အင်္ဂုတ္တရနိကာယ်

(၁၄) ၄-ယောဓာဇီဝဝဂ်

၉-အဿပရဿသုတ်

၁၄၂။ ရဟန်းတို့ (မြင်းတို့၌) လွန်ကဲသော မြင်းသုံးမျိုးတို့ကိုလည်းကောင်း၊ (လူတို့၌) လွန်ကဲသော ယောကျာ်းသုံးမျိုးတို့ကိုလည်းကောင်း ဟောကြားအံ့၊ ထိုတရားကို နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောကြားပေအံ့ဟု မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—

(မြင်းတို့၌) လွန်ကဲသော မြင်းသုံးမျိုးတို့ဟူသည် အဘယ်တို့နည်းဟူမူ— ရဟန်းတို့ ဤလောက၌ (မြင်းတို့၌) လွန်ကဲသော မြင်းအချို့သည် လျင်မြန်ခြင်းနှင့်သာ ပြည့်စုံ၍ အဆင်းအလုံးအရပ်နှင့် မပြည့်စုံ၊ ရဟန်းတို့ ဤလောက၌ (မြင်းတို့၌) လွန်ကဲသော မြင်းအချို့သည် လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ အဆင်းနှင့်လည်း ပြည့်စုံ၍ အလုံးအရပ်နှင့်ကား မပြည့်စုံ၊ ရဟန်းတို့ ဤလောက၌ (မြင်းတို့၌) လွန်ကဲ သော မြင်းအချို့သည် လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ အဆင်းနှင့်လည်း ပြည့်စုံ အလုံးအရပ်နှင့်လည်း ပြည့်စုံ၏။ ရဟန်းတို့ (မြင်းတို့၌) လွန်ကဲသော မြင်း သုံးမျိုးတို့ဟူသည် ဤသည်တို့တည်း။

ရဟန်းတို့ (လူတို့၌) လွန်ကဲသော ယောကျာ်းသုံးမျိုးတို့ဟူသည် အဘယ်တို့နည်းဟူမူ— ရဟန်းတို့ ဤလောကဝယ် (လူတို့၌) လွန်ကဲသော ယောကျာ်းသည် လျင်မြန်ခြင်းနှင့်သာ ပြည့်စုံ၍ အဆင်းအလုံး အရပ်တို့နှင့် မပြည့်စုံ၊ ရဟန်းတို့ ဤလောကဝယ် (လူတို့၌) လွန်ကဲသော ယောကျာ်းသည် လျင်မြန်ခြင်း နှင့်လည်း ပြည့်စုံ အဆင်းနှင့်လည်း ပြည့်စုံ၍ အလုံးအရပ်နှင့်ကား မပြည့်စုံ၊ ရဟန်းတို့ ဤလောကဝယ် (လူတို့၌) လွန်ကဲသော ယောကျာ်းသည် လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ အဆင်းနှင့်လည်း ပြည့်စုံ အလုံး အရပ်နှင့်လည်း ပြည့်စုံ၏။ ရဟန်းတို့ အဘယ်သို့လျှင် (လူတို့၌) လွန်ကဲသော ယောကျာ်းသည့်လျင်မြန်ခြင်းနှင့် ပြည့်စုံ၍ အဆင်းနှင့် မပြည့်စုံ အလုံးအရပ်နှင့် မပြည်စုံသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အောက် (ကာမဘုံ) ၌ (ပဋိသန္ဓေနေခြင်း) အဖို့ရှိသည့် ငါးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် ဗြဟ္မာ့ဘုံ၌ ဥပပါတ် ပဋိသန္ဓေ နေ၍ ထို ဘုံ၌ သာလျှင် ပရိနိဗ္ဗာန် ပြုရ၏၊ ထို ဗြဟ္မာ့ဘုံမှ ပြန်လည်ခြင်းသဘော မရှိ၊ ဤသည်ကို ထို ပုဂ္ဂိုလ်၏ လျင်မြန်ခြင်းဟု ငါ ဆို၏။ အချင်းချင်း ပိုင်းခြားအပ်သော ဓမ္မ၌လည်းကောင်း၊ အချင်းချင်း ပိုင်းခြားအပ်သော ဝိနယ၌လည်းကောင်း ပြဿနာကို မေးအပ်သော် တွန့်ဆုတ်၏၊ မဖြေဆိုနိုင်၊ ဤသည်ကို ထို ပုဂ္ဂိုလ်၏ (ဂုဏ်တည်းဟူသော) အဆင်း မရှိခြင်းဟု ငါ ဆို၏။ သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဖြစ်သော ဆေးအသုံးအဆောင်တို့ကို မရ၊ ဤသည်ကို ထို ပုဂ္ဂိုလ်၏ အလုံးအရပ် မရှိခြင်းဟု ငါ ဆို၏။ ရဟန်းတို့ ဤသို့လျှင် (လူတို့ ၌) လွန်ကဲသော ယောကျာ်းသည် လျင်မြန်ခြင်းနှင့်သာ ပြည့်စုံ၍ အဆင်းနှင့် မပြည့်စုံ၊ အလုံးအရပ်နှင့် မပြည့်စုံပေ။

