အင်္ဂုတ္တရနိကာယ်

(၁ဝ) ၅-လောဏကပလ္လဝဂ်

၁ဝ-ပံသုဓောဝကသုတ်

၁ဝ၂။ ရဟန်းတို့ ရွှေအား ညစ်နွမ်းကြောင်း အကြမ်းစား မြေမှုန့် သဲနှင့် ကျောက်စရစ် အိုးခြမ်း တို့သည် ရှိကုန်၏၊ ထို အညစ်အကြေးကို မြေမှုန့်ဆေးသော ယောကျာ်းသည်လည်းကောင်း၊ မြေမှုန့်ဆေးသော ယောကျာ်း၏ တပည့်သည်လည်းကောင်း ကျင်ခွက်၌ လောင်း၍ ဆေး၏၊ အဖန်ဖန် ဆေး၏၊ ဖိနှိပ်၍ ဆေး၏။ ထို အညစ်အကြေးကို ပယ်ပြီး ကင်းအောင် ပြုပြီးသော် ရွှေအား ညစ်နွမ်းကြောင်း အလတ်စား ကျောက်စရစ်နုနှင့် သဲကြမ်းတို့သည် ရှိကုန်သေး၏၊ ထို အညစ်အကြေးကို မြေမှုန့်ဆေးသော ယောကျာ်းသည်လည်းကောင်း၊ မြေမှုန့်ဆေးသော ယောကျာ်း၏ တပည့်သည်လည်းကောင်း ဆေး၏၊ အဖန်ဖန် ဆေး၏၊ ဖိနှိပ်၍ ဆေး၏။ ထို အညစ်အကြေးကို ပယ်ပြီး ကင်းအောင် ပြုပြီးသော် ရွှေအား ညစ်နွမ်းကြောင်း အနုစားသဲနုနှင့် မြူမည်းတို့သည် ရှိကုန်သေး၏၊ ထို အညစ်အကြေးကို မြေမှုန့်ဆေးသော ယောကျာ်းသည်လည်းကောင်း၊ မြေမှုန့်ဆေးသော ယောကျာ်း၏ တပည့်သည်လည်းကောင်း ဆေး၏၊ အဖန်ဖန် ဆေး၏၊ ဖိနှိပ်၍ ဆေး၏။ ထို အညစ်အကြေးကို ပယ်ပြီး ကင်းစင်အောင် ပြုပြီး နောက်ကား ပကတိ ရွှေစစ်တို့သာ ကြွင်းကျန်ကုန်၏၊ ထို (ပကတိ) ရွှေစစ်ကို ရွှေပန်းထိမ်သည်သည်လည်းကောင်း၊ ရွှေပန်းထိမ်သည်၏ တပည့်သည်လည်းကောင်း မိုက်လုံ၌ ထည့်၍ မှုတ်၏၊ အဖန်ဖန် မှုတ်၏၊ ဖိ၍ မှုတ်၏၊ မှုတ်အပ်, အဖန်ဖန် မှုတ်အပ်, ဖိ၍ မှုတ်အပ်သော ထို ရွှေသည် အပြစ် မကင်း သေးသည် ဖြစ်၍ မနူးညံ့၊ (လက်ကောက် နားတောင်းစသည်) ပြုလုပ်၍ မဖြစ်သေး၊ ပြိုးပြိုးပြက်ပြက် အရောင်လည်း မထွက်၊ ကြွပ်ဆတ်သော သဘောလည်း ရှိ၏၊ အလုပ်ခွင်သို့ ကောင်းစွာ မရောက် နိုင်သေး။ ရဟန်းတို့ ရွှေပန်းထိမ်သည်သည်လည်းကောင်း၊ ရွှေပန်းထိမ်သည်၏ တပည့်သည်လည်းကောင်း ထို ရွှေကို မှုတ်၏၊ အဖန်ဖန် မှုတ်၏၊ ဖိ၍ မှုတ်၏၊ မှုတ်အပ်, အဖန်ဖန် မှုတ်အပ်, ဖိ၍ မှုတ်အပ်သော ထို ရွှေသည် အပြစ်ကင်းပြီးရကား နူးညံ့၏၊ (လက်ကောက် နားတောင်းစသည်) ပြုလုပ်၍ ဖြစ်၏၊ ပြိုးပြိုး ပြက်ပြက် အရောင်လည်း ထွက်၏၊ ကြွပ်ဆတ်သော သဘောလည်း မရှိ၊ အလုပ်ခွင်သို့ ကောင်းစွာ ရောက်နိုင်၏။ ထို အချိန်မျိုးသည် ရှိသည်သာတည်း။ ရွှေပြားဖြင့် ဖြစ်စေ နားတောင်းဖြင့် ဖြစ်စေ လည်ရွဲ တန်ဆာဖြင့် ဖြစ်စေ ရွှေပန်းခိုင်ဖြင့် ဖြစ်စေ တစ်စုံတစ်ခုသော တန်ဆာအထူးဖြင့် အလိုရှိခဲ့မူ ထိုသူ၏ ထို (အလိုရှိရာ) အကျိုးကိုလည်း ပြီးစေ၏။

