အင်္ဂုတ္တရနိကာယ်

(၆) ၁-ပုဂ္ဂလဝဂ်

၅၃။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့သည် လောက၌ ဖြစ်ပေါ်လာကုန်သော် လူအများ၏ အစီး အပွါးရှိခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ လူအများ၏ အကျိုးရှိခြင်းငှါ နတ်လူတို့၏ အစီးအပွါးရှိခြင်းငှါ့ချမ်းသာခြင်းငှါ ဖြစ်ပေါ်လာကုန်၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားလည်းကောင်း၊ စကြာရတနာ ကို လည်စေနိုင်သော ‘စကြဝတေး’ မင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့သည် လောက၌ ဖြစ်ပေါ်လာကုန်သော် လူအများ၏ အစီးအပွါးရှိခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ လူအများ၏ အကျိုးရှိခြင်းငှါ နတ်လူတို့၏ အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ပေါ်လာကုန်၏ဟု (မိန့်တော်မူ၏)။ (၁)

၅၄။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့သည် လောက၌ ဖြစ်ပေါ်လာကုန်သော် အံ့ချီးလောက်သော လူတို့ဖြစ်ကုန်၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားလည်းကောင်း၊ စကြာရတနာကို လည်စေ နိုင်သော ‘စကြဝတေး’ မင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့သည် လောက၌ ဖြစ်ပေါ်လာကုန်သော် အံ့ချီးလောက်သော လူတို့ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။ (၂)

၅၅။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့၏ ကွယ်လွန်ခြင်းကြောင့် လူအများ၏ ပူပန်ခြင်းသည် ဖြစ်၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားလည်းကောင်း၊ စကြာရတနာကို လည်စေနိုင်သော ‘စကြဝတေး’ မင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့၏ ကွယ်လွန်ခြင်းကြောင့် လူအများ၏ ပူပန်ခြင်းသည် ဖြစ်၏ဟု (မိန့်တော်မူ၏)။ (၃)

၅၆။ ရဟန်းတို့ စေတီထိုက်သော ပုဂ္ဂိုလ်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားလည်းကောင်း၊ စကြာရတနာကို လည်စေနိုင်သော ‘စကြဝတေး’ မင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ စေတီထိုက်သော ပုဂ္ဂိုလ်တို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၄)

၅၇။ ရဟန်းတို့ (သစ္စာလေးပါးကို သိတော်မူကုန်သော) ဘုရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဘုရား ‘သမ္မာသမ္ဗုဒ္ဓ’လည်းကောင်း၊ သစ္စာလေးပါးကို အသီးအခြား သိတော်မူ သော ဘုရား ‘ပစ္စေကဗုဒ္ဓါ’လည်းကောင်းတို့တည်း။ ရဟန်းတို့ (သစ္စာလေးပါးကို သိတော်မူကုန်သော) ဘုရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၅)

၅၈။ ရဟန်းတို့ ဤနှစ်မျိုးတို့သည် မိုးကြိုးပစ်သော်လည်း မထိတ်လန့်ကုန်၊ အဘယ်နှစ်မျိုးတို့နည်းဟူမူ— အာသဝေါကုန်ခန်းပြီးသော ရဟန္တာလည်းကောင်း၊ ဆင်အာဇာနည်လည်းကောင်းတို့တည်း။ ရဟန်းတို့ ဤနှစ်မျိုးတို့သည် မိုးကြိုးပစ်သော်လည်း မထိတ်လန့်ကြကုန်ဟု (မိန့်တော်မူ၏)။ (၆)

၅၉။ ရဟန်းတို့ ဤနှစ်မျိုးတို့သည် မိုးကြိုးပစ်သော်လည်း မထိတ်လန့်ကုန်။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— အာသဝေါကုန်ခန်းပြီးသော ရဟန္တာလည်းကောင်း၊ မြင်းအာဇာနည်လည်းကောင်းတို့တည်း။ ရဟန်းတို့ ဤနှစ်မျိုးတို့သည် မိုးကြိုးပစ်သော်လည်း မထိတ်လန့်ကြကုန်ဟု (မိန့်တော်မူ၏)။ (၇)

