အင်္ဂုတ္တရနိကာယ်
၅-ပရိသဝဂ်
၄၃။ ရဟန်းတို့ ပရိသတ်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ် နှစ်မျိုးတို့နည်း ဟူမူ- တိမ်သောပရိတ်သတ်၎င်း နက်သော ပရိသတ်၎င်းတို့တည်း။ ရဟန်းတို့ တိမ်သော ပရိတ်သတ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၀ယ် အကြင် ပရိတ်သတ်၌ ရဟန်းတို့သည် တုန်လှုပ် ပျံ့လွင့်ကုန်၏၊အချည်းနှီး တကြွ်ကသော မာန်ရှိကုန်၏၊ လျှပ်ပေါ်ကုန်၏၊ နှုတ်ကြမ်းကုန်၏၊ ရောက်တတ်ရာရာ အကျိုးမဲ့သော စကားကို ပြောလေ့ရှိကုန်၏၊ ပကတိပေါ်လွင်သော ဣန္ဒြေရှိကုန်၏။ ရဟန်းတို့ ဤပရိတ်သတ်ကိုတိမ်သော ပရိတ်သတ်ဟု ဆိုအပ်၏၊ ရဟန်းတို့ နက်သော ပရိတ်သတ်ဟူသော အဘယ်နည်း၊ ရဟန်းတို့ဤသာသနာတော်၀ယ် အကြင် ပရိတ်သတ်၌ ရဟန်းတို့သည် မတုန်လှုပ်၊ မပျံ့လွင့်ကုန်၊ အချည်းနှီးတကြွ်ကသောမာန် မရှိကုန်၊ မလျှပ်ပေါ်ကုန်၊ နှုတ်မကြမ်းကုန်၊ ရောက်တက်ရာရာ အကျိုးမဲ့စကားကိုပြောလေ့ မရှိကုန်၊ ထင်သော သတိရှိကုန်၏၊ ဆင်ခြင်Óဏ် ရှိကုန်၏၊ တည်ကြည်ကုန်၏၊ တည်ကြည်သော စိတ်ရှိကုန်၏၊ စောင့်စည်းသော ဣန္ဒြေရှိကုန်၏။ ရဟန်းတို့ ဤပရိတ်သတ်ကို နက်သော ပရိတ်သတ်ဟု ဆိုအပ်၏။ ရဟန်းတို့ ပရိတ်သတ်တို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤပရိတ်သတ်နှစ်မျိုးတို့တွင် နက်သော ပရိတ်သတ်သည် မြတ်ပေသတည်း ဟု (မိန့်တော်မူ၏)။ (၁)
၄၄။ ရဟန်းတို့ ပရိတ်သတ်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ် နှစ်မျိုးတို့နည်း ဟူမူ– မညီညွတ်သော '၀ဂ္ဂ' ပရိတ်သတ်၎င်း ညီညွတ်သော 'သမဂ္ဂ' ပရိတ်သတ်၎င်းတို့တည်း။ ရဟန်းတို့ မညီညွတ်သော '၀ဂ္ဂ' ပရိတ်သတ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၀ယ် အကြင် ပရိသတ်၌ရဟန်းတို့သည် ခိုက်ရန်ဖြစ်ကုန် ငြင်းခုံကုန် ဆန့်ကျင်ဖက် စကားကို ပြောဆိုကုန်သည် ဖြစ်၍ အချင်းချင်း နှုတ်လှံထိုးလျက် နေကြကုန်၏၊ ရဟန်းတို့ ဤပရိတ်သတ်ကို မညီညွတ်သော '၀ဂ္ဂ' ပရိသတ်ဟုဆိုအပ်၏။ ရဟန်းတို့ ညီညွတ်သော 'သမဂ္ဂ' ပရိသတ် ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာ၀ယ် အကြင် ပရိတ်သတ်၌ ရဟန်းတို့သည် ညီညွတ်ကုန် ၀မ်းမြောက်ကုန် ဆန့်ကျင်ဖက် စကားကိုမပြောဆိုကုန် နို့နှင့်ရေကဲ့သို့ ဖြစ်ကုန် အချင်းချင်း ချစ်မြတ်နိုးသော မျက်စိတို့ဖြင့် ကောင်းစွာ ကြည့်ရှုလျက် နေကြကုန်၏။ ရဟန်းတို့ ဤပရိတ်သတ်ကို ညီညွတ်သော 'သမဂ္ဂ' ပရိတ်သတ် ဟု ဆိုအပ်၏။ရဟန်းတို့ ပရိတ်သတ် တို့သည် ဤနှစ်မျိုး တို့ပေတည်း။ ရဟန်းတို့ ဤနှစ်မျိုးသော ပရိသတ်တို့တွင်ညီညွတ်သော 'သမဂ္ဂ' ပရိတ်သတ်သည် မြတ်ပေသတည်း ဟု (မိန့်တော်မူ၏)။ (၂)
