ၏)။

ဤသို့ မိန့်တော်မူလတ်သော် အသျှင်သဒ္ဓသည် မြတ်စွာဘုရားအား— အသျှင်ဘုရား အဘယ်သို့ စဉ်းစားသော ယောကျာ်းကောင်းအာဇာနည်သည် မြေကို မှီ၍ မစဉ်းစားသနည်း၊ ရေကို မှီ၍ မစဉ်းစား သနည်း၊ မီးကို မှီ၍ မစဉ်းစားသနည်း၊ လေကို မှီ၍ မစဉ်းစားသနည်း၊ အဆုံးမရှိသော ကောင်းကင်ဟူသော တည်ရာ ‘အာကာသာနဉ္စာယတနဈာန်’ကို မှီ၍ မစဉ်းစားသနည်း၊ အဆုံးမရှိသော ဝိညာဏ်၏ တည်ရာ ‘ဝိညာဏဉ္စာယတနဈာန်’ကို မှီ၍ မစဉ်းစားသနည်း၊ တစ်စုံတစ်ခုမျှ မရှိဟူသော တည်ရာ ‘အာကိဉ္စညာယတနဈာန်’ကို မှီ၍ မစဉ်းစားသနည်း၊ သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်းမဟုတ်ဟူသော တည်ရာ ‘နေဝသညာနာသညာယတနဈာန်’ကို မှီ၍ မစဉ်းစားသနည်း၊ ဤလောကကို မှီ၍ မစဉ်းစား၊ တစ်ပါးသော လောကကို မှီ၍ မစဉ်းစားသနည်း၊ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံကို မှီ၍လည်း မစဉ်းစားသနည်း၊ သို့သော်လည်း စဉ်းစားနေသည်သာ ဖြစ်သနည်း။ အသျှင်ဘုရား အဘယ်သို့ စဉ်းစားသော ယောကျာ်းကောင်း အာဇာနည်ကို သိကြားနှင့်တကွ ဗြဟ္မာနှင့်တကွ ဗြဟ္မာမင်းကြီးနှင့် တကွသော နတ်တို့သည် အဝေးကပင်— အို ယောကျာ်းအာဇာနည် အသျှင်ဘုရားအား ရှိခိုးပါ၏။ အို ယောကျာ်းမြတ် အသျှင်ဘုရားအား ရှိခိုးပါ၏။ အကြင်တရားကို မှီ၍ စဉ်းစား၏၊ အသျှင်ဘုရား၏ (ထိုတရားကို) အကျွန်ုပ် မသိကြပါကုန်ဟု (ဆို၍) ရှိခိုးကြပါကုန်သနည်းဟု လျှောက်၏။ သဒ္ဓ ဤလောက၌ ယောကျာ်းကောင်းအာဇာနည်အား မြေ၌ မြေဟူသော အမှတ်သည် ထင်ရှား၏၊ ရေ၌ ရေဟူသော အမှတ်သည် ထင်ရှား၏၊ မီး၌ မီးဟူသော အမှတ်သည် ထင်ရှား၏၊ လေ၌ လေဟူသော အမှတ်သည် ထင်ရှား၏၊ အဆုံးမရှိသော ကောင်းကင်ဟူသော တည်ရာ ‘အာကာသနဉ္စာ ယတနဈာန်’ ၌ အဆုံးမရှိသော ကောင်းကင်ဟူသော တည်ရာ ‘အာကာသာနဉ္စယတနဈာန်’ဟူသော အမှတ်သည် ထင်ရှား၏၊ အဆုံးမရှိသော ဝိညာဏ်၏ တည်ရာ ‘ဝိညာဏဉ္စာယတနဈာန်’၌ အဆုံးမရှိသော ဝိညာဏ်၏ တည်ရာ ‘ဝိညာဏဉ္စာယတန ဈာန်’ဟူသော အမှတ်သည် ထင်ရှား၏၊ တစ်စုံတစ်ခုမျှ မရှိဟူသော တည်ရာ ‘အာကိဉ္စညာယတနဈာန်’၌ တစ်စုံတစ်ခုမျှ မရှိဟူသော တည်ရာ ‘အာကိဉ္စညာယတနဈာန်’ဟူသော အမှတ်သည် ထင်ရှား၏၊ သညာရှိသည်လည်း မဟုတ် သညာမရှိသည်လည်း မဟုတ်ဟူသော တည်ရာ ‘နေဝသညာနာသညာယတနဈာန်’၌ သညာရှိသည်လည်း မဟုတ် သညာမရှိသည် လည်း မဟုတ်ဟူသော တည်ရာ ‘နေဝသညာနာသညာယတနဈာန်’ဟူသော အမှတ်သည် ထင်ရှား၏၊ ဤလောက၌ ဤလောကဟူသော အမှတ်သည် ထင်ရှား၏၊ တစ်ပါးသော လောက၌ တစ်ပါးသော လောကဟူသော အမှတ်သည် ထင်ရှား၏၊ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံ၌လည်း အမှတ်သည် ထင်ရှား၏။ သဒ္ဓ ဤသို့ စဉ်းစားလေ့ရှိသော ယောကျာ်း ကောင်းအာဇာနည်သည် မြေကို မှီ၍ မစဉ်းစား။ပ။ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံကိုလည်း မှီ၍ မစဉ်းစား၊ သို့သော်လည်း (ဖလသမာပတ်ဖြင့် နိဗ္ဗာန်ကိုကား) စဉ်းစားနေသည်သာတည်း။ သဒ္ဓ ဤသို့ စဉ်းစားနေသော ယောကျာ်းကောင်း အာဇာနည်ကို သိကြားနှင့်တကွ ဗြဟ္မာနှင့်တကွ ဗြဟ္မာမင်းကြီးနှင့် တကွသော နတ်တို့သည် အဝေးကပင်— အို ယောကျာ်း အာဇာနည် အသျှင်ဘုရားအား ရှိခိုးပါ၏။ အို ယောကျာ်းမြတ် အသျှင်ဘုရားအား ရှိခိုးပါ၏။ အသျှင်ဘုရားသည် အကြင်တရားကို မှီ၍ စဉ်းစား၏၊ အသျှင်ဘုရား၏ (ထိုတရားကို) အကျွန်ုပ်တို့ မသိကြပါကုန်ဟု (ဆို၍) ရှိခိုးကုန်၏။

နဝမသုတ်။