အင်္ဂုတ္တရနိကာယ်

၂-အဓိကရဏဝဂ်

၁၁။ ရဟန်းတို့ အားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူŠ ဆင်ခြင်ခြင်အား ‘ပဋိသင်္ခါနဗလ’၎င်း, ပွားများခြင်းအား ‘ဘာဝနာဗလ’၎င်းတို့တည်း။ ရဟန်းတို့ ဆင်ခြင်ခြင်းအား ‘ပဋိသင်္ခါနဗလ’ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် “ကာယဒုစရိုက်၏ အကျိုးသည် မျက်မှောက်ဘဝ၌၎င်း, တမလွန်ဘဝ၌၎င်း ယုတ်ညံ့ ဆိုးဝါး၏၊ ဝစီဒုစရိုက်၏ အကျိုးသည် မျက်မှောက်ဘဝ၌၎င်း, တမလွန်ဘဝ၌၎င်း ယုတ်ညံ့ ဆိုးဝါး၏၊ မနောဒုစရိုက်၏ အကျိုးသည် မျက်မှောက်ဘဝ၌၎င်း, တမလွန်ဘဝ၌၎င်း ယုတ်ညံ့ ဆိုးဝါး၏၊”ဟု ဆင်ခြင်၏။ ထိုသူသည် ဤသို့ ဆင်ခြင်ပြီးလျှင် ကာယဒုစရိုက်ကို ပယ်၍ ကာယသုစရိုက်ကို ပွားများ၏၊ ဝစီဒုစရိုက်ကို ပယ်၍ ဝစီသုစရိုက်ကို ပွားများ၏၊ မနောဒုစရိုက်ကို ပယ်၍ မနောသုစရိုက်ကို ပွားများ၏၊ သီလက္ခန္ဓစသည်ဖြင့် မိမိကိုယ်ကို စင်ကြယ်စွာ စောင့်ရှောက်၏။ ရဟန်းတို့ ဤအားကို ဆင်ခြင်ခြင်းအား ‘ပဋိသင်္ခါနဗလ’ဟု ဆိုအပ်၏။ ရဟန်းတို့ ပွားများခြင်းအား ‘ဘာဝနာဗလ’ဟူသည် အဘယ်နည်း၊ ရဟန်းတို့ အကြင် ပွားများခြင်းအား ‘ဘာဝနာဗလ’သည် ရှိ၏။ ဤဘာဝနာဗလသည် သေက္ခပုဂ္ဂိုလ်တို့၏ အားတည်း။ ထိုစကားသည် မှန်၏၊ ရဟန်းတို့ ထိုသူသည် သေက္ခပုဂ္ဂိုလ်တို့၏ အားကို စွဲ၍ တပ်မက်ခြင်း ‘ရာဂ’ကို ပယ်စွန့်၏၊ ပြစ်မှားခြင်း ‘ဒေါသ’ကို ပယ်စွန့်၏၊ တွေဝေခြင်း ‘မောဟ’ကို ပယ်စွန့်၏၊ ရာဂ ဒေါသ မောဟကို ပယ်စွန့်ခြင်းကြောင်း အကုသိုလ်ကို မပြုကျင့်၊ မကောင်းမှုကို မမှီဝဲ။ ရဟန်းတို့ ဤသို့သောအားကို ဘာဝနာဗလ—ဟုဆိုအပ်၏။ ရဟန်းတို့ အားတို့သည် ဤနှစ်မျိုးတို့ပေတည်း—ဟု (မိန့်တော်မူ၏)။ (၁)