ရဟန်းတို့ ဤအတူသာလျှင် လွန်မြတ်သော (သမထဝိပဿနာ) စိတ်ကို အဖန်ဖန် အားထုတ်သော ရဟန်းအား ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်ဟူသော ညစ်နွမ်းကြောင်း အကြမ်းစား ကိလေသာ တို့သည် ရှိကုန်၏၊ ထို ကိလေသာကို (သမထဝိပဿနာ) စိတ်နှင့် ပြည့်စုံသော ပညာရှိရဟန်းသည့်ပယ်စွန့်၏၊ ဖျောက်ဖျက်၏၊ ကင်းအောင် ပြု၏၊ တစ်ဖန် မဖြစ်ခြင်းသို့ ရောက်စေ၏။ ထို ကိလေသာကို ပယ်ပြီး ကင်းအောင် ပြုပြီးသော် လွန်မြတ်သော (သမထဝိပဿနာ) စိတ်ကို အဖန်ဖန် အားထုတ်သော ရဟန်းအား ကာမနှင့်စပ်သောအကြံ, ပျက်စီးစေလိုခြင်းနှင့်စပ်သောအကြံ, ညှဉ်းဆဲခြင်းနှင့်စပ်သော အကြံဟူသော ညစ်နွမ်းကြောင်း အလတ်စား ကိလေသာတို့သည် ရှိကုန်သေး၏၊ ထို ကိလေသာကို (သမထ ဝိပဿနာ) စိတ်နှင့် ပြည့်စုံသော ပညာရှိရဟန်းသည် ပယ်စွန့်၏၊ ဖျောက်ဖျက်၏၊ ကင်းအောင်ပြု၏၊ တစ်ဖန် မဖြစ်ခြင်းသို့ ရောက်စေ၏။ ထို ကိလေသာကို ပယ်ပြီး ကင်းအောင် ပြုပြီးသော် လွန်မြတ်သော (သမထဝိပဿနာ) စိတ်ကို အဖန်ဖန် အားထုတ်သော ရဟန်းအား ဆွေမျိုးနှင့် စပ်သော အကြံ, ဇနပုဒ်နှင့် စပ်သောအကြံ, မထီမဲ့မြင် မပြုစေလိုခြင်းနှင့်စပ်သော အကြံဟူသော ညစ်နွမ်းကြောင်း အနုစား ကိလေသာတို့သည် ရှိကုန်သေး၏၊ ထို ကိလေသာကို (သမထဝိပဿနာ) စိတ်နှင့် ပြည့်စုံသော ပညာရှိ ရဟန်းသည် ပယ်စွန့်၏၊ ဖျောက်ဖျက်၏၊ ကင်းအောင် ပြု၏၊ တစ်ဖန် မဖြစ်ခြင်းသို့ ရောက်စေ၏။ ထို ကိလေသာကို ပယ်ပြီး ကင်းအောင် ပြုပြီးနောက်၌ကားတရားနှင့်စပ်သော အကြံသည် ကြွင်းကျန် သေး၏၊ ထို သမာဓိသည် ငြိမ်သက်သည် မဟုတ်သေး၊ မွန်မြတ်သည်လည်း မဟုတ်သေး၊ (ကိလေသာ) ငြိမ်းအေးခြင်းဖြင့် ရအပ်သည်လည်း မဟုတ်သေး၊ စိတ်၏ တည်ကြည်ခြင်း ‘သမာဓိ’ပွါးများမှုကို ရသည်လည်း မဟုတ်သေး၊ လုံ့လ ‘ပယောဂ’ စိုက်ထုတ်ရခြင်းနှင့်တကွ (ကိလေသာတို့ကို) နှိပ်ကွပ်တားမြစ်၍ ဖြစ်ပေါ်လာရ၏။ ရဟန်းတို့ အကြင် အခါ၌ (ဝိပဿနာ) စိတ်သည် မိမိသန္တာန်၌သာလျှင် ကောင်းစွာ တည်၏၊ ကောင်းစွာထိုင်၏၊ စိတ်၏ တည်ကြည်ခြင်း ‘သမာဓိ’ ဖြစ်၏၊ ကောင်းစွာ (အာရုံ၌) တိမတ်ရပ် တည်နေ၏၊ ထို သမာဓိသည် ငြိမ်သက်၏၊ မွန်မြတ်၏၊ ကိလေသာငြိမ်းခြင်းဖြင့် ရ၏၊ စိတ်၏ (တည်ကြည်ခြင်း’သမာဓိ’) ပွါးများမှုကို ရ၏၊ လုံ့လ ‘ပယောဂ’ စိုက်ထုတ်ရခြင်းနှင့် တကွ (ကိလေသာ တို့ကို) နှိပ်ကွပ်တားမြစ်၍ ဖြစ်ပေါ်လာရသည် မဟုတ်တော့ချေ၊ ထိုအခါမျိုးသည် ရှိသည်သာတည်း။ ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုအပ်သည့် တစ်စုံတစ်ခုသော တရားကို ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုရန် စိတ်ကို ညွတ်စေ၏၊ (ရှေးဘဝအကြောင်းနှင့် ယခုဘဝ အဘိညာဉ်၏ အခြေခံ ဈာန် စသော) အကြောင်းရှိလတ်သော် ထို ထို အရာ၌ပင်လျှင် သက်သေထိုက်သည့် အဖြစ် (ဣဒ္ဓိဝိဓအဘိညာဉ် စသည်) သို့လည်း ရောက်၏။