၆ဝ။ ရဟန်းတို့ ဤနှစ်မျိုးတို့သည် မိုးကြိုးပစ်သော်လည်း မထိတ်လန့်ကုန်။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— အာသဝေါကုန်ခန်းပြီးသော ရဟန္တာလည်းကောင်း၊ သားများသနင်း ခြင်္သေ့မင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤနှစ်မျိုးတို့သည် မိုးကြိုးပစ်သော်လည်း မထိတ်လန့်ကြကုန်ဟု (မိန့်တော်မူ၏)။ (၈)

၆၁။ ရဟန်းတို့ အကျိုးထူး နှစ်မျိုးတို့ကို ကောင်းစွာ မြော်မြင်လျက် ကိန္နရာတို့သည် လူစကားကို မပြောဆိုကုန်။ အဘယ်နှစ်မျိုးတို့နည်းဟူမူ— မဟုတ်မမှန်သော စကားကို ငါတို့ မပြောမဆိုမိကြပါစေ ကုန်လင့်၊ သူတစ်ပါးကိုလည်း မဟုတ်မမှန်သော စကားဖြင့် ငါတို့ မစွပ်စွဲမိကြပါစေကုန်လင့်ဟူသည့်တို့တည်း။ ရဟန်းတို့ အကျိုးထူးနှစ်မျိုးတို့ကို ကောင်းစွာ မြော်မြင်လျက် ကိန္နရာတို့သည် လူစကားကို မပြောဆိုကုန်ဟု (မိန့်တော်မူ၏)။ (၉)

၆၂။ ရဟန်းတို့ တရားနှစ်မျိုးတို့၌ မရောင့်ရဲမူ၍ မငြီးငွေ့မူ၍ မာတုဂါမသည် သေရ၏။ အဘယ် နှစ်မျိုးတို့နည်းဟူမူ— မေထုန်မှီဝဲခြင်းလည်းကောင်း၊ သားဖွားခြင်းလည်းကောင်းတို့တည်း၊ ရဟန်းတို့ ဤတရားနှစ်မျိုးတို့၌ မရောင့်ရဲမူ၍ မငြီးငွေ့မူ၍ မာတုဂါမသည် သေရ၏ဟု (မိန့်တော်မူ၏)။ (၁ဝ)

၆၃။ သူယုတ်တို့၏ အတူတကွ နေထိုင်ခြင်းကိုလည်းကောင်း၊ သူတော်ကောင်းတို့၏ အတူတကွ နေထိုင်ခြင်းကိုလည်းကောင်း သင်တို့အား ဟောကြားပေအံ့၊ ထိုတရားကို နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောကြားပေအံ့ဟု (မိန့်တော်မူ၏)။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤတရားကို ဟော တော်မူ၏—