၄၅။ ရဟန်းတို့ ပရိတ်သတ် တို့သည် ဤနှစ်မျိုး တို့တည်း။ အဘယ် နှစ်မျိုး တို့နည်း ဟူမူကောင်းမြတ်သော ပဋိပတ်အကျင့်နှင့် မပြည့်စုံသော ပုဂ္ဂိုလ်ရှိသော ပရိသတ်၎င်း ကောင်းမြတ်သောပဋိပတ် အကျင့်နှင့် မပြည့်စုံသော ပုဂ္ဂိုလ်ရှိသော ပရိသတ်၎င်း ဤနှစ်မျိုးတို့တည်း။ ရဟန်းတို့ ကောင်းမြတ်သော ပဋိပတ် အကျင့်နှင့် မပြည့်စုံသော ပုဂ္ဂိုလ်ရှိသော ပရိတ်သတ်ဟူသည် အဘယ်နည်း၊ရဟန်းတို့ ဤသာသနာတော်၀ယ် အကြင် ပရိသတ်၌ သီတင်းကြီးရဟန်းတို့သည် ပစ္စည်း ပရိက္ခရာများခြင်းငှါ ကျင့်ကုန်၏။ ဘုရား အဆုံးအမတော်ကို ပေါ့လျော့စွာ ယူကုန်၏။ အောက်ကို သတ်စေတတ်သည့် နိ၀ရဏတရားကို ပွားစေခြင်း၌ ရှေ့သွား ပြုကုန်၏၊ ၀ိသေက၁ ရမှု၌ တာ၀န်ကို ပစ်ချထားကြကုန်၏၊ မရောက်သေးသောတရား၂သို့ ရောက်ခြင်းငှာ မရသေးသော တရားကို ရခြင်းငှာ မျက်မှောက်မပြုရသေးသော တရားကို မျက်မှောက်ပြုခြင်းငှါ လုံ့လ မပြုကြကုန်။ ထိုသီတင်းကြီး ရဟန်းတို့၏နောက်လာ တပည့်သားအပေါင်းသည် မိမိတို့ မြင်ရသော ဆရာ့အပြုအမူကို အတုလိုက်ခြင်းသို့ရောက်ကုန်၏၊ ထိုနောင်လာ တပည့်သား အပေါင်းသည်လည်း ပစ္စည်း ပရိက္ခရာများခြငး်ငှါ ကျင့်ကုန်၏၊ဘုရားအဆုံးအမကို ပေါ့လျော့စွာ ယူကုန်၏၊ အောက်သို့ သက်စေတတ်သည့် နိ၀ရဏတရားကိုပွားစေခြင်း၌ ရှေ့သွားပြုကုန်၏၊ ၀ေိ၀ကရမှု၌ တာ၀န်ကို ပစ်ချထားကုန်၏၊ မရောက်သေးသော တရားသို့ ရောက်ခြင်းငှာ မရသေးသော တရားကို ရခြင်းငှါ မျက်မှောက် မပြုရသေးသော တရားကို မျက်မှောက် ပြုခြင်းငှါ လုံ့လ မပြုကုန်။
ရဟန်းတို့ ဤပရိတ်ကို ကောင်းမြတ်သော ပဋိပတ် အကျင့်နှင့်မပြည့်စုံသော ပုဂ္ဂိုလ်ရှိသော ပရိလတ် ဟု ဆို၏။ရဟန်းတို့ ကောင်းမြတ်သော ပဋိပတ်အကျင့်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ရှိသော ပရိသတ်ဟူသည်အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၀ယ် အကြင်ပရိသတ်၌ သီတင်းကြီးရဟန်းတို့သည် ပစ္စည်းပရိက္ခရာများခြင်းငှါ မကျင့်ကုန်၊ ဘရား အဆုံးအမကို ပေါ့လျော့စွာ မယူကုန်၊ အောက်သို့ သက်စေတတ်သည့် နီ၀ရဏတရားကို ပွားစေခြင်း၌ တာ၀န်ကို ပစ်ချထားကြကုန်၏၊ ၀ေိ၀ကရမှု၌ ရှေ့သွားပြုကုန်၏၊မရောက်သေးသော တရားသို့ ရောက်ခြင်းငှါ မရသေးသော တရားကို ရခြင်းငှါ မျက်မှောက် မပြုရသေးသော တရားကို မျက်မှောက်ပြုခြင်းငှါ လုံ့လပြုကုန်၏။ ထိုသီတင်းကြီး ရဟန်းတို့၏ နောင်လာ တပည့်သားအပေါင်းသည်လည်း မိမိတို့ မြင်ရသော ဆရာ့ အပြုအမူကို အတုလိုက်ခြင်းသို့ ရောက်ကုန်၏၊ ထိုနောင်လာ တပည့်သား အပေါင်းသည်လည်း ပစ္စည်း ပရိက္ခရာများခြင်းငှာ မကျင့်ကုန်၊ ဘုရား အဆုံးအမကို ပေါ့လျော့စွာ မယူကုန်၊ အောက်သို့ သက်စေတတ်သည့် နီ၀ရဏတရားကို ပွားစေခြင်း၌ တာ၀န်ကိုပစ်ချထားကုန်၏၊ ၀ေိ၀ကရမှု၌ ရှေ့သွားပြုကုန်၏၊ မရောက်သေးသော တရားသို့ ရောက်ခြင်းငှါ မရသေးသော တရားကို ရခြင်းငှါ မျက်မှောက် မပြုရသေးသော တရားကို မျက်မှောက် ပြုခြင်းငှါ လုံ့လပြုကုန်၏။ရဟန်းတို့ ဤပရိတ်သတ်ကို ကောင်းမြတ်သော ပဋိပတ်အကျင့်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ရှိသော ပရိသတ်ဟု ဆိုအပ်၏။ ရဟန်းတို့ ပရိသတ်တို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤနှစ်မျိုးသော ပရိသတ်တို့တွင် ကောင်းမြတ်သော ပဋိပတ် အကျင့်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ရှိသော အကြင် ပရိသတ်သည်ရှိ၏။ထိုပရိသတ်သည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၃)