“(ငါသည်) များပြားသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေလို၏၊ တစ်ယောက်တည်း ဖြစ်လျက်လည်း အများ ဖြစ်လို၏၊ အများဖြစ်လျက်လည်း တစ်ယောက်တည်း ဖြစ်လို၏၊ ကိုယ်ထင်ရှား ဖြစ်စေလို၏၊ ကိုယ်ပျောက်စေလို၏၊ နံရံတစ်ဖက် တံတိုင်းတစ်ဖက် တောင်တစ်ဖက်သို့ မထိမငြိဘဲ ကောင်းကင်၌ကဲ့သို့ သွားလို၏၊ မြေ၌လည်း ငုပ်ခြင်းပေါ်ခြင်းကို ရေ၌ကဲ့သို့ ပြုလုပ်လို၏၊ ရေ၌လည်း မကွဲစေဘဲ မြေ၌ကဲ့သို့ သွားလို၏၊ ကောင်းကင်၌လည်း ထက်ဝယ်ဖွဲ့ခွေလျက် အတောင်ရှိသော ငှက်ကဲ့သို့ ပျံလို၏၊ ဤသို့ တန်ခိုးအာနုဘော်ကြီးကုန်သော လနေတို့ကိုလည်း လက်ဖြင့် သုံးသပ်လို၏၊ ဆုပ်ကိုင်လို၏၊ ဗြဟ္မာ့ပြည် တိုင်အောင်လည်း ကိုယ်ကို (မိမိစိတ်) အလိုအတိုင်း ဖြစ်စေလို၏”ဟု ထိုသူသည် အကယ်၍ အလိုရှိခဲ့လျှင် (အခြေခံ) အကြောင်းရှိလတ်သော် ထို ထို အလိုရှိရာ၌ပင်လျှင် သက်သေထိုက်သည့် အဖြစ် (ဣဒ္ဓိဝိဓ အဘိညာဉ်) သို့ ရောက်၏။

“(ငါသည်) အထူးသဖြင့် စင်ကြယ်သော လူတို့၏ နားအကြားထက် သာလွန်သော နတ်နားနှင့် တူသော နား ‘ဒိဗ္ဗသောတ’ ဖြင့် နတ်၌လည်း ဖြစ်ကုန်သော လူ၌လည်း ဖြစ်ကုန်သော ဝေးသည်လည်း ဖြစ်ကုန်သော နီးသည်လည်း ဖြစ်ကုန်သော နှစ်မျိုးသော အသံတို့ကို ကြားလို၏”ဟု ထိုသူသည် အကယ်၍ အလိုရှိခဲ့လျှင် (အခြေခံ) အကြောင်းရှိလတ်သော် ထို ထို အလိုရှိရာ၌ပင်လျှင် သက်သေထိုက်သည့် အဖြစ် (ဒိဗ္ဗသောတအဘိညာဉ်) သို့ ရောက်၏။