ရဟန်းတို့ သူယုတ်တို့၏ အတူတကွနေထိုင်ခြင်းသည် အဘယ်သို့ ဖြစ်သနည်း၊ အဘယ်သို့လျှင် သူယုတ်တို့သည် အတူတကွနေထိုင်ကုန်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ သီတင်းကြီးရဟန်းအား ဤသို့ အကြံဖြစ်၏— “သီတင်းကြီးရဟန်းသည်လည်း ငါ့ကို (ဆုံးမသွန်သင်သော စကားဖြင့်) မဆိုပါ စေလင့်၊ သီတင်းလတ်ရဟန်းသည်လည်း ငါ့ကို မဆိုပါစေလင့်၊ သီတင်းငယ်ရဟန်းသည်လည်း ငါ့ကို မဆိုပါစေလင့်။ ငါသည် သီတင်းကြီးရဟန်းကိုလည်း မဆိုအံ့၊ ငါသည် သီတင်းလတ်ရဟန်းကိုလည်း မဆိုအံ့၊ ငါသည် သီတင်းငယ်ရဟန်းကိုလည်း မဆိုအံ့။ သီတင်းကြီးရဟန်းသည်လည်း ငါ့ကို အကယ်၍ ဆိုငြားအံ့၊ (ဤသို့ ဆိုသည်ရှိသော်) အစီးအပွါးမဲ့ကို အလိုရှိသည်ဖြစ်၍ ငါ့ကို ဆိုရာ၏၊ အစီးအပွါးကို အလိုရှိသည်ဖြစ်၍ မဆိုရာ။ (ငါသည် သင်၏ စကားကို) မလိုက်နာအံ့ဟု ထိုရဟန်းကို ဆိုအံ့၊ (စကား မပြောဆိုခြင်းဖြင့်) ညှဉ်းဆဲအံ့၊ မှန်သည်ဟု သိမြင်သော်လည်း ထိုရဟန်း၏ (စကားကို) မလိုက်နာအံ့။ သီတင်းလတ်ရဟန်းသည်လည်း ငါ့ကို အကယ်၍ ဆိုငြားအံ့။ပ။ သီတင်းငယ်ရဟန်းသည်လည်း ငါ့ကို အကယ်၍ ဆိုငြားအံ့၊ (ဤသို့ ဆိုသည်ရှိသော်) အစီးအပွါးမဲ့ကို အလိုရှိသည်ဖြစ်၍ ငါ့ကို ဆိုရာ၏၊ အစီး အပွါးကို အလိုရှိသည်ဖြစ်၍ မဆိုရာ။ (ငါသည် သင်၏ စကားကို) မလိုက်နာအံ့ဟု ထိုရဟန်းကို ဆိုအံ့၊ (စကားမပြောဆိုခြင်းဖြင့်) ညှဉ်းဆဲအံ့၊ မှန်သည်ဟု သိမြင်သော်လည်း ထိုရဟန်း၏ (စကားကို) မလိုက် နာအံ့”ဟု (အကြံဖြစ်၏)။ သီတင်းလတ်ရဟန်းအားလည်း ဤသို့ အကြံဖြစ်၏။ပ။ သီတင်းငယ်ရဟန်း အားလည်း ဤသို့ အကြံဖြစ်၏— “သီတင်းကြီးရဟန်းသည်လည်း ငါ့ကို (ဆုံးမသွန်သင်သော စကားဖြင့်) မဆိုပါစေလင့်၊ သီတင်းလတ်ရဟန်းသည်လည်း ငါ့ကို မဆိုပါစေလင့်၊ သီတင်းငယ်ရဟန်းသည်လည်း ငါ့ကို မဆိုပါစေလင့်။ ငါသည် သီတင်းကြီးရဟန်းကိုလည်း မဆိုအံ့၊ ငါသည် သီတင်းလတ်ရဟန်းကိုလည်း မဆိုအံ့၊ ငါသည် သီတင်းငယ်ရဟန်းကိုလည်း မဆိုအံ့။ သီတင်းကြီးရဟန်းသည်လည်း ငါ့ကို အကယ်၍ ဆိုငြားအံ့၊ (ဤသို့ ဆိုသည်ရှိသော်) အစီးအပွါးမဲ့ကို အလိုရှိသည်ဖြစ်၍ ငါ့ကို ဆိုရာ၏၊ အစီးအပွါးကို အလိုရှိသည်ဖြစ်၍ မဆိုရာ။ (ငါသည် သင်၏ စကားကို) မလိုက်နာအံ့ဟု ထိုရဟန်းကို ဆိုအံ့၊ (စကား မပြောဆိုခြင်းဖြင့်) ညှဉ်းဆဲအံ့၊ မှန်သည်ဟု သိမြင်သော်လည်း ထိုရဟန်း၏ (စကားကို) မလိုက်နာအံ့။ သီတင်းလတ်ရဟန်းသည်လည်း ငါ့ကို အကယ်၍ ဆိုငြားအံ့။ပ။ သီတင်းငယ်ရဟန်းသည်လည်း ငါ့ကို အကယ်၍ ဆိုငြားအံ့၊ (ဤသို့ ဆိုသည်ရှိသော်) အစီးအပွါးမဲ့ကို အလိုရှိသည်ဖြစ်၍ ငါ့ကို ဆိုရာ၏၊ အစီးအပွါးကို အလိုရှိသည်ဖြစ်၍ မဆိုရာ၊ (ငါသည် သင်၏ စကားကို) မလိုက်နာအံ့ဟု ထိုရဟန်းကို ဆိုအံ့၊ (စကားမပြောဆိုခြင်းဖြင့်) ညှဉ်းဆဲအံ့၊ မှန်သည်ဟု သိမြင်သော်လည်း ထိုရဟန်း၏ (စကားကို) မလိုက်နာအံ့”ဟု အကြံဖြစ်၏။ ရဟန်းတို့ ဤသို့လျှင် သူယုတ်တို့၏အတူ တကွနေထိုင်ခြင်းသည် ဖြစ်၏၊ ဤသို့လျှင် သူယုတ်တို့သည် အတူတကွ နေထိုင်ကုန်၏။

