အင်္ဂုတ္တရနိကာယ်

(၁ဝ) ၅-လောဏကပလ္လဝဂ်

၁၁-နိမိတ္တသုတ်

၁ဝ၃။ ရဟန်းတို့ လွန်မြတ်သော (သမထ ဝိပဿနာ) စိတ်ကို အဖန်ဖန် အားထုတ်သော ရဟန်းသည် အကြောင်းသုံးမျိုးတို့ကို ရံဖန်ရံခါ နှလုံးသွင်းအပ်ကုန်၏။ ရံဖန်ရံခါ သမာဓိဟူသော အကြောင်းကို နှလုံးသွင်းအပ်၏၊ ရံဖန်ရံခါ ဝီရိယဟူသော အကြောင်းကို နှလုံးသွင်းအပ်၏၊ ရံဖန်ရံခါ ဥပေက္ခာဟူသော အကြောင်းကို နှလုံးသွင်းအပ်၏။ ရဟန်းတို့ လွန်မြတ်သော (သမထ ဝိပဿနာ) စိတ်ကို အားထုတ်သော ရဟန်းသည် သမာဓိဟူသော အကြောင်းကိုသာလျှင် တစ်ဖက်သတ် နှလုံးသွင်းခဲ့မူ ထို (သမထ ဝိပဿနာ) စိတ်သည် ပျင်းရိရာသော အကြောင်းရှိ၏။ ရဟန်းတို့ လွန်မြတ်သော (သမထ ဝိပဿနာ) စိတ်ကို အားထုတ်သော ရဟန်းသည် အားထုတ်ခြင်း ‘ဝီရိယ’ဟူသော အကြောင်းကိုသာ လျှင် တစ်ဖက်သတ် နှလုံးသွင်းခဲ့မူ ထို (သမထ ဝိပဿနာ) စိတ်သည် ပျံ ့လွင့်ရာသော အကြောင်း ရှိ၏။ ရဟန်းတို့ လွန်မြတ်သော (သမထ ဝိပဿနာ) စိတ်ကို အားထုတ်သော ရဟန်းသည် ဥပေက္ခာဟူသော အကြောင်းကိုသာလျှင် တစ်ဖက်သတ် နှလုံးသွင်းခဲ့မူ ထို (သမထ ဝိပဿနာ) စိတ်သည် အာသဝေါတရားတို့ ကုန်ရန် ကောင်းစွာ မတည်ကြည်ရာသော အကြောင်းရှိ၏။ ရဟန်းတို့ လွန်မြတ်သော (သမထ ဝိပဿနာ) စိတ်ကို အားထုတ်သော ရဟန်းသည် ရံဖန်ရံခါ သမာဓိဟူသော အကြောင်းကို နှလုံးသွင်း၍၊ ရံဖန်ရံခါ ဝီရိယဟူသော အကြောင်းကို နှလုံးသွင်းပြီးလျှင်၊ ရံဖန်ရံခါ ဥပေက္ခာဟူသော အကြောင်းကို နှလုံးသွင်းသောအခါ စိတ်သည် နူးညံ့ခြင်းသည်လည်းကောင်း၊ ပြုရန်သင့်လျော်ခြင်းသည်လည်းကောင်း၊ ပြိုးပြိုးပြက်ပြက် အရောင်ထွက်ခြင်းသည်လည်းကောင်း ဖြစ်၏၊ ပျက်စီးခြင်းသဘောလည်း မရှိ၊ အာသဝေါတရားတို့ ကုန်ရန် ကောင်းစွာ တည်ကြည်၏။