၄၆။ ရဟန်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ် နှစ်မျိုး တို့နည်း ဟူမူ– ပုထုဇဉ် ပရိတ်သတ်၎င်း အရိယာပရိတ်၎င်းတို့တည်း။ ရဟန်းတို့ ပုထုဇဉ်ပရိသတ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ဤသာသနာတော်၀ယ် အကြင် ပရိသတ်၌ ရဟန်းတို့သည် ''ဤကားဆင်းရဲတည်း'' ဟု ဟုတ်မှန်သည့်အတိုင်း မသိကုန်၊ ''ဤကား ဆင်းရဲဖြစ်ခြင်း၏ အကြောင်းတည်း'' ဟု ဟုတ်မှန်သည့် အတိုင်းမသိကုန်၊ ''ဤကား ဆင်းရဲချုပ်ရာ နိဗ္ဗာန်တည်း'' ဟု ဟုတ်မှန်သည့်အတိုင်း မသိကုန်၊ ''ဤကား ဆင်းရဲချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်တည်း'' ဟု ဟုတ်မှန်သည့်အတိုင်း မသိကုန်။ ရဟန်းတို့ ဤပရိတ်သတ်ကို ပုထုဇဉ်ပရိသတ် ဟု ဆိုအပ်၏။ ရဟန်းတ့ရို ိယာ ပရိသတ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၀ယ် အကြင် ပရိတ်သတ်၌ ရဟန်းတို့သည် ''ဤကား ဆင်းရဲတည်း'' ဟု ဟုတ်မှန်သည့်အတိုင်း သိကုန်၏၊ ''ဤကား ဆင်းရဲဖြစ်ခြင်း၏ အကြောင်းတည်း'' ဟု ဟုတ်မှန်သည့် အတိုင်း သိကုန်၏၊ ''ဤကား ဆင်းရဲချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်တည်း'' ဟု ဟုတ်မှန်သည့် အတိုင်းသိကုန်၏။ ရဟန်းတို့ ဤပရိတ်သတ်ကို အရိယာပရိသတ်ဟု ဆိုအပ်၏။ ရဟန်းတို့ ပရိသတ်တို့သည်ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤနှစ်မျိုးသော ပရိသတ်တို့တွင် အကြင် အရိယာပရိသတ်သည် ရှိ၏၊ထိုပရိသတ်သည် မြတ်ပေသတည်း ဟု (မိန့်တော်မူ၏)။ (၄)
၄၇။ ရဟန်းတို့ ပရိတ်သတ်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ -ရှုပ်ထွေးပွေလိမ် ဖျင်းသိမ်သော ပရိတ်သတ်၎င်း သန့်ရှင်းကြည်လင်အနှစ်ထင်သော ပရိသတ်၎င်းတို့ တည်း။ရဟန်းတို့ ရှုပ်ထွေး ပွေလိမ် ဖျင်းသိမ်သော ပရိတ်သတ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၀ယ် အကြင်ပရိတ်သတ်၌ ရဟန်းတို့သည် ချစ်သဖြင့် မလာအပ်သော ဆန္ဒာဂတိသို့ လိုက်ကုန်၏။မုန်းသဖြင့် မလားအပ်သော ဒေါသာဂတိသို့ လိုက်ကုန်၏။ မသိသဖြင့် မလာအပ်သော မောဟာဂတိသို့လိုက်ကုန်၏၊ ကြောက်သဖြင့် မလားအပ်သော ဘယာဂတိသို့ လိုက်ကုန်၏။
ရဟန်းတို့ ဤပရိတ်သတ်ကိုရှုတ်ထွေး ပွေလိမ် ဖျင်းသိမ်သော ပရိသတ်ဟု ဆိုအပ်၏။ ရဟန်းတို့ သန့်ရှင်း ကြည်လင် အနှစ်ထင်သော ပရိသတ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၀ယ် အကြင် ပရိသတ်၌ ရဟန်းတို့သည် ချစ်သဖြင့် မလာအပ်သော ဆန္ဒာဂတိသို့ မလိုက်ကုန်၊ မုန်းသဖြင့် မလာအပ် သော မောဟာဂတိသို့ မလိုက်ကုန်၊ ကြောက်သဖြင့် မလာအပ်သော ဘယာဂတိသို့ မလိုက်ကုန်။ ရဟန်းတို့ဤပရိတ်သတ်ကို သန့်ရှင်း ကြည်လင် အနှစ်ထင်သော ပရိတ်သတ် ဟု ဆိုအပ်၏။ ရဟန်းတို့ ပရိသတ် တို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤနှစ်မျိုးသော ပရိတ်သတ်တို့တွင် အကြင် သန့်ရှင်းကြည်လင် အနှစ်ထင်သော ပရိတ်သတ်သည်ရှိ၏။ ထိုပရိတ်သတ်သည် မြတ်ပေသတည်း ဟု (မိန့်တော်မူ၏)။ (၅)