ရဟန်းတို့ သူတော်ကောင်းတို့၏ အတူတကွ နေထိုင်ခြင်းသည် အဘယ်သို့ ဖြစ်သနည်း၊ အဘယ့်သို့လျှင် သူတော်ကောင်းတို့ အတူတကွ နေထိုင်ကုန်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ သီတင်း ကြီးရဟန်းအား ဤသို့ အကြံဖြစ်၏ “သီတင်းကြီးရဟန်းသည်လည်း ငါ့ကို (ဆုံးမသွန်သင်သော စကား ဖြင့်) ဆိုပါစေ၊ သီတင်းလတ်ရဟန်းသည်လည်း ငါ့ကို ဆိုပါစေ၊ သီတင်းငယ်ရဟန်းသည်လည်း ငါ့ကို ဆိုပါစေ။ ငါသည် သီတင်းကြီးရဟန်းကိုလည်း ဆိုအံ့၊ ငါသည် သီတင်းလတ်ရဟန်းကိုလည်း ဆိုအံ့၊ ငါသည် သီတင်းငယ်ရဟန်းကိုလည်း ဆိုအံ့။ သီတင်းကြီးရဟန်းသည်လည်း ငါ့ကို ဆိုငြားအံ့၊ (ဤသို့ဆိုသည်ရှိသော်) အစီးအပွါးကို အလိုရှိသည် ဖြစ်၍ ဆိုရာ၏၊ အစီးအပွါးမဲ့ကို အလိုရှိသည်ဖြစ်၍ မဆိုရာ။ ကောင်းပါပြီ လိုက်နာပါမည်ဟု ထိုရဟန်းကို ဆိုအံ့၊ (စကားမပြောဆိုခြင်းဖြင့်) ထိုရဟန်းကို မညှဉ်းဆဲအံ့၊ မှန်သည်ဟု သိမြင်သော် ထိုရဟန်း၏ စကားကို လိုက်နာအံ့။ သီတင်းလတ်ရဟန်းသည်လည်း ငါ့ကို ဆိုငြားအံ့။ပ။ သီတင်းငယ်ရဟန်းသည်လည်း ငါ့ကို ဆိုငြားအံ့၊ (ဤသို့ ဆိုသည်ရှိသော်) အစီးအပွါးကို အလိုရှိသည်ဖြစ်၍ ဆိုရာ၏၊ အစီးအပွါးမဲ့ကို အလိုရှိသည်ဖြစ်၍ မဆိုရာ။ ကောင်းပါပြီ လိုက်နာပါမည်ဟု ထိုရဟန်းကို ဆိုအံ့၊ (စကားမပြောဆိုခြင်းဖြင့်) ထိုရဟန်းကို မညှဉ်းဆဲအံ့၊ မှန်သည်ဟု သိမြင်သော် ထိုရဟန်း၏ စကားကို လိုက်နာအံ့”။ သီတင်းလတ်ရဟန်းအားလည်း ဤသို့ အကြံဖြစ်၏။ပ။ သီတင်း ငယ်ရဟန်းအားလည်း ဤသို့ အကြံဖြစ်၏ “သီတင်းကြီးရဟန်းသည်လည်း ငါ့ကို (ဆုံးမသွန် သင်သော စကားဖြင့်) ဆိုပါစေ၊ သီတင်းလတ်ရဟန်းသည်လည်း ငါ့ကို ဆိုပါစေ၊ သီတင်းငယ်ရဟန်းသည်လည်း ငါ့ကို ဆိုပါစေ။ ငါသည် သီတင်းကြီးရဟန်းကိုလည်း ဆိုအံ့၊ ငါသည် သီတင်းလတ်ရဟန်းကိုလည်း ဆိုအံ့၊ ငါသည် သီတင်းငယ်ရဟန်းကိုလည်း ဆိုအံ့။ သီတင်းကြီးရဟန်းသည်လည်း ငါ့ကို ဆိုငြားအံ့၊ (ဤသို့ ဆိုသည်ရှိသော်) အစီးအပွါးကို အလိုရှိသည်ဖြစ်၍ ဆိုရာ၏၊ အစီးအပွါးမဲ့ကို အလိုရှိသည်ဖြစ်၍ မဆိုရာ။ ကောင်းပါပြီဟု ထိုရဟန်းကို ဆိုအံ့၊ (စကားမပြောဆိုခြင်းဖြင့်) ထိုရဟန်းကို မညှဉ်းဆဲအံ့၊ မှန်သည်ဟု သိမြင်သော် ထိုရဟန်း၏ စကားကို လိုက်နာအံ့”။ ရဟန်းတို့ ဤသို့လျှင် သူတော်ကောင်းတို့၏ အတူ တကွ နေထိုင်ခြင်းသည် ဖြစ်၏၊ ဤသို့လျှင် သူတော်ကောင်းတို့သည် အတူတကွ နေထိုင်ကုန်၏ဟု (မိန့်တော်မူ၏)။ (၁၁)

