အင်္ဂုတ္တရနိကာယ်

၁-ဗာလဝဂ်

၁-ဘယသုတ်

၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု ခေါ်တော်မူ၏၊ ထိုရဟန်းတို့သည် “အသျှင်ဘုရား”ဟု မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏—

ရဟန်းတို့ ဖြစ်ပေါ်သမျှသော ကြောက်လန့်ခြင်း ဘေးအားလုံးတို့သည် သူမိုက်ကြောင့် ဖြစ်ပေါ်ကုန်၏၊ ပညာရှိကြောင့် မဖြစ်ပေါ်ကုန်။ ဖြစ်ပေါ်သမျှသော မငြိမ်သက်ခြင်း ‘ဥပဒ္ဒဝေါ’ အားလုံးတို့သည် သူမိုက်ကြောင့် ဖြစ်ပေါ်ကုန်၏၊ ပညာရှိကြောင့် မဖြစ်ပေါ်ကုန်။ ဖြစ်ပေါ်သမျှသော စိတ်ဆင်းရဲခြင်း ‘ဥပသဂ္ဂ’ အားလုံးတို့သည် သူမိုက်ကြောင့် ဖြစ်ပေါ်ကုန်၏၊ ပညာရှိကြောင့် မဖြစ်ပေါ်ကုန်။ ရဟန်းတို့ ကျူမိုး ကျူကာ အိမ်မှသော်လည်းကောင်း၊ မြက်မိုး မြက်ကာ အိမ်မှသော်လည်းကောင်း လောင်စွဲလွင့် ထွက်သော မီးသည် လေလုံကုန်သော အတွင်းအပြင် အင်္ဂတေလိမ်းကျံအပ်ကုန်သော စေ့စပ်သော တံခါး ဘောင် တံခါးရွက်ရှိကုန်သော လုံသော လေသာပြူတင်းရှိကုန်သော အထွတ်တပ်အပ်ကုန်သော အိမ်ကြီး အိမ်ကောင်းတို့ကိုလည်း လောင်ကျွမ်းသကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် ဖြစ်ပေါ်သမျှသော ကြောက်လန့်ခြင်း ဘေးအားလုံးတို့သည် သူမိုက်ကြောင့် ဖြစ်ပေါ်ကုန်၏၊ ပညာရှိကြောင့် မဖြစ်ပေါ်ကုန်။ ဖြစ်ပေါ်သမျှသော မငြိမ်သက်ခြင်း ‘ဥပဒ္ဒဝေါ’ အားလုံးတို့သည် သူမိုက်ကြောင့် ဖြစ်ပေါ်ကုန်၏၊ ပညာရှိကြောင့် မဖြစ်ပေါ်ကုန်။ ဖြစ်ပေါ်သမျှသော စိတ်ဆင်းရဲခြင်း ‘ဥပသဂ္ဂ’ အားလုံးတို့သည် သူမိုက်ကြောင့် ဖြစ်ပေါ်ကုန်၏၊ ပညာရှိကြောင့် မဖြစ်ပေါ်ကုန်။

ရဟန်းတို့ ဤသို့လျှင် သူမိုက်သည် ကြောက်လန့်ခြင်းဘေးနှင့် စပ်လျက် ရှိ၏၊ ပညာရှိသည် ကြောက်လန့်ခြင်းဘေးနှင့် စပ်လျက် မရှိ၊ သူမိုက်သည် မငြိမ်သက်ခြင်း’ဥပဒ္ဒဝေါ’ နှင့် စပ်လျက် ရှိ၏၊ ပညာရှိသည် မငြိမ်သက်ခြင်း’ဥပဒ္ဒဝေါ’ နှင့် စပ်လျက် မရှိ၊ သူမိုက်သည် စိတ်ဆင်းရဲခြင်း’ဥပသဂ္ဂ’ နှင့် စပ်လျက် ရှိ၏၊ ပညာရှိသည် စိတ်ဆင်းရဲခြင်း’ဥပသဂ္ဂ’ နှင့် စပ်လျက် မရှိ။ ရဟန်းတို့ ပညာရှိကြောင့် ကြောက်လန့်ခြင်း ဘေးဖြစ်ပေါ်ခြင်း မရှိ၊ ပညာရှိကြောင့် မငြိမ်သက်ခြင်း ‘ဥပဒ္ဒဝေါ’ ဖြစ်ပေါ်ခြင်း မရှိ၊ ပညာရှိကြောင့် စိတ်ဆင်းရဲခြင်း’ဥပသဂ္ဂ’ ဖြစ်ပေါ်ခြင်း မရှိ။ ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “သူမိုက်ဟု သိကြောင်းတရားသုံးမျိုးတို့ကို ရှောင်ကြဉ်၍ ပညာရှိဟု သိကြောင်းတရားသုံးမျိုးတို့ကို ဆောက်တည်၍ ကျင့်ကုန်အံ့”ဟု ကျင့်ရမည်။ ရဟန်းတို့ ဤသို့သာလျှင် သင်တို့ ကျင့်ရမည်ဟု (မိန့်တော်မူ၏)။

ပဌမသုတ်