၄၈။ ရဟန်းတို့ ပရိတ်သတ်တို့သည် ဤနှစ်မျိုး တို့တည်း။ အဘယ် နှစ်မျိုး တို့နည်း ဟူမူ- အဆုံးအမ ခက်သော မေးမြန်း၍ မဆုံးမအပ်သော ပရိသတ်၎င်း မေးမြန်း၍ ဆုံးမအပ်သော အဆုံးအမ မခက်သော ပရိသတ် ၎င်းတို့တည်း။ ရဟန်းတို့ ဆုံးမခက်သော မေးမြန်း၍ ဆုံးမအပ်သော ပရိသတ်ဟူသည်အဘယ်နည်း၊ ဤသာသနာတော်၀ယ် အကြင်ပရိသတ်၌ ရဟန်းတို့သည် ဘုရားဟောဖြစ်ကုန် နက်နဲကုန်နက်နဲသော အနက်ရှိသော လောကထက် လွန်မြတ်သော အနက်ကို ပြတတ်ကုန် သတ္တမှ ဆိတ်သုဉ်းခြင်းနှင့် ယှဉ်ကုန်သော သုတ်တို့ကို ဟောကြားအပ် ကုန်သည်ရှိသော် ကောင်းစွာ မနာယူကုန်၊ နားမစိုက်ကုန်၊ သိရန် စိတ်မ၀င်စားကုန်၊ ထိုတရားတို့ကို နာယူအပ် သင်ကြားအပ်ပါ၏ဟုလည်း မထင်မှတ်ကုန်၊ကဗျာဆရာတို့ ပြုအပ်ကုန်၊ ကဗျာဆရာတို့ ဖွဲ့နွဲ့သီကုံးအပ်ကုန်၊ ဆန်းကြယ်သော အက္ခရာရှိကုန်၊ဆန်းကြယ်သော သဒ္ဒါရှိကုန်၊ သာသနာတော်မှ အပ ဖြစ်ကုန် သာသနာတော်မှ အပ ဖြစ်သူတို့၏တပည့်တို့ ဟောကြားအပ်ကုန်သော သုတ်တို့ကို ဟောကြားအပ်ကုန်သည်ရှိသော် ကောင်းစွာ နာယူကြကုန်၏၊ ကောင်းစွာ နားစိုက်ကုန်၏၊ သိရန် စိတ်၀င်စားကြကုန်၏၊ ထိုသုတ်တို့ကို နာယူအပ် သင်ကြားအပ်၏ဟု မှတ်ထင်ကုန်၏၊
ထိုရဟန်းတို့သည် ထိုသုတ်တရားတို့ကို သင်ကြား၍ အချင်းချင်း မေးလည်းမမေးမြန်းကြကုန်၊ ''ဤသုတ်ကား အဘယ်သို့နည်း၊ ဤသုတ်၏၊ အနက်အဓိပ္ပာယ်ကား အဘယ်သို့နည်း''ဟု မေးမြန်းခြင်းငှါ (ပညာရှိများရှိရာအရပ်သို့) မလှည့်လည်ကုန်၊ ထိုရဟန်းတို့သည် မပွင့်လင်းသည်ကိုလည်း ပွင့်လင်းအောင် မပြုကုန်၊ မပေါ်လွင်သည်ကိုလည်း ပေါ်လွင်အောင် မပြုကုန်၊ များစွာသောယုံမှားကြောင်း တရားတို့၌လည်း ယုံမှားခြင်းကို မပယ်ဖျောက်ကုန်။
ရဟန်းတို့ ဤပရိသတ်ကို ဆုံးမခက်သော မေးမြန်း၍ မဆုံးမအပ်သော ပရိသတ် ဟု ဆိုအပ်၏။ရဟန်းတို့ မေးမြန်း၍ ဆုံးမအပ်သော အဆုံးအမ မခက်သော ပရိသတ်ဟူသည် အဘယ်နည်း၊ရဟန်းတို့ ဤသာသနာတော်၀ယ် အကြင် ပရိသတ်၌ ရဟန်းတို့သည် ကဗျာဆရာတို့ ပြုအပ်ကုန်ကဗျာဆရာတို့ ဖွဲ့နွဲ့သီကုံးအပ်ကုန် ဆန်းကြယ်သော အက္ခရာရှိကုန် ဆန်းကြယ်သော သဒ္ဒါ ရှိကုန်သာသနာတော်မှအပ ဖြစ်ကုန် သာသနာတော်မှ အပဖြစ်ကုန်သော သူတို့၏ တပည့်သာ၀ကတို့ဟောကြားအပ် ကုန်သော သုတ်တို့ကို ဟောကြားအပ် ကုန်သည်ရှိသော် မနာယူရန် နားမစိုက်ကုန်၊သိရန် စိတ်မ၀င်စားကုန်၊ ထိုတရားတို့ကို နာယူအပ် သင်ကြားအပ်၏ဟု မထင်မှတ်ကုန်၊ ဘုရားဟောဖြစ်ကုန် နက်နဲကုန် နက်နဲသော အနက်ရှိကုန် လောကထက် လွန်မြတ်သော အနက်ကို ပြတတ်ကုန်သတ္တမှ ဆိတ်သုဉ်းခြင်းနှင့် ယှဉ်ကုန်သော တရားတို့ကို ဟောကြားအပ်ကုန်သည် ရှိသော် ကောင်းစွာနာယူကုန်၏၊ ကောင်းစွာ နားစိုက်ကုန်၏၊ သိရန် စိတ်၀င်စားကုန်၏၊ ထိုတရားတို့ကိုလည်း နာယူအပ်၏ဟု မှတ်ထင်ကုန်၏။ ထိုရဟန်းတို့သည် သင်ကြား၍ အချင်းချင်း မေးမြန်းကြကုန်၏၊ ''ဤသုတ်ကားအဘယ်သို့နည်း၊ ဤသုတ်ကား အဘယ်သို့နည်း၊ ဤသုတ်၏ အနက်အဓိပ္ပါယ်ကား အဘယ်သို့နည်း'' ဟုမေးမြန်ခြင်းငှာ (ပညာရှိများရှိရာအရပ်သို့) လှည့်လည်ကုန်၏၊ ထိုရဟန်းတို့သည် မပွင့်လင်းသည်ကိုလည်း ပွင့်လင်းအောင် ပြုကုန်၏၊ မပေါ်လွင်သည်ကိုလည်း ပယ်ဖျောက်ကုန်၏။ ရဟန်းတို့ ဤပရိသတ်ကို မေးမြန်း၍ ဆုံးမအပ်သော အဆုံးအမ မခက်သော ပရိတ်သတ်ဟု ဆိုအပ်၏။ ရဟန်းတို့ ပရိသတ်တို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤနှစ်မျိုးသော ပရိသတ်တို့တွင် အကြင် မေးမြန်း၍ ဆုံးမအပ်သော အဆုံးအမ မခက်သော ပရိတ်သတ်သည်ရှိ၏၊ ထိုပရိတ်သတ်သည် မြတ်ပေသတည်း ဟု(မိန့်တော် မူ၏)။ (၆)
၄၉။ ရဟန်းတို့ ပရိသတ်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ပစ္စည်း ‘အာမိသ’ကို အလေးပြု၍ သူတော်ကောင်းတရားကို အလေးမပြုသော ပရိသတ်လည်းကောင်း၊ သူတော် ကောင်းတရားကို အလေးပြု၍ ပစ္စည်း ‘အာမိသ’ကို အလေးမပြုသော ပရိသတ်လည်းကောင်းတို့တည်း။ ရဟန်းတို့ ပစ္စည်း ‘အာမိသ’ ကို အလေးပြု၍ သူတော်ကောင်းတရားကို အလေးမပြုသော ပရိသတ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်ဝယ် အကြင် ပရိသတ်၌ ရဟန်းတို့သည် လူဝတ်ကြောင်တို့၏ မျက်မှောက်၌ အချင်းချင်း၏ ဂုဏ်ကို ပြောကြကုန်၏၊ “ဤမည်သော ရဟန်းသည် ဥဘတောဘာဂ ဝိမုတ္တပုဂ္ဂိုလ်၃ ဖြစ်၏၊ ဤမည်သော ရဟန်းသည် ပညာဝိမုတ္တပုဂ္ဂိုလ်၄ ဖြစ်၏၊ ဤမည်သော ရဟန်းသည် ကာယသက္ခိပုဂ္ဂိုလ်၅ ဖြစ်၏၊ ဤမည်သော ရဟန်းသည် ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ်၆ ဖြစ်၏၊ ဤမည်သော ရဟန်းသည် သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်၇ ဖြစ်၏၊ ဤမည်သော ရဟန်းသည် ဓမ္မာနုသာရီပုဂ္ဂိုလ်၈ ဖြစ်၏၊ ဤမည်သော ရဟန်းသည် သဒ္ဓါနုသာရီပုဂ္ဂိုလ်၉ ဖြစ်၏၊ ဤမည်သော ရဟန်းသည် သီလရှိ၏၊ ကောင်းသော သဘောရှိ၏၊ ဤမည်သော ရဟန်းကား သီလမရှိ၊ ယုတ်သော သဘောရှိ၏”ဟု ပြောကြကုန်၏။ ထို ရဟန်းတို့သည် ထိုသို့ပြောသောကြောင့် လာဘ်ရကုန်၏၊ ထိုရဟန်းတို့သည် ထို လာဘ်ကို ရသောကြောင့် မက်မောကုန်သည် တွေဝေကုန်သည် တဏှာဖြင့် လွှမ်းမိုးအပ်ကုန်သည်ဖြစ်၍ အပြစ်ဟု ရှုလေ့မရှိကြကုန်ဘဲ ထွက်မြောက်ကြောင်းဖြစ်သော ပညာမှ ကင်းကုန်လျက် သုံးဆောင်ကုန်၏။ ရဟန်းတို့ ဤပရိသတ်ကို ပစ္စည်း ‘အာမိသ’ကို အလေးပြု၍ သူတော်ကောင်းတရားကို အလေးမပြုသော ပရိသတ်ဟု ဆိုအပ်၏။