ရဟန်းတို့ ဥပမာသော်ကား ရွှေပန်းထိမ်သည်သည်လည်းကောင်း၊ ရွှေပန်းထိမ်သည်၏ တပည့်သည်လည်းကောင်း (မီးကျီး) ဖိုကို ပြုစီရင်ပြီးလျှင် (မီးကျီး) ဖိုဝကို မီးတိုက်လျက် ညှပ်ဖြင့် ရွှေကို ယူ၍ (မီးကျီး) ဖိုဝ၌ (မိုက်လုံတွင်) ထည့်ထားပြီးလျှင် ရံဖန်ရံခါ မှုတ်၏၊ ရံဖန်ရံခါ ရေဖြင့် ဆွတ်ဖျန်းပေး၏၊ ရံဖန်ရံခါ လျစ်လျူရှု၏။ ရဟန်းတို့ ရွှေပန်းထိမ်သည်သည်လည်းကောင်း၊ ရွှေပန်းထိမ်သည်၏ တပည့်သည်လည်းကောင်း ထို ရွှေကို အစဉ်တစိုက် မှုတ်နေငြားအံ့၊ ထို ရွှေသည် ပူလောင်ရာသော အကြောင်း့ရှိ၏။ ရဟန်းတို့ ရွှေပန်းထိမ်သည်သည်လည်းကောင်း၊ ရွှေပန်းထိမ်သည်၏ တပည့်သည်လည်းကောင်း ထို ရွှေကို အစဉ်တစိုက် ရေဖြင့် ဆွတ်ဖျန်းနေငြားအံ့၊ ထို ရွှေသည် ငြိမ်းအေးရာသော အကြောင်း ရှိ၏။ ရဟန်းတို့ ရွှေပန်းထိမ်သည်သည်လည်းကောင်း၊ ရွှေပန်းထိမ်သည်၏ တပည့်သည်လည်းကောင်း ထို ရွှေကို အစဉ်တစိုက် လျစ်လျူရှုနေငြားအံ့၊ ထို ရွှေသည် ကောင်းစွာ ရင့်ကျက်ခြင်းသို့ မရောက်ရာသော အကြောင်းရှိ၏။ ရဟန်းတို့ ရွှေပန်းထိမ်သည်သည်လည်းကောင်း၊ ရွှေပန်းထိမ်သည်၏တပည့်သည်လည်းကောင်း ထို ရွှေကို ရံဖန်ရံခါ မှုတ်၍၊ ရံဖန်ရံခါ ရေဖြင့် ဆွတ်ဖျန်းပြီးလျှင်၊ ရံဖန်ရံခါ လျစ်လျူရှုသောအခါ ထို ရွှေသည် နူးညံ့ခြင်းသည်လည်းကောင်း၊ ပြုရန်သင့်လျော်ခြင်းသည်လည်းကောင်း၊ ပြိုးပြိုး ပြက်ပြက် အရောင်ထွက်ခြင်းသည်လည်းကောင်း ဖြစ်၏၊ ပျက်စီးခြင်းသဘောလည်း မရှိ၊ အလုပ်ခွင်သို့လည်းကောင်း စွာ ရောက်၏၊ ရွှေပြားဖြင့် ဖြစ်စေ နားတောင်းဖြင့် ဖြစ်စေ လည်ရွဲတန်ဆာဖြင့် ဖြစ်စေ ရွှေပန်းခိုင်ဖြင့် ဖြစ်စေ တစ်စုံတစ်ခုသော တန်ဆာအထူးဖြင့် အလိုရှိခဲ့မူ ထိုသူ၏ ထို (အလိုရှိရာ) အကျိုးကိုလည်း ပြီးစေ၏။