ရဟန်းတို့ အဘယ်သို့လျှင် (လူတို့၌) လွန်ကဲသော ယောကျာ်းသည် လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ အဆင်းနှင့်လည်း ပြည့်စုံ၍ အလုံးအရပ်နှင့်ကား မပြည့်စုံသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အောက် (ကာမဘုံ) ၌ (ပဋိသန္ဓေနေခြင်း) အဖို့ရှိသည့် ငါးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် ဗြဟ္မာ့ဘုံ၌ ဥပပါတ် ပဋိသန္ဓေနေ၍ ထို ဘုံ၌သာလျှင် ပရိနိဗ္ဗာန် ပြုရ၏၊ ထို ဗြဟ္မာ့ဘုံမှ ပြန်လည်ခြင်းသဘော မရှိ၊ ဤသည်ကို ထို ပုဂ္ဂိုလ်၏ လျင်မြန်ခြင်းဟု ငါ ဆို၏၊ အချင်းချင်း ပိုင်းခြားအပ်သော ဓမ္မ၌လည်းကောင်း၊ အချင်းချင်း ပိုင်းခြားအပ်သော ဝိနယ၌လည်းကောင်း ပြဿနာကို မေးအပ်သော် ဖြေဆိုနိုင်၏၊ မတွန့်ဆုတ်၊ ဤသည်ကို ထို ပုဂ္ဂိုလ်၏ အဆင်းဟု ငါဆို၏၊ သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ဖြစ်သော ဆေးအသုံးအဆောင်တို့ကို မရ၊ ဤသည်ကို ထို ပုဂ္ဂိုလ်၏ အလုံးအရပ် မရှိခြင်းဟု ငါ ဆို၏၊ ရဟန်းတို့ ဤသို့လျှင် (လူတို့၌) လွန်ကဲသော ယောကျာ်းသည် လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ အဆင်းနှင့်လည်း ပြည့်စုံ၍ အလုံးအရပ်နှင့်ကား မပြည့်စုံပေ။ ရဟန်းတို့ အဘယ်သို့လျှင် (လူတို့၌) လွန်ကဲသော ယောကျာ်းသည် လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ အဆင်းနှင့်လည်း ပြည့်စုံ အလုံးအရပ်နှင့်လည်း ပြည့်စုံသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ အချို့သော (လူတို့၌) လွန်ကဲသော ယောကျာ်းသည် အောက် (ကာမဘုံ) ၌ (ပဋိသန္ဓေနေခြင်း) အဖို့ရှိသည့် ငါးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’တို့၏ အကြွင်းမဲ့ ကုန်ခြင်းကြောင့် ဗြဟ္မာ့ဘုံ၌ ဥပပါတ်ပဋိသန္ဓေ နေ၍ ထို ဘုံ၌သာလျှင် ပရိနိဗ္ဗာန် ပြုရ၏၊ ထို ဗြဟ္မာ့ဘုံမှ ပြန်လည်ခြင်းသဘော မရှိ၊ ဤသည်ကို ထို ပုဂ္ဂိုလ်၏ လျင်မြန်ခြင်းဟု ငါဆို၏၊ အချင်းချင်း ပိုင်းခြားအပ်သော ဓမ္မ၌လည်းကောင်း၊ အချင်းချင်း ပိုင်းခြားအပ်သော ဝိနယ၌လည်းကောင်း ပြဿနာကို မေးအပ်သော် ဖြေဆိုနိုင်၏၊ မတွန့်ဆုတ်၊ ဤသည် ကို ထို ပုဂ္ဂိုလ်၏ အဆင်းဟု ငါဆို၏၊ သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ဖြစ်သော ဆေး အသုံးအဆောင်တို့ကို ရ၏၊ ဤသည်ကို ထို ပုဂ္ဂိုလ်၏ အလုံး အရပ်ဟု ငါဆို၏။ ရဟန်းတို့ ဤသို့လျှင် (လူတို့၌) လွန်ကဲသော ယောကျာ်းသည် လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ၏၊ အဆင်းနှင့်လည်း ပြည့်စုံ၏၊ အလုံးအရပ်နှင့်လည်း ပြည့်စုံ၏။ ရဟန်းတို့ (လူတို့၌) လွန်ကဲသော ယောကျာ်းသုံးမျိုးတို့သည် ဤသည်တို့ပင်တည်းဟု (မိန့်တော်မူ၏)။

နဝမသုတ်။