“(ငါသည်) တစ်ပါးသောသတ္တဝါ တစ်ပါးသောပုဂ္ဂိုလ်တို့၏ စိတ်ကို (မိမိ) စိတ်ဖြင့် ပိုင်းခြား၍ သိလို၏၊ စွဲမက်ခြင်း ‘ရာဂ’နှင့် တကွသော စိတ်ကိုလည်း ‘စွဲမက်ခြင်းနှင့်တကွသော စိတ်’ဟု သိလို၏၊ စွဲမက်ခြင်းကင်းသော စိတ်ကိုလည်း ‘စွဲမက်ခြင်းကင်းသောစိတ်’ဟု သိလို၏၊ အမျက်ထွက်ခြင်း ‘ဒေါသ’ နှင့် တကွသော စိတ်ကိုလည်း ‘အမျက်ထွက်ခြင်းနှင့်တကွသော စိတ်’ဟု သိလို၏၊ အမျက်ထွက်ခြင်းကင်းသော စိတ်ကိုလည်း ‘အမျက်ထွက်ခြင်း ကင်းသော စိတ်’ဟု သိလို၏၊ တွေဝေခြင်း ‘မောဟ’ နှင့် တကွသော စိတ်ကိုလည်း ‘တွေဝေခြင်းနှင့်တကွသောစိတ်’ဟု သိလို၏၊ တွေဝေခြင်းကင်းသော စိတ်ကိုလည်း ‘တွေဝေခြင်းကင်းသော စိတ်’ဟု သိလို၏၊ ကြုံ့သောစိတ်ကိုလည်း ‘ကြုံ ့သောစိတ်’ဟု သိလို၏၊ ပျံ့သော စိတ်ကိုလည်း ‘ပျံ့သောစိတ်’ဟု သိလို၏၊ မဟဂ္ဂုတ်စိတ်ကိုလည်း ‘မဟဂ္ဂုတ်စိတ်’ဟု သိလို၏၊ မဟဂ္ဂုတ်မဟုတ်သော စိတ်ကိုလည်း ‘မဟဂ္ဂုတ်မဟုတ်သော စိတ်’ဟု သိလို၏၊ သာလွန်သော တရားရှိသော စိတ်ကိုလည်း ‘သာလွန်သော တရားရှိသောစိတ်’ဟု သိလို၏၊ သာလွန်သော တရားမရှိသော စိတ်ကိုလည်း ‘သာလွန်သော တရားမရှိသော စိတ်’ဟု သိလို၏၊ တည်ကြည်သော စိတ်ကိုလည်း ‘တည်ကြည် သောစိတ်’ဟု သိလို၏၊ မတည်ကြည်သော စိတ်ကိုလည်း ‘မတည်ကြည်သော စိတ်’ဟု သိလို၏၊ လွတ်မြောက်သော စိတ်ကိုလည်း ‘လွတ်မြောက်သော စိတ်’ဟု သိလို၏၊ မလွတ်မြောက်သော စိတ်ကိုလည်း ‘မလွတ်မြောက်သော စိတ်’ဟု သိလို၏”ဟု ထိုသူသည် အကယ်၍ အလိုရှိခဲ့လျှင် (အခြေခံ) အကြောင်းရှိလတ်သော် ထို ထို အလိုရှိရာ၌ပင်လျှင် သက်သေထိုက်သည့် အဖြစ် (ပရစိတ္တဝိဇာနနအဘိညာဉ်) သို့ ရောက်၏။