၁၂။ ရဟန်းတို့ အားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူŠ ဆင်ခြင်ခြင်အား ‘ပဋိသင်္ခါနဗလ’၎င်း, ပွားများခြင်းအား ‘ဘာဝနာဗလ’၎င်းတို့တည်း။ ရဟန်းတို့ ဆင်ခြင်ခြင်းအား ‘ပဋိသင်္ခါနဗလ’ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် “ကာယဒုစရိုက်၏ အကျိုးသည် မျက်မှောက်ဘဝ၌၎င်း, တမလွန်ဘဝ၌၎င်း ယုတ်ညံ့ ဆိုးဝါး၏၊ ဝစီဒုစရိုက်၏ အကျိုးသည် မျက်မှောက်ဘဝ၌၎င်း, တမလွန်ဘဝ၌၎င်း ယုတ်ညံ့ ဆိုးဝါး၏၊ မနောဒုစရိုက်၏ အကျိုးသည် မျက်မှောက်ဘဝ၌၎င်း, တမလွန်ဘဝ၌၎င်း ယုတ်ညံ့ ဆိုးဝါး၏၊”ဟု ဆင်ခြင်၏။ ထိုသူသည် ဤသို့ ဆင်ခြင်ပြီးလျှင် ကာယဒုစရိုက်ကို ပယ်၍ ကာယသုစရိုက်ကို ပွားများ၏၊ ဝစီဒုစရိုက်ကို ပယ်၍ ဝစီသုစရိုက်ကို ပွားများ၏၊ မနောဒုစရိုက်ကို ပယ်၍ မနောသုစရိုက်ကို ပွားများ၏၊ သီလက္ခန္ဓစသည်ဖြင့် မိမိကိုယ်ကို စင်ကြယ်စွာ စောင့်ရှောက်၏။ ရဟန်းတို့ ဤအားကို ဆင်ခြင်ခြင်းအား ‘ပဋိသင်္ခါနဗလ’ဟု ဆိုအပ်၏။ ရဟန်းတို့ ပွားများခြင်းအား ‘ဘာဝနာဗလ’ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတေ်၌ ရဟန်းသည် ကာမတို့မှ ဆိတ်ခြင်းကို မှီသော, ဝဋ်သုံးပါး၌ တပ်မက်မှု ကင်းခြင်းကို မှီသော, ကိလေသာတို့၏ ချုပ်ခြင်းကို မှီသော ကိလေသာပယ်စွန့်မှု နိဗ္ဗာန်သို့ သက်ဝင်မှုကို ရင့်ကျက်စေတတ်သော သတိသမ္ဗောဇ္ဈင်ကို ပွားများ၏၊ ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပွားများ၏၊ ဝီရိယသမ္ဗောဇ္ဈင်ကို ပွားများ၏၊ ပီတိသမ္ဗောဇ္ဈင်ကို ပွားများ၏၊ ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွားများ၏၊ သမာဓိသမ္ဗောဇ္ဈင်ကို ပွားများ၏၊ ကာမတို့မှ ဆိတ်ခြင်းကို မှီသော, ဝဋ်သုံးပါး၌ တပ်မက်မှု ကင်းခြင်းကို မှီသော, ကိလေသာတို့၏ ချုပ်ခြင်းကို မှီသော ကိလေသာပယ်စွန့်မှု နိဗ္ဗာန်သို့ သက်ဝင်မှုကို ရင့်ကျက်စေတတ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွားများ၏။ ရဟန်းတို့ ဤအားကို ပွားများခြင်းအား ‘ဘာဝနာဗလ’ဟု ဆိုအပ်၏။ ရဟန်းတို့ အားတို့သည် ဤနှစ်မျိုးတို့ပေတည်း—ဟု (မိန့်တော်မူ၏)။ (၂)