ရဟန်းတို့ သူတော်ကောင်းတရားကို အလေးပြု၍ ပစ္စည်း ‘အာမိသ’ကို အလေးမပြုသော ပရိသတ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်ဝယ် အကြင် ပရိသတ်၌ ရဟန်းတို့သည် လူဝတ်ကြောင်တို့၏ မျက်မှောက်၌ အချင်းချင်း၏ ဂုဏ်ကို မပြောကြကုန်။ “ဤမည်သော ရဟန်းသည် ဥဘတောဘာဂဝိမုတ္တပုဂ္ဂိုလ် ဖြစ်၏၊ ဤမည်သော ရဟန်းသည် ပညာဝိမုတ္တပုဂ္ဂိုလ် ဖြစ်၏၊ ဤမည်သော ရဟန်းသည် ကာယသက္ခိပုဂ္ဂိုလ် ဖြစ်၏၊ ဤမည်သော ရဟန်းသည် ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ် ဖြစ်၏၊ ဤမည်သော ရဟန်းသည် သဒ္ဓါဝိမုတ္တပုဂ္ဂိုလ် ဖြစ်၏၊ ဤမည်သော ရဟန်းသည် ဓမ္မာနုသာရီပုဂ္ဂိုလ် ဖြစ်၏၊ ဤမည် သော ရဟန်းသည် သဒ္ဓါနုသာရီပုဂ္ဂိုလ် ဖြစ်၏၊ ဤမည်သော ရဟန်းသည် သီလရှိ၏၊ ကောင်းသော သဘောရှိ၏၊ ဤမည်သော ရဟန်းကား သီလမရှိ၊ ယုတ်သော သဘောရှိ၏”ဟု မပြောကြကုန်။ ထိုရဟန်းတို့သည် ထိုသို့ မပြောသောကြောင့် လာဘ်ရကုန်၏၊ ထိုရဟန်းတို့သည် ထို လာဘ်ကို ရသောကြောင့် မမက်မောကုန်သည် မတွေဝေကုန်သည် တဏှာဖြင့် မလွှမ်းမိုးကုန်သည် အပြစ်ဟု ရှုလေ့ရှိကုန်သည် ထွက်မြောက်ကြောင်းဖြစ်သော ပညာရှိကုန်သည်ဖြစ်၍ သုံးဆောင်ကုန်၏။ ရဟန်းတို့ ဤပရိသတ်ကို သူတော်ကောင်းတရားကို အလေးပြု၍ ပစ္စည်း ‘အာမိသ’ ကို အလေးမပြုသော ပရိသတ်ဟု ဆိုအပ်၏။ ရဟန်းတို့ ပရိသတ်တို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤပရိသတ်နှစ်မျိုးတို့တွင် သူတော် ကောင်းတရားကို အလေးပြု၍ ပစ္စည်း ‘အာမိသ’ ကို အလေးမပြုသော အကြင် ပရိသတ်သည် ရှိ၏၊ ထို ပရိသတ်သည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၇)
၅ဝ။ ရဟန်းတို့ ပရိသတ်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— တရားနှင့်မညီသော ‘ကောက်ကျစ်သော’ ပရိသတ်လည်းကောင်း၊ တရားနှင့်ညီသော ‘ဖြောင့်မတ်သော’ ပရိသတ်လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားနှင့်မညီသော ‘ကောက်ကျစ်သော’ ပရိသတ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်ဝယ် အကြင် ပရိသတ်၌တရားနှင့်မညီသော အမှု ‘အဓမ္မကံ’တို့သည် ဖြစ်ကုန်၏၊ တရားနှင့်ညီသော အမှု ‘ဓမ္မကံ’တို့သည် မဖြစ်ကုန်၊ ဝိနည်းနှင့် မညီသော အမှု ‘ဥဗ္ဗိနယကံ’တို့သည် ဖြစ်ကုန်၏၊ ဝိနည်းနှင့်ညီသော အမှု ‘ဝိနယကံ’တို့သည် မဖြစ်ကုန်၊ တရားနှင့်မညီသော အမှု ‘အဓမ္မကံ’တို့သည် ထွန်းပကုန်၏၊ တရားနှင့် ညီသော အမှု ‘ဓမ္မကံ’တို့သည် မထွန်းပကုန်၊ ဝိနည်းနှင့် မညီသော အမှု ‘ဥဗ္ဗိနယကံ’တို့သည် ထွန်းပကုန်၏၊ ဝိနည်းနှင့် ညီသော အမှု ‘ဝိနယကံ’တို့သည် မထွန်းပကုန်။ ရဟန်းတို့ ဤပရိသတ်ကိုတရားနှင့်မညီသော ‘ကောက်ကျစ်သော’ ပရိသတ်ဟု ဆို အပ်၏။ ရဟန်းတို့ တရားနှင့်ညီသော ‘ဖြောင့်မတ်သော’ ပရိသတ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်ဝယ် အကြင် ပရိသတ်၌တရားနှင့်ညီသော အမှု ‘ဓမ္မကံ’တို့သည် ဖြစ်ကုန်၏၊ တရားနှင့် မညီသော အမှု ‘အဓမ္မကံ’တို့သည် မဖြစ်ကုန်၊ ဝိနည်းနှင့်ညီသော အမှု ‘ဝိနယကံ’တို့သည် ဖြစ်ကုန်၏၊ ဝိနည်းနှင့် မညီသော အမှု ‘ဥဗ္ဗိနယကံ’တို့သည် မဖြစ်ကုန်၊ တရားနှင့်ညီသော အမှု’ဓမ္မကံ’တို့သည် ထွန်းပကုန်၏၊ တရားနှင့်မညီသော အမှု ‘အဓမ္မကံ’တို့သည် မထွန်းပကုန်။ ဝိနည်းနှင့်ညီသော အမှု ‘ဝိနယကံ’တို့သည် ထွန်းပကုန်၏၊ ဝိနည်းနှင့် မညီသော အမှု ‘ဥဗ္ဗိနယကံ’တို့သည် မထွန်းပကုန်။ ရဟန်းတို့ ဤပရိသတ်ကိုတရားနှင့်ညီသော ‘ဖြောင့်မတ်သော’ ပရိသတ်ဟု ဆိုအပ်၏။ ရဟန်းတို့ ပရိသတ်တို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤနှစ်မျိုးသော ပရိသတ်တို့တွင်တရားနှင့်ညီသော ‘ဖြောင့်မတ်သော’ အကြင် ပရိသတ်သည် ရှိ၏၊ ထို ပရိသတ်သည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၈)
၅၁။ ရဟန်းတို့ ပရိသတ်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— တရားနှင့် ယှဉ်သော ပရိသတ်လည်းကောင်း၊ တရားနှင့်မယှဉ်သော ပရိသတ်လည်းကောင်း ဤနှစ်မျိုးတို့တည်း။ ရဟန်းတို့ ဤနှစ်မျိုးသော ပရိသတ်တို့တွင်တရားနှင့်ယှဉ်သော အကြင် ပရိသတ်သည် ရှိ၏၊ ထို ပရိသတ်သည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၉)
၅၂။ ရဟန်းတို့ ပရိသတ်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— တရား မဟုတ်သည်ကို ဆိုလေ့ရှိသော ‘အဓမ္မဝါဒီ’ ပရိသတ်လည်းကောင်း၊ တရားဟုတ်သည်ကို ဆိုလေ့ရှိသော ‘ဓမ္မဝါဒီ’ ပရိသတ်လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားမဟုတ်သည်ကို ဆိုလေ့ရှိသော ‘အဓမ္မဝါဒီ’ ပရိသတ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်ဝယ် အကြင် ပရိသတ်၌ ရဟန်းတို့သည်တရားနှင့်လျော်သော အဓိကရုဏ်းကိုသော်လည်းကောင်း၊ တရားနှင့်မလျော်သော အဓိကရုဏ်းကိုသော်လည်းကောင်း ယူကုန်၏၊ ထိုရဟန်းတို့သည် ထို အဓိကရုဏ်းကို ယူ၍ အချင်းချင်း သိရှိနားလည်ရန်လည်း မပြောကြားကုန်၊ သိရှိနားလည်ရန် ပြောကြားခြင်းငှါလည်း မစည်းဝေးကုန်၊ နှစ်သိမ့်ကြေအေးရန်လည်း မပြုကုန်၊ နှစ်သိမ့်ကြေအေးရန်ပြုခြင်းငှါလည်း မစည်းဝေးကုန်။ ထိုရဟန်းတို့သည် သိရှိနား လည်ရန် ပြောကြားခြင်းအင်အား မရှိကုန် နှစ်သိမ့်ကြေအေးရန် ပြုခြင်းအင်အား မရှိကုန် အဓိကရုဏ်းကို စွန့်ခြင်း၌ တိုင်ပင်ခြင်း မရှိကုန်မူ၍ ထို အဓိကရုဏ်းကိုပင်လျှင် မှားသော မြင်ခြင်း၏ အစွမ်းအားဖြင့်လည်းကောင်း၊ မှားသော သုံးသပ်ခြင်းအားဖြင့်လည်းကောင်း သက်ဝင်စွဲလမ်း၍ “ငါ့အယူသာ မှန်၏၊ တစ်ပါးသော အယူသည် အချည်းနှီးတည်း”ဟု ပြောဆိုကုန်၏။ ရဟန်းတို့ ဤပရိသတ်ကိုတရား မဟုတ်သည်ကို ဆိုလေ့ရှိသော ‘အဓမ္မဝါဒီ’ ပရိသတ်ဟူ၍ ဆိုအပ်၏။