၆၄။ ရဟန်းတို့ အကြင် အဓိကရုဏ်း၌ နှစ်ဦးနှစ်ဖက်တို့တွင် အပြန်အလှန် ဆဲရေးပုတ်ခတ်ခြင်း ‘ဝစီသံသာရ’သည်လည်းကောင်း၊ မိစ္ဆာဒိဋ္ဌိကို မှီ၍ဖြစ်သော အနိုင်အထက် ပြုလိုခြင်း ‘ဒိဋ္ဌိပဠာသ’သည်လည်းကောင်း၊ စိတ်ထိခိုက်ခြင်း ‘စေတောအာဃာတ’သည်လည်းကောင်း၊ မကျေနပ်ခြင်း ‘အပ္ပစ္စယ’သည်လည်းကောင်း၊ မနှစ်မြို့ခြင်း ‘အနဘိရဒ္ဓိ’သည်လည်းကောင်း မိမိ၏ စိတ် (မိမိပရိသတ်၏ စိတ်) ၌ မငြိမ်းအေး မပြေပျောက်သည် ဖြစ်အံ့၊ ရဟန်းတို့ ထို အဓိကရုဏ်း၌ ရှည်မြင့်စွာ တည်ခြင်းငှါ နှုတ်ဖြင့် ကြမ်းတမ်းစွာ ပြောဆိုခြင်းငှါ တုတ် လက်နက် စသည်ဖြင့် ရိုင်းပြစွာ ပြုမူခြင်းငှါ ဖြစ်လတ္တံ့၊ ရဟန်းတို့သည်လည်း ချမ်းသာစွာ မနေရကုန်လတ္တံ့ဟူသော အပြစ်ကို (မချွတ်ရလိမ့်မည်)ဟု မျှော်လင့်အပ်၏။ ရဟန်းတို့ အကြင် အဓိကရုဏ်း၌ကား နှစ်ဦးနှစ်ဖက်တို့တွင် အပြန်အလှန် ဆဲရေးပုတ်ခတ်ခြင်း ‘ဝစီ သံသာရ’သည်လည်းကောင်း၊ မိစ္ဆာဒိဋ္ဌိကို မှီ၍ဖြစ်သော အနိုင်အထက် ပြုလိုခြင်း ‘ဒိဋ္ဌိပဠာသ’သည်လည်းကောင်း၊ စိတ်ထိခိုက်ခြင်း ‘စေတောအာဃာတ’သည်လည်းကောင်း၊ မကျေနပ်ခြင်း ‘အပ္ပစ္စယ’သည်လည်းကောင်း၊ မနှစ်မြို့ခြင်း’အနဘိရဒ္ဓိ’သည်လည်းကောင်း မိမိ၏ စိတ် (မိမိပရိသတ်၏စိတ်) ၌ ငြိမ်းအေး ပြေပျောက်သည် ဖြစ်အံ့။ ရဟန်းတို့ ထို အဓိကရုဏ်း၌ ရှည်မြင့်စွာ တည်ခြင်းငှါ နှုတ်ဖြင့် ကြမ်းတမ်းစွာ ပြောဆိုခြင်းငှါ တုတ် လက်နက်စသည်ဖြင့် ရိုင်းပြစွာ ပြုမူခြင်းငှါ မဖြစ်လတ္တံ့၊ ရဟန်းတို့သည်လည်း ချမ်းသာစွာ နေရကုန်လတ္တံ့ဟူသော ဤအကျိုးကို (မချွတ်ရလိမ့်မည်)ဟု မျှော်လင့်အပ်၏ဟု (မိန့်တော်မူ၏)။ (၁၂)

ရှေးဦးစွာသော ပုဂ္ဂလဝဂ် ပြီး၏။