“(ငါသည်) များပြားသော ရှေး၌ဖြစ်ခဲ့ဖူးသည်ကို အောက်မေ့လို၏၊ ဤသည်ကား အဘယ်နည်း၊ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း၊ သုံးဘဝတို့ကိုလည်းကောင်း၊ လေးဘဝတို့ကိုလည်းကောင်း၊ ငါးဘဝတို့ကိုလည်းကောင်း၊ ဆယ်ဘဝတို့ကိုလည်းကောင်း၊ ဘဝနှစ်ဆယ်တို့ကိုလည်းကောင်း၊ ဘဝသုံးဆယ်တို့ကိုလည်းကောင်း၊ ဘဝလေးဆယ်တို့ကိုလည်းကောင်း၊ ဘဝငါးဆယ်တို့ကိုလည်းကောင်း၊ ဘဝတစ်ရာကိုလည်းကောင်း၊ ဘဝတစ်ထောင်ကိုလည်းကောင်း၊ ဘဝတစ်သိန်းကိုလည်းကောင်း၊ များပြားသော ပျက်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ဖြစ်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ပျက်ကပ် ဖြစ်ကပ်တို့ကိုလည်းကောင်း ‘ဤမည်သော ဘဝ၌ (ငါသည်) ဤသို့သော အမည် ဤသို့သော အနွယ် ဤသို့သောအဆင်း ဤသို့သော အစာ ဤသို့သော ချမ်းသာဆင်းရဲခံစားခြင်း ဤသို့သော အသက် အပိုင်းအခြား ရှိခဲ့၏၊ ထို ငါသည် ထို ဘဝမှ သေခဲ့၍ ဤမည်သော ဘဝ၌ ဖြစ်ခဲ့၏၊ ထို ဘဝ၌လည်း ဤသို့သောအမည် ဤသို့သော အနွယ် ဤသို့သော အဆင်း ဤသို့သော အစာ ဤသို့သော ချမ်းသာဆင်းရဲခံစားခြင်း ဤသို့သော အသက်အပိုင်းအခြား ရှိခဲ့၏၊ ထို (ငါသည်) ထို ဘဝမှ သေခဲ့၍ ဤဘဝ၌ ဖြစ်ခဲ့၏’ဟု ဤသို့ အခြင်းအရာနှင့်တကွ အဖြစ်သနစ်နှင့်တကွ များပြားသော ရှေး၌ ဖြစ်ဖူးသည်ကို အောက်မေ့လို၏”ဟု ထိုသူသည် အကယ်၍ အလိုရှိခဲ့လျှင် (အခြေခံ) အကြောင်းရှိလတ်သော် ထို ထို အလိုရှိရာ၌ပင်လျှင် သက်သေထိုက်သည့် အဖြစ် (ပုဗ္ဗေနိဝါသအဘိညာဉ်) သို့ ရောက်၏။

“(ငါသည်) အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့် တူသော မျက်စိ ‘ဒိဗ္ဗစက္ခု’ ဖြင့် သေဆဲ သတ္တဝါ ဖြစ်ဆဲ သတ္တဝါ ယုတ်သော သတ္တဝါ မြတ်သော သတ္တဝါ အဆင်းလှသော သတ္တဝါ အဆင်းမလှသော သတ္တဝါ ကောင်းသော လားရာရှိသော သတ္တဝါ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်လို၏၊ ‘အချင်းတို့ ဤသတ္တဝါတို့သည်ကား ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်တို့နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲကုန်၏၊ မှားသော အယူရှိကုန်၏၊ မှားသော အယူဖြင့် ပြုအပ်သော ကံရှိကုန်၏၊ ထို (သတ္တဝါ) တို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာ ငရဲသို့ ရောက်ကုန်၏။ အချင်းတို့ ဤသတ္တဝါတို့သည်ကား ကာယသုစရိုက် ဝစီသုစရိုက် မနောသုစရိုက်တို့နှင့်ပြည့်စုံကုန်၏၊ အရိယာတို့ကို မစွပ်စွဲကုန်၊ မှန်သော အယူရှိကုန်၏၊ မှန်သော အယူဖြင့် ပြုအပ်သော ကံရှိကုန်၏၊ ထို (သတ္တဝါ) တို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်သို့ ရောက် ကုန်၏’ဟု ကံအလျှောက်ဖြစ်သော သတ္တဝါတို့ကို သိ၏။ ဤသို့လျှင် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့်တူသော မျက်စိ ‘ဒိဗ္ဗစက္ခု’ ဖြင့် သေဆဲသတ္တဝါ ဖြစ်ဆဲ သတ္တဝါ ယုတ်သော သတ္တဝါ မြတ်သော သတ္တဝါ အဆင်းလှသော သတ္တဝါ အဆင်းမလှသော သတ္တဝါ ကောင်းသော လားရာရှိသော သတ္တဝါ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်လို၏၊ ကံအလျှောက်ဖြစ်သော သတ္တဝါတို့ကို သိလို၏”ဟု ထိုသူသည် အကယ်၍ အလိုရှိခဲ့လျှင် (အခြေခံ) အကြောင်းရှိလတ်သော် ထို ထို အလိုရှိရာ၌ပင်လျှင် သက်သေထိုက်သည့် အဖြစ် (ဒိဗ္ဗစက္ခုအဘိညာဉ်) သို့ ရောက်၏။

“(ငါသည်) အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါတရားကင်းသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်ပညာကို) ယခုဘဝ၌ပင်လျှင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုလျက် ရောက်၍ နေလို၏”ဟု ထိုသူသည် အကယ်၍ အလိုရှိခဲ့လျှင် (အခြေခံ) အကြောင်းရှိလတ်သော် ထို ထို အလိုရှိရာ၌ပင်လျှင် သက်သေထိုက်သည့် အဖြစ် (အရဟတ္တဖလသမာပတ်) သို့ ရောက်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။