ရဟန်းတို့ တရားဟုတ်သည်ကို ဆိုလေ့ရှိသော ‘ဓမ္မဝါဒီ’ ပရိသတ်ဟူသည် အဘယ်နည်း၊ ဤသာသနာတော်ဝယ် အကြင် ပရိသတ်၌ ရဟန်းတို့သည်တရားနှင့်လျော်သော အဓိကရုဏ်းကိုသော်လည်းကောင်း၊ တရားနှင့်မလျော်သော အဓိကရုဏ်းကိုသော်လည်းကောင်း ယူကုန်၏။ ထိုရဟန်းတို့သည် ထို ့အဓိကရုဏ်းကိုယူ၍ အချင်းချင်း သိရှိနားလည်ရန်လည်း ပြောကြားကုန်၏၊ သိရှိနားလည်ရန် ပြောကြားခြင်းငှါလည်း စည်းဝေးကုန်၏၊ နှစ်သိမ့် ကြေအေးရန်လည်း ပြုကုန်၏၊ နှစ်သိမ့်ကြေအေးရန် ပြုခြင်းငှါလည်း စည်းဝေးကုန်၏၊ ထိုရဟန်းတို့သည် သိရှိနားလည်ရန် ပြောကြားခြင်းအင်အား ရှိကုန်သည် နှစ် သိမ့်ကြေအေးရန် ပြုခြင်းအင်အား ရှိကုန်သည် အဓိကရုဏ်းကို စွန့်ခြင်းငှါ တိုင်ပင်ခြင်း ရှိကုန်သည်ဖြစ်၍ ထို အဓိကရုဏ်းကိုပင်လျှင် မှားသော မြင်ခြင်း၏ အစွမ်းအားဖြင့်လည်းကောင်း၊ မှားသော သုံးသပ်ခြင်းဖြင့်လည်းကောင်း သက်ဝင်စွဲလမ်း၍ “ငါ့အယူသာ မှန်၏၊ တစ်ပါးသော အယူသည် အချည်းနှီးတည်း”ဟု မပြောဆိုကုန်။ ရဟန်းတို့ ဤပရိသတ်ကိုတရားဟုတ်သည်ကို ဆိုလေ့ရှိသော ‘ဓမ္မဝါဒီ’ ပရိသတ်ဟူ၍ ဆိုအပ်၏။ ရဟန်းတို့ ပရိသတ်တို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤနှစ်မျိုးသော ပရိသတ်တို့တွင်တရားဟုတ်သည်ကို ဆိုလေ့ရှိသော အကြင် ‘ဓမ္မဝါဒီ’ ပရိသတ်သည် ရှိ၏၊ ထို ပရိသတ်သည် မြတ် ပေသတည်းဟု (မိန့်တော်မူ၏)။ (၁ဝ)
ငါးခုမြောက် ပရိသဝဂ် ပြီး၏။
ပဌမ သုတ်ငါးဆယ် ပြီး၏။
၁။ ကိလေသာတို့မှ ကင်းဝေးဆိတ်ညံမှုကို ဆိုသည်။
၂။ ဈာန် ဝိပဿနာ မဂ် ဖိုလ်တို့ကို ဆိုသည်။
၃။ ရှစ်ပါးသော သမာပတ်တို့ဖြင့် ဝိက္ခမ္ဘနဝိမုတ္တိအားဖြင့်လည်းကောင်း မဂ်ဖြင့် သမုစ္ဆေဒဝိမုတ္တိ အားဖြင့်လည်းကောင်း နှစ်ကြိမ် သို့မဟုတ် နှစ်ပါးသော အဖို့တို့မှ လွတ်မြောက်သော အရဟတ္တ ဖလဋ္ဌာန်ပုဂ္ဂိုလ်။
၄။ ပညာရှေ့ဆောင်ခြင်းဖြင့် ဖြစ်စေ သဒ္ဓါရှေ့ဆောင်ခြင်းဖြင့် ဖြစ်စေ သမာပတ်ရှစ်ပါးကို မရမူ၍ ကိလေသာမှ လွတ်သော အရဟတ္တဖလဋ္ဌာန်ပုဂ္ဂိုလ်။
၅။ ပညာရှေ့ဆောင်ခြင်းဖြင့် ဖြစ်စေ သဒ္ဓါရှေ့ဆောင်ခြင်းဖြင့် ဖြစ်စေ သမာပတ်ရှစ်ပါးနှင့် ပြည့်စုံခဲ့၍ နိဗ္ဗာန်ကို မျက်မှောက် ပြုသော သောတာပတ္တိဖလဋ္ဌာန်ပုဂ္ဂိုလ်မှ စ၍ အရဟတ္တမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်အထိ သေက္ခပုဂ္ဂ္ဂိုလ် ခြောက်ဦးတို့တွင် တစ်ဦးသောပုဂ္ဂိုလ်။
၆။ ပညာရှေ့ဆောင်ခြင်းဖြင့် သမာပတ်ရှစ်ပါးကို မရမူ၍ မဂ်ဖိုလ်ဉာဏ်အမြင်သို့ ဆိုက်ရောက်သော သောတာပတ္တိ ဖလဋ္ဌာန် ပုဂ္ဂိုလ်မှ စ၍ အရဟတ္တမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်အတိ သေက္ခပုဂ္ဂ္ဂိုလ် ခြောက်ဦးတို့တွင် တစ်ဦးသောပုဂ္ဂိုလ်။
၇။ သဒ္ဓ္ဓါရှေ့ဆောင်ခြင်းဖြင့် သမာပတ်ရှစ်ပါးကို မရမူ၍ကိလေသာမှ လွတ်သော သောတာပတ္တိဖလဋ္ဌာန်မှ အရဟတ္တ မဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်အထိ သေက္ခပုဂ္ဂ္ဂိုလ် ခြောက်ဦးတို့တွင် တစ်ဦးသောပုဂ္ဂိုလ်။
၈။ ပညာရှေ့ဆောင်ခြင်းဖြင့် သမာပတ်ရှစ်ပါးနှင့်ပြည့်စုံခဲ့၍ သောတာပတ္တိမဂ်ဖိုလ်သို့ ရောက်ပြီးလျှင်တရားကို အောက်မေ့လေ့ရှိသော ပုဂ္ဂိုလ်။
၉။ သဒ္ဓ္ဓါရှေ့ဆောင်ခြင်းဖြင့် သမာပတ်ရှစ်ပါးကို မရမူ၍ သောတာပတ္တိမဂ်ဖိုလ်သို့ ရောက်ပြီးလျှင် သဒ္ဓါကို အောက်မေ့ခြင်းရှိသော ပုဂ္ဂိုလ်။