၁၃။ ရဟန်းတို့ အားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူŠ ဆင်ခြင်ခြင်အား ‘ပဋိသင်္ခါနဗလ’၎င်း, ပွားများခြင်းအား ‘ဘာဝနာဗလ’၎င်းတို့တည်း။ ရဟန်းတို့ ဆင်ခြင်ခြင်းအား ‘ပဋိသင်္ခါနဗလ’ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် “ကာယဒုစရိုက်၏ အကျိုးသည် မျက်မှောက်ဘဝ၌၎င်း, တမလွန်ဘဝ၌၎င်း ယုတ်ညံ့ ဆိုးဝါး၏၊ ဝစီဒုစရိုက်၏ အကျိုးသည် မျက်မှောက်ဘဝ၌၎င်း, တမလွန်ဘဝ၌၎င်း ယုတ်ညံ့ ဆိုးဝါး၏၊ မနောဒုစရိုက်၏ အကျိုးသည် မျက်မှောက်ဘဝ၌၎င်း, တမလွန်ဘဝ၌၎င်း ယုတ်ညံ့ ဆိုးဝါး၏၊”ဟု ဆင်ခြင်၏။ ထိုသူသည် ဤသို့ ဆင်ခြင်ပြီးလျှင် ကာယဒုစရိုက်ကို ပယ်၍ ကာယသုစရိုက်ကို ပွားများ၏၊ ဝစီဒုစရိုက်ကို ပယ်၍ ဝစီသုစရိုက်ကို ပွားများ၏၊ မနောဒုစရိုက်ကို ပယ်၍ မနောသုစရိုက်ကို ပွားများ၏၊ သီလက္ခန္ဓစသည်ဖြင့် မိမိကိုယ်ကို စင်ကြယ်စွာ စောင့်ရှောက်၏။ ရဟန်းတို့ ဤအားကို ဆင်ခြင်ခြင်းအား ‘ပဋိသင်္ခါနဗလ’ဟု ဆိုအပ်၏။ ရဟန်းတို့ ပွားများခြင်းအား ‘ဘာဝနာဗလ’ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတေ်၌ ရဟန်းသည် ကာမတို့မှ ဆိတ်၍သာလျှင်, အကုသိုလ်တရားတို့မှ ဆိတ်၍သာလျှင်, ကြံစည်ခြင်း ‘ဝိတက်’နှင့် တကွဖြစ်သော၊ သုံးသပ်ခြင်း ‘ဝိစာရ’နှင့် တကွဖြစ်သော၊ နီဝရဏ ဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’, ချမ်းသာခြင်း ‘သုခ’ ရှိသော ပထမဈာန်သို့ ရောက်၍နေ၏။ ကြံစည်ခြင်း’ဝိတက်’, သုံးသပ်ခြင်း ‘ဝိစာရ’ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေ တတ်သော စိတ်၏တည်ကြည်ခြင်း ‘သမာဓိ’ကို ပွားစေတတ်သော၊ ကြံစည်ခြင်း ‘ဝိတက်’ မရှိသော၊ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ မရှိသော၊ တည်ကြည်ခြင်း ‘သမာဓိ’ကြောင့် ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’, ချမ်းသာခြင်း ‘သုခ’ ရှိသော ဒုတိယဈာန်သို့ ရောက်၍နေ၏။ နှစ်သိမ့်ခြင်း ‘ပီတိ’ကိုလည်း မတပ်မက်ခြင်းကြောင့် သတိသမ္ပဇဉ်နှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှုလျက် နေ၏။ ချမ်းသာခြင်း ‘သုခ’ကိုလည်း ကိုယ်ဖြင့် ခံစား၏၊ အကြင် (တတိယဈာန်)ကြောင့် ထိုသူကို “လျစ်လျူရှုသူ, သတိရှိသူ, ချမ်းသာစွာ နေလေ့ရှိသူ”ဟု အရိယာပုဂ္ဂိုလ်တို့သည် ပြောကြားကုန်၏။ ထို တတိယဈာန်သို့ ရော၍နေ၏။ ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့်၎င်း၊ ချမ်းသားခြင်း နှလုံးမသာယာခြင်းတို့၏ ရှေးဦးကပင်လျှင် ချုပ်နှင့်ခြင်း ကြောင့်လည်းကောင်း၊ ဆင်းရဲချမ်းသာ မရှိသော လျစ်လျူရှုမှု ဥပေက္ခာကြောင့် ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍နေ၏။ ရဟန်း ဤအားကို ပွားများခြင်းအား ‘ဘာဝနာဗလ’ဟု ဆိုအပ်၏။ ရဟန်းတို့ အားတို့သည် ဤနှစ်မျိုးတို့ပေတည်း—ဟု (မိန့်တော်မူ၏)။ (၃)

၁၄။ ရဟန်းတို့ မြတ်စွာဘုရား၏ တရားဟောခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ အဘယ်နှစ်မျိုးတို့နည်း ဟူမူŠ အကျဉ်းအားဖြင့် တရားဟောခြင်း၎င်း၊ အကျယ်အားဖြင့် တရားဟောခြင်း၎င်းတို့တည်း။ ရဟန်းတို့ မြတ်စွာဘုရား၏ တရားဟောခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း—ဟု (မိန့်တော်မူ၏)။ (၄)