အင်္ဂုတ္တရနိကာယ်

(၁၄) ၄-ယောဓာဇီဝဝဂ်

၈-အဿခဠုင်္ကသုတ်

၁၄၁။ ရဟန်းတို့ မြင်းငယ်သုံးမျိုးတို့ကိုလည်းကောင်း၊ ယောကျာ်းငယ်သုံးမျိုးတို့ကိုလည်းကောင်း ဟောကြားအံ့၊ ထိုတရားကို နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောကြားပေအံ့ဟု မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဝန်ခံကြကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—

ရဟန်းတို့ မြင်းငယ် သုံးမျိုးတို့ဟူသည် အဘယ်တို့နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော မြင်းငယ်သည် လျင်မြန်ခြင်းနှင့်သာ ပြည့်စုံ၍ အဆင်းအလုံးအရပ်တို့နှင့် မပြည့်စုံ၊ ရဟန်းတို့ ဤလောက၌ အချို့သော မြင်းငယ်သည် လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ အဆင်းနှင့်လည်း ပြည့်စုံ၍ အလုံးအရပ်နှင့်ကား မပြည့်စုံ၊ ရဟန်းတို့ ဤလောက၌ အချို့သော မြင်းငယ်သည် လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ အဆင်းနှင့်လည်း ပြည့်စုံ အလုံးအရပ်နှင့်လည်း ပြည့်စုံ၏။ ရဟန်းတို့ မြင်းငယ်သုံးမျိုးတို့ဟူသည် ဤသည်တို့ ပင်တည်း။ ရဟန်းတို့ ယောကျာ်းငယ်သုံးမျိုးတို့ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ယောကျာ်းငယ်သည် လျင်မြန်ခြင်းနှင့်သာ ပြည့်စုံ၍ အဆင်းအလုံးအရပ်တို့နှင့် မပြည့်စုံ၊ ရဟန်းတို့ ဤလောက၌ အချို့သော ယောကျာ်းငယ်သည် လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ အဆင်းနှင့်လည်း ပြည့်စုံ၍ အလုံးအရပ်နှင့်ကား မပြည့်စုံ။ ရဟန်းတို့ ဤလောက၌ အချို့သော ယောကျာ်းငယ်သည် လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ အဆင်းနှင့်လည်း ပြည့်စုံ အလုံးအရပ်နှင့်လည်း ပြည့်စုံ၏။

ရဟန်းတို့ အဘယ်သို့လျှင် ယောကျာ်းငယ်သည် လျင်မြန်ခြင်းနှင့်သာ ပြည့်စုံ၍ အဆင်းအလုံး အရပ်တို့နှင့် မပြည့်စုံသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် “ဤကား ဆင်းရဲတည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ပ။ “ဤကား ဆင်းရဲချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်တည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ ဤသိခြင်းကို ထို ပုဂ္ဂိုလ်၏ (ဉာဏ်တည်းဟူသော) လျင်မြန်ခြင်းဟု ငါဆို၏၊ အချင်းချင်း ပိုင်းခြားအပ်သော ဓမ္မ၌လည်းကောင်း၊ အချင်းချင်း ပိုင်းခြားအပ်သော ဝိနယ၌လည်းကောင်း ပြဿနာကို မေးအပ်သော် တွန့်ဆုတ်၏၊ မဖြေဆိုနိုင်၊ ဤမဖြေဆိုနိုင်ခြင်းကို ထို ပုဂ္ဂိုလ်၏ (ဂုဏ်တည်းဟူသော) အဆင်းမရှိဟု ငါဆို၏။ သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ဖြစ်သော ဆေး အသုံးအဆောင်တို့ကို မရ၊ ဤပစ္စည်းလေးပါး မရခြင်းကို ထို ပုဂ္ဂိုလ်၏ အလုံးအရပ် မရှိဟု ငါဆို၏။ ရဟန်းတို့ ဤသို့လျှင် ယောကျာ်းငယ်သည် လျင်မြန်ခြင်းနှင့်သာ ပြည့်စုံ၍ အဆင်းအလုံးအရပ်တို့နှင့် မပြည့်စုံ။

ရဟန်းတို့ အဘယ်သို့လျှင် ယောကျာ်းငယ်သည် လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ အဆင်းနှင့်လည်း ပြည့်စုံ အလုံးအရပ်နှင့်ကား မပြည့်စုံသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် “ဤကား ဆင်းရဲတည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ပ။ “ဤကား ဆင်းရဲချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း့အကျင့်တည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ပ။ ဤသိခြင်းကို ထို ပုဂ္ဂိုလ်၏ (ဉာဏ်တည်းဟူသော) လျင်မြန်ခြင်းဟု ငါဆို၏၊ အချင်းချင်း ပိုင်းခြားအပ်သော ဓမ္မ၌လည်းကောင်း၊ အချင်းချင်း ပိုင်းခြားအပ် သော ဝိနယ၌လည်းကောင်း ပြဿနာကို မေးအပ်သော် ဖြေဆိုနိုင်၏၊ မတွန့်ဆုတ်။ ဤဖြေဆိုနိုင်ခြင်းကို ထို ပုဂ္ဂိုလ်၏ (ဂုဏ်တည်းဟူသော) အဆင်းဟု ငါဆို၏။ သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက် အပံ့ဖြစ်သော ဆေးအသုံးအဆောင်တို့ကိုကား မရ၊ ဤမရခြင်းကို ထို ပုဂ္ဂိုလ်၏ အလုံးအရပ် မရှိခြင်းဟု ငါဆို၏။ ရဟန်းတို့ ဤသို့လျှင် ယောကျာ်းငယ်သည် လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ အဆင်းနှင့်လည်း ပြည့်စုံ၍ အလုံးအရပ်နှင့်ကား မပြည့်စုံ။

ရဟန်းတို့ အဘယ်သို့လျှင် ယောကျာ်းငယ်သည် လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ အဆင်းနှင့်လည်း ပြည့်စုံ၍ အလုံးအရပ်နှင့်လည်း ပြည့်စုံသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် “ဤကား ဆင်းရဲတည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ပ။ “ဤကား ဆင်းရဲချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်တည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ ဤသိခြင်းကို ထို ပုဂ္ဂိုလ်၏ (ဉာဏ်တည်းဟူသော) လျင်မြန်ခြင်းဟု ငါဆို၏၊ အချင်းချင်း ပိုင်းခြားအပ်သော ဓမ္မ၌လည်းကောင်း၊ အချင်းချင်း ပိုင်းခြားအပ်သော ဝိနယ၌လည်းကောင်း ပြဿနာကို မေးအပ်သော် ဖြေဆိုနိုင်၏၊ မတွန့်ဆုတ်၊ ဤဖြေဆိုနိုင်ခြင်းကို ထို ပုဂ္ဂိုလ်၏ (ဂုဏ်တည်းဟူသော) အဆင်းဟု ငါဆို၏။ သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ဖြစ်သော ဆေးအသုံးအဆောင်တို့ကို ရ၏၊ ဤရခြင်းကို ထို ပုဂ္ဂိုလ်၏ အလုံးအရပ်ဟု ငါဆို၏။ ရဟန်းတို့ ဤသို့လျှင် ယောကျာ်းငယ်သည် လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ၏ အဆင်းနှင့်လည်း ပြည့်စုံ၏ အလုံးအရပ်နှင့်လည်း ပြည့်စုံ၏၊ ရဟန်းတို့ ယောကျာ်းငယ်သုံးမျိုးတို့ဟူသည် ဤသည်တို့ပင်တည်းဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။