အင်္ဂုတ္တရနိကာယ်

(၁၄) ၄-ယောဓာဇီဝဝဂ်

၅-ကေသကမ္ဗလသုတ်

၁၃၈။ ရဟန်းတို့ ချည်မျှင်ဖြင့် ရက်အပ်ကုန်သော အဝတ်ဟူသမျှတို့တွင် လူဆံချည်မျှင်ဖြင့် ရက်ထားသော ကမ္ဗလာကို (ထို အဝတ်တို့အောက်) အယုတ်ညံ့ဆုံး အဝတ်ဟု ဆိုထိုက်၏။ ရဟန်းတို့ လူဆံချည်မျှင်ဖြင့် ရက်ထားသော ကမ္ဗလာသည် အေးသောရာသီ၌ အလွန်အေး၏၊ ပူအိုက်သော ရာသီ၌ အလွန်ပူအိုက်၏၊ အဆင်းမလှ၊ အနံ့မကောင်း၊ ကြမ်းတမ်းသော အတွေ့အထိ ရှိ၏။ ရဟန်းတို့ ဤအတူ သာလျှင် များစွာကုန်သော သမဏဗြာဟ္မဏတို့၏ အယူဝါဒဟူသမျှတို့တွင် မက္ခလိဂေါသာလ၏ အယူဝါဒကို (ထို အယူဝါဒတို့အောက်) အယုတ်ညံ့ဆုံးဟူ၍ ဆိုထိုက်၏။

ရဟန်းတို့ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်း မက္ခလိဂေါသာလသည် “ကုသိုလ်ကံ အကုသိုလ်ကံ မရှိ၊ ကုသိုလ်ကံ အကုသိုလ်ကံကို ပြုခြင်းမရှိ၊ အားထုတ်အပ်သော ဝီရိယမရှိ”ဟု ဆိုလေ့ရှိ၏၊ ဤသို့ ယူလေ့ ရှိ၏။ ရဟန်းတို့ ရှေးလွန်လေပြီးသော ကာလ၌ ပွင့်တော်မူကြကုန်ပြီးသော ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ဘုရားရှင်တို့သည်လည်း ကုသိုလ်ကံ အကုသိုလ်ကံ ရှိ၏၊ ကုသိုလ်ကံ အကုသိုလ်ကံကို ပြုခြင်းရှိ၏၊ အားထုတ်အပ်သော ဝီရိယရှိ၏ဟု ဟောတော်မူခဲ့ကုန်ပြီ။ ရဟန်းတို့ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်း မက္ခလိဂေါသာလသည် ထို ပွင့်တော်မူကုန်ပြီးသော ဘုရားရှင်တို့ကိုလည်း “ကုသိုလ်ကံ အကုသိုလ်ကံသည် မရှိ၊ ကုသိုလ်ကံ အကုသိုလ်ကံကို ပြုခြင်းမရှိ၊ အားထုတ်အပ်သော ဝီရိယ မရှိ”ဟု တားမြစ်၏။ ရဟန်းတို့ လာလတ္တံ့သော ကာလ၌ ပွင့်တော်မူလတ္တံ့သော ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ဘုရားရှင်တို့သည်လည်း ကုသိုလ်ကံ အကုသိုလ်ကံ ရှိ၏၊ ကုသိုလ်ကံ အကုသိုလ်ကံကို ပြုခြင်းရှိ၏၊ အားထုတ်အပ်သော ဝီရိယရှိ၏ဟု ဟောတော်မူကုန်လတ္တံ့။ ရဟန်းတို့ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်း မက္ခလိဂေါသာလသည် ပွင့်တော်မူလတ္တံ့သော ဘုရားရှင်တို့ကိုလည်း “ကုသိုလ်ကံ အကုသိုလ်ကံသည် မရှိ၊ ကုသိုလ်ကံ အကုသိုလ်ကံကို ပြုခြင်း မရှိ၊ အားထုတ်အပ်သော ဝီရိယ မရှိ”ဟု တားမြစ်၏။ ရဟန်းတို့ ယခုအခါ၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ငါသည်လည်း ကုသိုလ်ကံ အကုသိုလ်ကံ ရှိ၏၊ ကုသိုလ်ကံ အကုသိုလ်ကံကို ပြုခြင်း ရှိ၏၊ အားထုတ်အပ် သော ဝီရိယရှိ၏ဟု ဟောတော်မူ၏။ ရဟန်းတို့ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်း မက္ခလိ ဂေါသာလသည် ငါ့ကိုလည်း “ကုသိုလ်ကံ အကုသိုလ်ကံသည် မရှိ၊ ကုသိုလ်ကံ အကုသိုလ်ကံကို ပြုခြင်း မရှိ၊ အားထုတ်အပ်သော ဝီရိယ မရှိ”ဟု တားမြစ်၏။

ရဟန်းတို့ မြစ်ဆုံမြစ်ဝ၌ ထောင်ထားသော မြှုံးသည် များစွာကုန်သော ငါးတို့၏ အစီးအပွါးမဲ့ရန် ဆင်းရဲရန် အကျိုးမရှိ ပျက်စီးရန် ဖြစ်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် လူထောင်မြှုံးကဲ့သို့ လောက၌ ဖြစ်ပေါ်လာသော (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်း မက္ခလိဂေါသာလသည် များစွာ သော သတ္တဝါတို့၏ အစီးအပွားမဲ့ရန် ဆင်းရဲရန် အကျိုးမရှိ ပျက်စီးရန် ဖြစ်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။