အင်္ဂုတ္တရနိကာယ်

(၁၁) ၁-အာသာဒုပ္ပဇဟဝဂ်

၁၁၉။ ရဟန်းတို့ စွန့်နိုင်ခဲကုန်သော တပ်မက်ခြင်း ‘အာသာ’ တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— လာဘ်ကို တပ်မက်ခြင်း ‘အာသာ’လည်းကောင်း၊ အသက်ကို တပ်မက်ခြင်း ‘အာသာ’လည်းကောင်းတို့တည်း။ ရဟန်းတို့ စွန့်နိုင်ခဲကုန်သော တပ်မက်ခြင်းတို့သည် ဤနှစ်မျိုးတို့ ပေတည်းဟု (မိန့်တော်မူ၏)။ (၁)

၁၂ဝ။ ရဟန်းတို့ လောက၌ ရနိုင်ခဲကုန်သော ပုဂ္ဂိုလ်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ် နှစ်မျိုးတို့နည်းဟူမူ— ရှေးဦးစွာ ကျေးဇူးပြုတတ်သောပုဂ္ဂိုလ်၁လည်းကောင်း၊ ပြုဖူးသောကျေးဇူးကို သိ၍ ကျေးဇူးတုံ့ပြုတတ်သောပုဂ္ဂိုလ်၂လည်းကောင်းတို့တည်း။ ရဟန်းတို့ လောက၌ ရနိုင်ခဲသော ပုဂ္ဂိုလ်တို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၂)

၁၂၁။ ရဟန်းတို့ လောက၌ ရနိုင်ခဲကုန်သော ပုဂ္ဂိုလ်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ရောင့်ရဲသောပုဂ္ဂိုလ်၃လည်းကောင်း၊ ရောင့်ရဲစေတတ်သော ပုဂ္ဂိုလ်၄လည်းကောင်းတို့တည်း။ ရဟန်းတို့ လောက၌ ရနိုင်ခဲသော ပုဂ္ဂိုလ်တို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၃)

၁၂၂။ ရဟန်းတို့ ရောင့်ရဲစေနိုင်ခဲသော ပုဂ္ဂိုလ်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုး တို့နည်းဟူမူ— ရတိုင်း ရတိုင်းသော ပစ္စည်းကို မသုံးမစား သိမ်းဆည်း၍ချည်း ထားသော ပုဂ္ဂိုလ်လည်းကောင်း၊ ရတိုင်း ရတိုင်းသော ပစ္စည်းကို စွန့်၍ချည်း ပစ်သော ပုဂ္ဂိုလ်လည်းကောင်းတို့တည်း။ ရဟန်း တို့ ရောင့်ရဲစေနိုင်ခဲသော ပုဂ္ဂိုလ်တို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၄)

၁၂၃။ ရဟန်းတို့ ရောင့်ရဲလွယ်စေနိုင်သော ပုဂ္ဂိုလ်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုး တို့နည်းဟူမူ— ရတိုင်း ရတိုင်းသော ပစ္စည်းကို သိမ်းဆည်း၍ချည်း မထားသော ပုဂ္ဂိုလ်လည်းကောင်း၊ ရတိုင်း ရတိုင်းသော ပစ္စည်းကို စွန့်၍ချည်း မပစ်သော ပုဂ္ဂိုလ်လည်းကောင်းတို့တည်း။ ရဟန်းတို့ ရောင့်ရဲလွယ်စေနိုင်သော ပုဂ္ဂိုလ်တို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၅)

၁၂၄။ ရဟန်းတို့ ရာဂဖြစ်ပေါ်ရန် အကြောင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုး တို့နည်းဟူမူ— တင့်တယ်သော ဣဋ္ဌာရုံလည်းကောင်း၊ မသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ ရာဂဖြစ်ပေါ်ရန် အကြောင်းတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၆)

၁၂၅။ ရဟန်းတို့ ဒေါသဖြစ်ပေါ်ရန် အကြောင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ဒေါသဖြစ်ကြောင်း အနိဋ္ဌာရုံလည်းကောင်း၊ မသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ ဒေါသဖြစ်ပေါ်ရန် အကြောင်းတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၇)

၁၂၆။ ရဟန်းတို့ မိစ္ဆာဒိဋ္ဌိဖြစ်ပေါ်ရန် အကြောင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုး့တို့နည်းဟူမူ— တစ်ပါးသူထံမှ မသူတော်တရားသံကို ကြားနာရခြင်းလည်းကောင်း၊ မသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ မိစ္ဆာဒိဋ္ဌိဖြစ်ပေါ်ရန် အကြောင်းတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၈)

၁၂၇။ ရဟန်းတို့ သမ္မာဒိဋ္ဌိဖြစ်ပေါ်ရန် အကြောင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— တစ်ပါးသူထံမှ သူတော်ကောင်းတရားသံကို ကြားနာရခြင်း လည်းကောင်း၊ သင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ သမ္မာဒိဋ္ဌိဖြစ်ပေါ်ရန် အကြောင်း တို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၉)

၁၂၈။ ရဟန်းတို့ အာပတ်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ် နှစ်မျိုးတို့နည်းဟူမူ— ပေါ့သော လဟုကအာပတ်လည်းကောင်း လေးသော ဂရုကအာပတ်လည်းကောင်းတို့တည်း။ ရဟန်းတို့ အာပတ်တို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁ဝ)

၁၂၉။ ရဟန်းတို့ အာပတ်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ရုန့်ရင်းသော ‘ဒုဋ္ဌုလ္လ’ အာပတ်လည်းကောင်း၊ မရုန့်ရင်းသော ‘အဒုဋ္ဌုလ္လ’ အာပတ်လည်းကောင်းတို့တည်း။ ရဟန်း တို့ အာပတ်တို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁၁)

၁၃ဝ။ ရဟန်းတို့ အာပတ်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ် နှစ်မျိုးတို့နည်းဟူမူ— ကုစားရန် အကြွင်းရှိသော ‘သာဝသေသ’ အာပတ်လည်းကောင်း၊ ကုစားရန် အကြွင်းမရှိသော ‘အနာဝသေသ’ အာပတ်လည်းကောင်းတို့တည်း။ ရဟန်းတို့ အာပတ်တို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁၂)

ရှေးဦးစွာသော အာသာဒုပ္ပဇဟဝဂ် ပြီး၏။

၁။ ပုဗ္ဗကာရီ ပုဂ္ဂိုလ်။

၂။ ကတညုတ ကတဝေဒီပုဂ္ဂိုလ်။

၃။ တရားအထွတ်အထိပ်သို့ရောက်၍ နှလုံးအလိုပြည့်သဖြင့် နှိမ်သိမ့်ကြေနပ်သော ရဟန္တာနှင့် ပစ္စေကဗုဒ္ဓါ။

၄။ တရားအထွတ်အထိပ်သို့ရောက်၍ နှလုံးအလိုပြည့်သဖြင့် မိမိလည်း နှစ်သိမ့်ကြေနပ်၍ ဝေနေယျအများကိုလည်း နှစ်သိမ့်ကြေနပ်စေသော သဗ္ဗညုမြတ်စွာဘုရား။