ရဟန်းတို့ ဤအတူသာလျှင် လွန်မြတ်သော (သမထဝိပဿနာ) စိတ်ကို အဖန်ဖန် အားထုတ်သော ရဟန်းသည် အကြောင်းသုံးမျိုးတို့ကို ရံဖန်ရံခါ နှလုံးသွင်းအပ်ကုန်၏။ ရံဖန်ရံခါ သမာဓိဟူသော အကြောင်းကို နှလုံးသွင်းအပ်၏၊ ရံဖန်ရံခါ ဝီရိယဟူသော အကြောင်းကို နှလုံးသွင်းအပ်၏၊ ရံဖန်ရံခါ ဥပေက္ခာဟူသော အကြောင်းကို နှလုံးသွင်းအပ်၏။ ရဟန်းတို့ လွန်မြတ်သော (သမထ ဝိပဿနာ) စိတ်ကို အားထုတ်သော ရဟန်းသည် တစ်ဖက်သတ် သမာဓိဟူသော အကြောင်းကိုသာလျှင် နှလုံးသွင်းခဲ့မူ ထို (သမထ ဝိပဿနာ) စိတ်သည် ပျင်းရိရာသော အကြောင်း ရှိ၏။ ရဟန်းတို့ လွန်မြတ်သော (သမထ ဝိပဿနာ) စိတ်ကို အားထုတ်သော ရဟန်းသည် တစ်ဖက်သတ် ဝီရိယဟူသော အကြောင်းကိုသာလျှင် နှလုံးသွင်းခဲ့မူ ထို (သမထဝိပဿနာ) စိတ်သည် ပျံ ့လွင့်ရာသော အကြောင်းရှိ၏။ ရဟန်းတို့ လွန်မြတ် သော (သမထဝိပဿနာ) စိတ်ကို အားထုတ်သော ရဟန်းသည် တစ်ဖက်သတ် ဥပေက္ခာဟူသော အကြောင်းကိုသာလျှင် နှလုံးသွင်းခဲ့မူ ထို (သမထ ဝိပဿနာ) စိတ်သည် အာသဝေါတရားတို့ ကုန်ရန် ကောင်းစွာ မတည်ကြည်ရာသော အကြောင်းရှိ၏။ ရဟန်းတို့ လွန်မြတ်သော (သမထဝိပဿနာ) စိတ်ကို အားထုတ်သော ရဟန်းသည် ရံဖန်ရံခါ သမာဓိဟူသော အကြောင်းကို နှလုံးသွင်း၍၊ ရံဖန်ရံခါ ဝီရိယဟူသော အကြောင်းကို နှလုံးသွင်းပြီးလျှင်၊ ရံဖန်ရံခါ ဥပေက္ခာဟူသော အကြောင်းကို နှလုံးသွင်းသောအခါ စိတ်သည် နူးညံ့ခြင်းသည်လည်းကောင်း၊ ပြုရန်သင့်လျော်ခြင်းသည်လည်းကောင်း၊ ပြိုးပြိုး ပြက်ပြက် အရောင်ထွက်ခြင်းသည်လည်းကောင်း ဖြစ်၏၊ ပျက်စီးခြင်းသဘောလည်း မရှိ၊ အာသဝေါတရား တို့ ကုန်ရန် ကောင်းစွာ တည်ကြည်၏။ ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုအပ်သော တစ်စုံတစ်ခုသော တရားကို ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုရန် စိတ်ကို ညွတ်စေ၏၊ (ရှေးဘဝအကြောင်းနှင့် ယခုဘဝ အဘိညာဉ်၏ အခြေခံ ဈာန်စသော) အကြောင်းရှိလတ်သော် ထို ထို အရာ၌ပင်လျှင် သက်သေ ထိုက်သည့်အဖြစ် (ဣဒ္ဓိဝိဓအဘိ ညာဉ်စသည်) သို့လည်း ရောက်၏။

“ငါသည် များပြားသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေလို၏။ပ။ [အဘိညာဉ် ခြောက်ပါးတို့ကို အကျယ်ချဲ့အပ်ကုန်၏။ ] အာသဝေါတရားတို့ ကုန်ခန်းခြင်းကြောင့်။ပ။ မျက်မှောက်ပြုလျက် နေလို၏”ဟု ထိုသူသည် အကယ်၍ အလိုရှိခဲ့လျှင် (အခြေခံ) အကြောင်းရှိလတ်သော် ထို ထို အလိုရှိရာ၌ပင်လျှင် သက်သေ ထိုက်သည့် အဖြစ် (ဣဒ္ဓိဝိဓအဘိညာဉ်စသည်) သို့ ရောက်၏ဟု (မိန့်တော်မူ၏)။

ဧကာဒသမသုတ်။

ငါးခုမြောက် လောဏကပလ္လဝဂ် ပြီး၏။

ဒုတိယ သုတ်ငါးဆယ် ပြီး၏။